
မြို့တွင်းတိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တွင် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဒေသတွင်း ကူညီကယ်ဆယ်ရေးလုပ်သားများထံမှ သိရသည်။
လူဦးရေ ခြောက်သောင်းခွဲခန့်နေထိုင်သည့် မိုးမိတ်ခရိုင်၏မြို့တော် မိုးမိတ်ရှိ စစ်ကောင်စီ တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပါဝင်သည့် ပူးပေါင်းတပ်များက ဇန်နဝါရီ ၁၈ နံနက်ပိုင်းမှစတင်ကာ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

လေးရက်ကြာတိုက်ခိုက်မှုများအပြီး ဇန်နဝါရီ ၂၁ တွင် တော်လှန်ရေးတပ်များက မြို့ကို ယာယီထိန်းချုပ်နိုင်ခဲ့စဉ် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ မြို့မစျေးနှင့် လူနေအိမ်များ မီးလောင်ပျက်စီးသည့်အပြင် လူထိခိုက်သေဆုံးမှုလည်း များပြားခဲ့သည်။
တိုက်ပွဲအတွင်းပိတ်မိသူများကို ဇန်နဝါရီ ၁၉ မှစ၍ ကယ်ဆယ်ရေးလုပ်သားများက လိုက်လံရှာဖွေခဲ့ရာ သတင်းတစ်ပတ်အတွင်း မြို့ပေါ်အပျက်အစီးများကြားထဲမှ ရုပ်အလောင်း ၅၇ လောင်း ရှာဖွေတွေ့ရှိခဲ့ပြီး ၁၅ ဦးမှာ အရပ်သားများဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု မြို့ခံပရဟိတသမားတစ်ဦးက ပြောသည်။
ကျန် ၄၂ ဦးမှာ စစ်ကောင်စီတပ်သားများဖြစ်သည်ဟု ၎င်းက ဆိုသည်။
“မြို့ပေါ် လေးရပ်ကွက်မှာ တောင်ပိုင်း၊ မြောက်ပိုင်းကလူတွေ အများဆုံးထိတယ်။ စစ်သားလည်းပါတယ်။ အရပ်သားလည်းပါတယ်။ … ကောက်လို့ရတဲ့နေရာမှာ တစ်ရက် လေးငါးဆယ်လောင်းနဲ့ သင်္ဂြိုဟ်ရတာ၊ တစ်ပတ်လောက်ကြာတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ မြို့ခံ ပရဟိတသမားက ပြောသည်။
သေဆုံးအရပ်သား ၁၅ ဦးအနက် မြို့တောင်ပိုင်း ရဲစခန်းအနီးရှိ နေအိမ်တစ်ခုတွင် အစုလိုက် ဗုံးထိမှန် သေဆုံးသွားသူ ၅ ဦးကိုသာ အမည်နှင့်တကွ အတည်ပြုနိုင်သေးပြီး ကျန် ၁၀ ဦးမှာ မည်သူမည်ဝါဟု မသိရသေးပေ။
အတည်ပြုနိုင်သည့် သေဆုံးသူများမှာ အသက် ၈၀ အရွယ် ဒေါ်စက်မေ၊ အသက် ၇၀အရွယ် အငြိမ်းစားအထက်တန်းပြ ဆရာမ ဒေါ်ဗေဒါ၊ အသက် ၅၀အရွယ် မူလတန်းပြဆရာမ ဒေါ်လွင်လွင်အောင်၊ အသက် ၆၀ အရွယ်များဖြစ်သော ဦးသောင်းဌေးနှင့် ဦးတူးဆိုသူတို့ဖြစ်သည်။
“သူတို့က ရဲစခန်းနားက အိမ်မီးဖိုချောင်မှာ ပုန်းနေတာ။ သူတို့အိမ်က အိမ်မကြီး၊ ဘာမှဖြစ်ဘူး။ အဖီဆွဲထားတဲ့ မီးဖိုချောင်မှာပဲ (လက်နက်ကြီးကျည်) ကျပြီး အဲဒီမှာ သေသွားတာ” ဟု အထက်ပါ ပရဟိတသမားက ပြောသည်။
