တအာင်းတပ်မတော် TNLA ဆုတ်ခွာသွားမည့် မိုးကုတ်မြို့ကို ဆက်လက် ကာကွယ်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံတပ်များက ထုတ်ပြန်ကြေညာကြသည်။
တရုတ်ကိုယ်စားလှယ်၏ကြားဝင်ညှိနှိုင်းမှုဖြင့် သတ်မှတ်ကာလအတွင်း မိုးကုတ်၊ မိုးမိတ်မြို့များမှ ပြန်လည်ဆုတ်ခွာရန် စစ်ကော်မရှင်နှင့်သဘောတူခဲ့သလို အောက်တိုဘာ(၂၉)ရက်ည(၁၂)နာရီမှစ၍ အပြန်အလှန်အပစ်အခတ်ရပ်ကြရန် လက်မှတ်ထိုးခဲ့ကြောင်း ထိုနေ့တွင်ပင် TNLA က ကြေညာခဲ့သည်။
၁၀၂၇စစ်ဆင်ရေးဒုတိယပိုင်းအတွင်း TNLA နှင့် မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းယူခဲ့သည့် မန္တလေးတိုင်း မိုးကုတ်နှင့် ရှမ်းပြည်နယ် မိုးမိတ်တို့ကို အာဏာသိမ်းတပ် ပြန်ဝင်လာမည်ကို ဒေသခံများက စိတ်ပူနေကြသည်ဟု မိုးကုတ်မြို့မှ အမျိုးသားတစ်ဦးက ပြောသည်။
“ပြောမပြတတ်အောင် စိတ်ထိခိုက်တယ်။ မိုးကုတ်ဆိုတာ တစ်မြို့လုံး ညီခဲ့တဲ့မြို့၊ တစ်မြို့လုံးက တော်လှန်ရေးစိတ်ပြင်းထန်ခဲ့ကြတာ။ အသက်သွေးချွေးတွေ ပေးဆပ်ပြီးမှ ရခဲ့တဲ့အောင်မြင်မှုကို ကျွန်တော်တို့လည်း အင်မတန်နှမြောတယ်” ဟု မြို့ခံအမျိုးသားကဆိုသည်။
“စိုးရိမ်မှုကတော့ ရှိကြတယ်။ အဓိကလေကြောင်းပေါ့၊ လေကြောင်းရန်ကြောက်နေရတဲ့မြို့မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာရင် လေကြောင်းကတော့ အပြင်းအထန်ခံရမှာ။ ဒါ့ကြောင့် မြို့ကို စွန့်ခွာနေကြတာတွေလည်း များပါတယ်။ အခြေအနေတွေကတော့ ဘာဖြစ်လာမယ်မသိဘူးဗျာ”
မိုးကုတ်သည် မကြာခဏဆိုသလိုလေကြောင်းတိုက်ခိုက်ခံနေရပြီး လူအစုလိုက်အပြုံလိုက်သေဆုံးသည့်ဖြစ်စဉ်များစွာထဲတွင် ကလေးများ သေဆုံးမှုလည်း ပါဝင်သည်။
မိုးကုတ်အနောက်ပိုင်းမှ ဒေသခံအမျိုးသမီးတစ်ဦးကလည်း မြို့ကိုစွန့်ခွာရန် ပြင်ဆင်နေရသည်ဟုဆိုသည်။
“ရှောင်ဖို့လည်း လမ်းပန်းတွေကလည်း ခက်ခဲတယ်။ တခြားမြို့မှာသွားခိုလှုံဖို့ကလည်း စားဝတ်နေရေးခက်ခဲတယ်။ ဒါပေမယ့် (အဲဒါတွေက) အသက်ထက်တော့ အရေးမကြီးလို့ ရှောင်ဖို့ပဲပြင်ဆင်နေပါတယ်”ဟု ထိုအမျိုးသမီးက ပြောဆိုသည်။
အာဏာသိမ်းတပ် ပြန်လည်သိမ်းယူခဲ့သည့် လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့်မြို့များတွင် အရပ်သားများကို ရန်ပြုလေ့ရှိသည်၊ အထူးသဖြင့် တော်လှန်ရေးထောက်ခံအားပေးသူတို့ကို ဖမ်းဆီးသည့်အပြင် နေအိမ်များကိုလည်း ချိတ်ပိတ်တတ်သည်။

