သတင်း

မိုးမိတ်တွင် တပ်မ(၉၉) လူသတ်၊ အဓမ္မပြုကျင့်၊ မီးရှို့မှုများကျူးလွန်ဟု ရှမ်းလူ့အခွင့်အရေးအဖွဲ့ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တွင် တပ်မ(၉၉) ဟုခေါ်သည့် အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ်မှ စစ်ကောင်စီတပ်သားများသည် အရပ်သားများကို တရားဥပဒေမဲ့သတ်ဖြတ်ခြင်း၊ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ကျူးလွန်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့(ဖေဖော်ဝါရီ ၂၇)က အစီရင်ခံစာထုတ်ပြန်ကာ စွပ်စွဲလိုက်သည်။

၂၀၂၄ ဇန်နဝါရီလ ၁ရက်မှ ဖေဖော်ဝါရီလ ၂ရက်နေ့အထိ မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့သည်၊ ၎င်းတို့အနက် ၁၇ ဦးမှာ တပ်မ(၉၉) လက်အောက်ခံ စစ်သားများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ဟု ၁၉၉၀ ကတည်းက စတင်ဖွဲ့စည်းခဲ့သည့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မိတ္ထီလာမြို့ အခြေစိုက် တပ်မ(၉၉)သည် အဆိုပါလူ့အခွင့်အရေး ချိုးဖောက်မှုများကို မိုးမိတ်မြို့ကို သိမ်းယူရန်ကြိုးစားသည့် တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကို တန်ပြန်သည့်စစ်ဆင်ရေးအတွင်း ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာကဆိုသည်။“တပ်မ(၉၉) တပ်သားများသည်ရွာသားများကို ၎င်းတို့၏ နေအိမ်၌ သော်လည်းကောင်း၊ တောထဲ၌သော်လည်းကောင်း ပစ်သတ်ခဲ့ပြီး အချို့ရုပ်အလောင်းများသည် မီးရှို့ခြင်းခံထားရကာ ဆယ်ကျော်သက်နှစ်ဦးမှာ ဦးခေါင်းဖြတ်ခံခဲ့ရသည်” ဟု ယင်းအစီရင်ခံစာတွင် ရေးသားထားသည်။

အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု ၃ မှုနှင့် အရပ်သားများ၏နေအိမ် ၁၅၀ ခန့်ကျော်ကို မီးရှို့ဖျက်ဆီးမှုများတွင်လည်း တပ်မ(၉၉) ကတာဝန်ရှိကြောင်းလည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဆိုသည်။

ထိုစာရင်းများမှာ ၎င်းတို့ကောက်ယူထားနိုင်သည့် စာရင်းများဖြစ်ပြီး မြေပြင်တွင် အရပ်သားများအပေါ်စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများက ထိုစာရင်းများထက်ပိုနိုင်ကြောင်းလည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ယိင်းလျန်းဟန်က ပြောသည်။ဇန်နဝါရီ ၁၉ မှ ဖေဖော်ဝါရီ ၂ ရက်အတွင်း တပ်မ ၉၉ ၏ စစ်သားများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသူ ၁၇ ဦးတွင် အမျိုးသားအများစုပါဝင်ပြီး ၎င်းတို့သည် စစ်ပွဲဖြစ်ချိန်တွင် နေအိမ်များကို စောင့်ရှောက်ရန် ကျန်ခဲ့သည့်ရွာသားများ ဖြစ်ကြောင်းလည်း ယိင်းလျန်းဟန်က ပြောသည်။ သတ်ဖြတ်ခံရသူတို့၏ ရုပ်အလောင်းများတွင် ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြတ်တောက်ခံထားရသည်ကိုလည်း တွေ့ရသည်ဟု ဆိုသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်

“စစ်ကောင်စီက သူတို့စစ်ရှုံးနေတာကို လူထုအပေါ်မဲချတာလို့ထင်ပါတယ်”ဟု ယိင်းလျန်းဟန်က မှတ်ချက်ပြုသည်။

လူဦးရေ ခြောက်သောင်းခွဲခန့်နေထိုင်သည့် မိုးမိတ်ခရိုင်၏မြို့တော် မိုးမိတ်ရှိ စစ်ကောင်စီ တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပါဝင်သည့် ပူးပေါင်းတပ်များက ဇန်နဝါရီ ၁၈ နံနက်ပိုင်းမှစတင်ကာ ထိုးစစ်ဆင်ခဲ့သည်။

မိုးမိတ်မြို့နယ်တွင်း စစ်စခန်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဖေဖော်ဝါရီလဆန်းပိုင်းတွင် မြို့တွင်းမှ တပ်များပြန်လည်ဆုတ်ခွာသွားသည်၊ ထို့နောက် စစ်ကောင်စီတပ်များ ပြန်လည်ဝင်ရောက်လာပြီးနောက် မြို့ကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။မိုးမိတ်မြို့ခံအများစုမှ မြို့မှထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပြီး၊ မြို့သို့ပြန်လာသူအနည်းငယ်သာ ရှိသေးကြောင်း လူမှုကွန်ယက်တွင်ဖြန့်ဝေထားသည့် ဒေသခံတို့၏ ပြောဆိုချက်များအရ သိရသည်။

Show More

Related Articles

Back to top button