ကယ်ဆယ်ရေးသမားများက ရုပ်အလောင်းများကို မြို့ပေါ်ရပ်ကွက်များနှင့် ချောင်းတစ်ခုသာ ခြားသည့် ရွှေဇာလီရွာရှိ သုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့သည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့်သူတစ်ဦးကလည်း ရုပ်အလောင်းစုစုပေါင်း ၄၀ ထက်မနည်းကို သင်္ဂြိုဟ်ထားပြီဖြစ်ကြောင်း၊ ထိုအရေအတွက်မှာ အရပ်သားနှင့် စစ်ကောင်စီတပ်သား စုစုပေါင်းအရေအတွက်ဖြစ်သည်ဟု ကြားသိရသော်လည်း ဆက်သွယ်ရေး ခက်ခဲသည့် အခြေအနေကြောင့် တိတိကျကျ မသိရသေးကြောင်း ပြောသည်။
မန္တလေး-မြစ်ကြီးနားလမ်းပေါ် ရှိ မိုးမိတ်မြို့သည် မန္တလေးတိုင်း သပိတ်ကျင်း၊ မိုးကုတ်မြို့နယ်တို့နှင့် နယ်မြေချင်းထိစပ်လျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အများအပြား လှုပ်ရှားရာနေရာတစ်ခု ဖြစ်သည်။
မိုးကုတ်မှလာသောလမ်း၊ သပိတ်ကျင်းဘက်မှလာသောလမ်းသည် မြို့ပြင်ရှိ လေယာဉ်ကွင်းဟောင်းတွင် ဆုံတွေ့ရာ အဆိုပါ သုံးလမ်းဆုံသည့် နေရာအနီးတွင် စစ်တပ် တပ်ရင်း ၃ ရင်းကို ၁၉၈၈ ခုနှစ်နောက်ပိုင်း အခြေချ တည်ထောင်ထားခြင်း ဖြစ်သည်။
မိုးမိတ်တွင် အခြေချထားသည့် တပ်ရင်းများမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) အမှတ် ၃၄၈၊ ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) အမှတ် ၂၁ ၏ ဗျူဟာတစ်ခုအပြင် အဆိုပါစကခ လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၂၂၃ နှင့် ခလရ ၂၇၆ တို့ဖြစ်သည်။
ဇန်နဝါရီ ၂၁ တွင် စစ်ကောင်စီတပ်သည် မြို့တောင်ဘက်အစွန်ရှိ နမောင်းချောင်း တောင်ဘက်အထိ ဆုတ်ပေးလိုက်ရကာ မြို့ပေါ်နေရာအများစုကို KIA နှင့် ပူးပေါင်းအဖွဲ့က စိုးမိုးထားနိုင်ခဲ့သည်ဟု မြို့ခံတို့က ပြောသည်။
ဇန်နဝါရီ ၂၄ အထိ နံမောင်းချောင်းတောင်ဘက်ရှိ စစ်ကောင်စီတပ်သားများနှင့် ချောင်းမြောက်ဘက်ရှိ KIA နှင့် ပူးပေါင်းတပ်များအကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့က ပြောသည်။
ဇန်နဝါရီ ၂၅ တွင် မြို့ကို ထိန်းချုပ်ထားသည့် KIA နှင့် ပူးပေါင်းတပ်များသည် တပ်ပြန်ဆုတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဆက်သွယ်ရေး ခက်ခဲသောကြောင့် မိုးမိတ်မြို့အခြေအနေကို အတိအကျမသိရသေးဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ယမန်နေ့ (ဇန်နဝါရီ ၂၉) တွင် ပြောသည်။