မိုးကုတ်တွင်လည်း အလားတူရန်ပြုမှုမျိုး ဖြစ်လာမည်ကို မြို့ခံအများအပြားက စိုးရိမ်ပူပန်နေကြသည်ဟု အထက်ပါအမျိုးသမီးကဆက်ပြောသည်။
မိုးကုတ်မြို့မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ၎င်းတို့တပ်ဖွဲ့အနေဖြင့် TNLAတပ်များ ဆုတ်ခွာသွားသည့်တိုင် မိုးကုတ်မြို့တွင် ဆက်ရှိနေမည်ဟုဆိုသည်။
“ကျွန်တော်တို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အသက်နဲ့ရင်းပြီး အစွမ်းကုန်ကာကွယ်သွားမှာပါ။ လွယ်လွယ်နဲ့တော့ လက်မလွှတ်ပါဘူး”ဟု ၎င်းက Myanmar Now ကို ပြောသည်။
“နွေဦးတော်လှန်ရေးမှာ TNLA တိုက်ပွဲဝင်ခဲ့တာတွေကိုလည်း လေးစားအသိအမှတ်ပြုပါတယ်။ ဒီဟာကလည်းတော်လှန်ရေးရဲ့အဆုံးသတ် မဟုတ်ပါဘူး။ TNLA ကလည်းတော်လှန်ရေးကို စွန့်ခွာသွားမှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်”
မကြာမီကာလ၌ တိုက်ပွဲဖြစ်လာနိုင်သည့်အတွက် မိုးကုတ်မြို့ခံများ လေကြောင်းရန်အထူးဂရုစိုက်သင့်သည်ဟု ၎င်းက ဆိုသည်။
ရှမ်းပြည်မြောက်ပိုင်း အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည် တရုတ်၏ ခြိမ်းခြောက် အကြပ်ကိုင်မှုကို အဆက်မပြတ် ရင်ဆိုင်ရလေ့ရှိသည်။ ပိတ်ဆို့ ကန့်သတ်ခြင်းကြောင့်လည်း ထိုတပ်ဖွဲ့များထိန်းချုပ်သည့်ဒေသရှိပြည်သူများ အခက်တွေ့ရတတ်သည်။
အခြားတစ်ဘက်တွင်မူ တရုတ်က အာဏာသိမ်းတပ်၏ လုပ်ရပ်များကို ထောက်ခံအားပေးလျက် ရှိသည်။ စစ်လက်နက်ပစ္စည်းများ ရောင်းချပေးခြင်း၊ စစ်ခေါင်းဆောင်များကို တရုတ်သို့ ဖိတ်ခေါ်ခြင်း၊ နိုင်ငံတကာတွင် အကာအကွယ်ပေးခြင်းတို့မှာ သိသာထင်ရှားသည့် ထောက်ခံမှုများဖြစ်သည်။
တရုတ်ဖိအားကြောင့် ကိုးကပ်တပ်ဖွဲ့က လားရှိုးမြို့တွင်းမှ ဆုတ်ခွာသွားရပြီး အာဏာသိမ်းတပ် လားရှိုးမြို့ပေါ်ရပ်ကွက်များထဲ ဝင်ရောက်နိုင်ရန် လမ်းဖွင့်ပေးခဲ့ရသည်။
ယခု TNLA အလှည့်တွင် မိုးမိတ်၊ မိုးကုတ်တို့မှ မည်သို့ ဆုတ်ခွာမည်ကို မသိရသေးပေ။
မိုးကုတ်တွင် တိုက်ပွဲဖြစ်နိုင် မဖြစ်နိုင် ဆိုသည်မှာ TNLA၏ ဆုတ်ခွာပုံနှင့်သက်ဆိုင်လိမ့်မည်ဟု
မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယူဆသည်။