“ကျွန်တော်တို့ဘက် နေရာမှာလည်း မြန်မာဖုန်းတွေက လိုင်းမရှိဘူး ဆက်သွယ်လို့မရဘူး။ သူတို့ဘက်မှာလည်း တရုတ်ဖုန်းတွေက မကိုင်ကြဘူးဆိုတော့ အဆက်အသွယ်တော့ လုံးဝပြတ်သွားတဲ့ အနေအထားဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဇန်နဝါရီ ၂၇ တွင် တော်လှန်ရေးတပ်များ ပြန်ဆုတ်သွားသည့် မိုးမိတ်မြို့ကို စစ်ကောင်စီက ဝင်ရောက်လာကာ ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် မြို့ပေါ်ရှိ နေအိမ်များကို မီးတင်ရှို့နေသည်ဟု ဒေသခံအချို့က စွပ်စွဲကြသည်။
မြို့တွင်းသို့ ပြန်ဝင်လာသည့် စစ်တပ်က ဇန်နဝါရီ ၂၇ တွင် လက်ခုပ်တန်းရပ်ကွက်ကို မီးတင်ရှို့ခဲ့သည်၊ ဇန်နဝါရီ ၂၉ တွင်လည်း မြို့မြောက်ပိုင်းရှိ ရွှေဇာလီရွာ၊ အရှေ့မြောက်ပိုင်းရှိ ကချင်ဘုရားကျောင်းအနီးတစ်ဝိုက်ကို မီးတင်ရှို့လျက်ရှိသည်ဟု မိုးမိတ်မြို့တွင်းမှ ထွက်ခွာလာသူတစ်ဦးကို ကိုးကား၍ မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် စစ်ရှောင်ရာမှ တိုက်ပွဲသံများမကြားရသဖြင့် မြို့တွင်းသို့ ပြန်ဝင်သွားသည့် မြို့ခံ ငါးဦးထက်မနည်းကိုလည်း စစ်တပ်က ဖမ်းဆီးထားကာ နေအိမ်များကို မီးရှို့ဖျက်ဆီးစေသည်ဟု ဆိုသည်။
“သူတို့ (စစ်တပ်) က ဖမ်းထားတဲ့သူတွေကို မီးတုတ်နဲ့ မီးရှို့ခိုင်းတယ်။ နှစ်အိမ်၊ သုံးအိမ်ရှို့ခိုင်းပြီးရင် ဆိုင်ကယ်တစ်စီးပေးပြီး ပြန်လွှတ်လိုက်တယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။
စစ်တပ်ဝါဒဖြန့်သတင်းစာများတွင် မိုးမိတ်မြို့ကို တန်ပြန်စစ်ဆင်ရေးဆင်နွှဲ၍ ပြန်လည်သိမ်းပိုက်လိုက်သည်ဟု ဖော်ပြထားသော်လည်း မြို့ခံများကမူ ဇန်နဝါရီ ၂၅ ကတည်းက အပြန်အလှန်ပစ်ခတ်မှုများမရှိတော့ဟု ဆိုကြသည်။

ထို့ပြင် မိုးမိတ်မြို့ပေါ်ရှိ လူနေအိမ်များ၊ အဆောက်အအုံများ ပျက်စီးမှုများနှင့် အရပ်သားသေဆုံးမှုများမှာလည်း KIA နှင့်ပူးပေါင်းအဖွဲ့က လုပ်ခဲ့သည်ဟု စွပ်စွဲထားသည်။ မကြာခဏ ဖြစ်ပေါ်ခဲ့သော လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများအကြောင်းကို ဖော်ပြထားခြင်း မရှိပေ။
ဇန်နဝါရီ ၁၈ ရက်နေ့က မြို့မှ ထွက်ခွာရန် ကြိုးစားနေသည့် အမျိုးသားတစ်ဦးမှာ ၎င်း၏ လုပ်ငန်းမှ ရွှေထည်လက်ဝတ်ရတနာများအပါအဝင် တန်ဖိုးကြီးပစ္စည်းများ လုယက်ခံရသည်၊ အိမ်သို့ အုပ်စုလိုက် ရောက်လာသော ယူနီဖောင်းဝတ် လက်နက်ကိုင်များက ခြိမ်းခြောက် ယူဆောင်သွားခြင်း ဖြစ်သည်ဟု ပြောသည်။
ယခုအခါ ထောင်နှင့်ချီသည့် မိုးမိတ်မြို့ခံများမှာ မန္တလေးတိုင်းအတွင်းသို့ ထွက်ပြေးနေရသူများလည်းရှိသလို ဒေသခံ ၃၈၀၀ ခန့်မှာ အနီးအနားရှိ ကျေးရွာ ၂၃ ရွာတွင် ခိုလှုံနေကြရသည်။
အဆိုပါ ကျေးရွာ ၂၃ ခုမှ ဒေသခံများသည် တစ်ပတ်ကျော်ကြာလာချိန်တွင် စာနပ်ရိက္ခာများပြတ်တောက်လာပြီ၍ အရေးပေါ်အကူညီများလိုအပ်လျက်ရှိသည်ဟု သိရသည်။