“သူတို့က (အာဏာသိမ်းတပ်ကို) လုံခြုံရေးပေးပြီးတော့ မြို့အတွင်းကို ပို့ဆောင်ပေးလိမ့်မလားပေါ့၊ သို့တည်းမဟုတ်ဘဲ (အာဏာသိမ်းတပ်က) သူတို့ဟာနဲ့သူတို့ဝင်၊ ဒီဖက်က TNLA အနေနဲ့ကလည်း မြို့ကနေထွက်ခွာသွားတဲ့အနေအထားနဲ့ ဆုတ်ခွာသွားမလားပေါ့။ အဲဒီအခြေအနေအပေါ် မူတည်တယ်ပေါ့နော်”ဟု သူက ပြောဆိုသည်။
၎င်းတို့ဒေသကာကွယ်ရေးတပ်ဖွဲ့များစုပေါင်းကာ မြို့ကို ကာကွယ်သွားမည်ဟု သူက ဆက်ပြောသည်။
လက်ရှိအချိန်တွင် မိုးကုတ်မြို့နယ်ပြည်သူများ စိုးရိမ်နေကြပြီး မြို့ကို စွန့်ခွာရန် ပြင်ဆင်နေကြသလို ဒေသကာကွယ်ရေးတပ်များကို အားကိုးပြီး ဆက်လက်နေထိုင်မည့်သူများလည်းရှိသည်ဟု သူက ပြောသည်။
“TNLAတွေကတော့လက်ရှိအချိန်မှာ ထွက်ခွာဖို့လုပ်နေတာတွေ မတွေ့ရသေးပါဘူး။ ဒါပေမယ့်ဌာနဆိုင်ရာ မိသားစုဝင်တွေ ထွက်ခွာနေကြတာတွေကိုတော့ တွေ့နေရပါတယ်”ဟု သူက ဆက်ပြောသည်။
ကမ္ဘာကျော်ပတ္တမြားထွက်ရှိရာ မိုးကုတ်မြို့ကို အာဏာသိမ်းတပ်က ပြန်လည်ရယူရန် လမ်းနှစ်သွယ်မှ ထိုးစစ်ဆင်ခဲ့သည်။
နောင်ချိုမြို့မှ ထွက်လာသည့်စစ်ကြောင်းက ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းမှတဆင့် မိုးကုတ်မြို့ကို ဦးတည်ကာတဖြည်းဖြည်းထိုးဖောက်နေသည်။ သပိတ်ကျင်းမြို့နယ်မှ စစ်တပ်စစ်ကြောင်းများကလည်း မန္တလေး-မိုးကုတ်လမ်းမကြီး ဖော့တောလမ်းဆုံအထိထိုးဖောက်နိုင်ခဲ့ပြီး ကာကွယ်ရေးတပ်များ၏ ခုခံမှုကြောင့် တိုက်ပွဲများပြင်းထန်နေသည်။
PDF တပ် အခြေစိုက် လှုပ်ရှားနေသည့် မိုးမိတ်ဘက်တွင်မူ တိုက်ပွဲမရှိသေးဘဲ ရံဖန်ရံခါ လေတပ်က သွားရောက် ဗုံးကြဲတတ်သည်။
မိုးမိတ်သည် မိုးကုတ်မြို့နှင့် KIA သိမ်းထားသည့် မဘိမ်းမြို့ကြားတွင် တည်ရှိသည်။
၁၀၂၇ စစ်ဆင်ရေး နှစ်ကြိမ်အတွင်း TNLA သိမ်းပိုက်ထိန်းချုပ်ခဲ့သည့် ၁၂ မြို့နယ်မှာ မန္တလေးတိုင်းရှိ မိုးကုတ်မြို့နှင့် ရှမ်းမြောက်ရှိ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ သီပေါ၊ ကွတ်ခိုင်တို့ ဖြစ်သည်။
ထိုမြို့များကို TNLA စွန့်လွှတ်ပြီး နမ့်ဆန်နှင့် မန်တုံတို့တွင်သာ တပ်စွဲရန် စစ်တပ်က ဆွေးနွေးပွဲများတွင် ဆက်တိုက် တောင်းဆိုခဲ့သည်။
မြို့အများအပြားကို စစ်တပ်က ကာလရှည် တန်ပြန်ထိုးစစ်ဆင်ပြီးနောက် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များကို မကြာသေးမီက ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။



