အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ် ပြန်ထိန်းချုပ်သည့် မိုးကုတ်၊ မိုးမိတ်တွင် တော်လှန်ရေးတပ်များနှင့် နှစ်ရက်ဆက် တိုက်ပွဲဖြစ်

တရုတ်နိုင်ငံ၏ ညှိနှိုင်းပေးမှုဖြင့် မိုးကုတ်နှင့် မိုးမိတ်ကို ပြန်လွှဲယူခဲ့သည့် စစ်ကော်မရှင်သည် ပြန်လည် ဝင်ရောက်လာပြီး မကြာသေးမီ စစ်ကြောင်းထိုးနေသည့်အတွက် KIA အပါအဝင် တော်လှန်ရေးတပ်များ နှစ်ရက်ဆက်တိုက်ပွဲဖြစ်နေကြောင်း သိရသည်။

မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တို့တွင် အာဏာသိမ်းတပ် ပြန်လည် ဝင်ရောက်လာပြီးနောက် စစ်ကြောင်းထိုးနေသဖြင့်  ကချင်လွတ်လပ်ရေးတပ် (KIA)  အပါအဝင် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်နေသည် ဟု စုံစမ်းသိရှိရသည်။

မိုးကုတ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ ညပိုင်းက ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၁ ရက်နေ့ နေ့လယ်အထိ တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း မိုးကုတ် စစ်ရေးရင်းမြစ်များ၊ ဒေသခံများက ပြောကြသည်။ 

မိုးကုတ်မြို့အရှေ့ပိုင်း အုန်းကိုင်းကျေးရွာဘက်သို့ အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာစဉ် တိုက်ပွဲဖြစ်ခဲ့သည်ဟု မိုးကုတ် စစ်ရေးရင်းမြစ်တစ်ဦးက ဆိုသည်။

“မနေ့ညနေပိုင်း စစ်တပ်က စစ်ကြောင်းထိုးလာတော့ မြို့အထွက်ဘက်မှာ တိုက်ပွဲခဏဖြစ်ခဲ့တယ်။ ဒီနေ့ တော့ အဲဒီနေရာမှာ မဖြစ်တော့ဘူး။ အုန်းကိုင်းရွာဘက်မှာ ဖြစ်တာ” ဟု အထက်ပါ မိုးကုတ်စစ်ရေး သတင်းရင်းမြစ်က ဒီဇင်ဘာ ၁ ရက်နေ့တွင် ပြောသည်။

 ဒေသခံနောက်တစ်ဦးကလည်း စစ်တပ် မြို့ပြင်ထွက်လာသဖြင့် တိုက်ပွဲပေါ်ပေါက်လာသည်ဟု ဆိုသည်။ 

“စစ်တပ်က နယ်မြေစိုးမိုးမှုအတွက် တောင်ကုန်းတွေမှာ တပ်စွဲဖို့လာတာနဲ့ ဖြစ်ကြတာ” ဟု  သူက ဆိုသည်။

ပစ်ခတ်သံများကို  မြို့အတွင်းမှ ကြားနေရသည်ဟု မိုးကုတ်အရှေ့ပိုင်းတွင် နေထိုင်သူများက ဆိုကြသည်။

“မြို့အထွက်က ရွာတွေဘက်မှာ ဖြစ်နေတာ။ မြို့ထဲကနေ အသံတွေ ကြားနေရတယ်။ စစ်တပ်က မြို့ ထဲကနေ ထွက်သွားတော့ ဖြစ်ကြတာ။ မြို့ထဲမှာတော့ အားလုံး ပုံမှန်ပဲ။ (စစ်ဘေးတိမ်းရှောင်သွားတဲ့) မြို့ကလူတွေကတော့ ပြန်မလာကြသေးဘူး” ဟု မိုးကုတ် အရှေ့ပိုင်းတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

မြို့တွင်းသို့ ဝင်ရောက်လာသည့် အာဏာသိမ်းတပ်သည်   မြို့အဝင်အထွက် နေရာများဖြစ်သည့် ပိန်းပစ်ကျေးရွာ ငါးမိုင်ဂိတ်၊ ပန်းမထိပ် စသည့်နေရာများတွင် တပ်စွဲထားသည်ဟု သိရသည်။

မိုးကုတ်အရှေ့ပိုင်းတွင် အထက(၁) စာသင်ကျောင်း၊ ဆေးရုံ၊ ဗျူဟာကုန်းတွင် နေရာယူထားပြီး မိုးကုတ်မြို့ အနောက်ပိုင်းတွင် ရဲစခန်း၊ ရေထွက်ကြီးရွာနှင့် ကျောက်ဖားဂိတ် အဝင်အထွက်တွင် နေရာယူထားသည်ဟု ဒေသခံများထံက သိရသည်။

မြို့တွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များနှင့် ဆက်စပ်သူများ ရှိမရှိကို စစ်တပ် က လိုက်လံစုံစမ်းနေသည်ဟု မြို့ခံအချို့က ဆိုသည်။

တရုတ်အစိုးရ ကြားဝင်ညှိနှိုင်းမှုဖြင့် တအာင်းတပ် (TNLA) က ၎င်းတို့ ထိန်းချုပ်ထားသော မိုးကုတ်မြို့ နှင့် မိုးမိတ်မြို့များကို နိုဝင်ဘာလ ၂၉ ရက်နှင့် ၃၀ ရက်နေ့များတွင် ပြန်လွှဲပေးခဲ့သည်။

မော်တော်ယာဉ် ၁၀၀ နီးပါး ပါဝင်သည့် စစ်ယာဉ်တန်းတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အတင်းအကြပ် စုဆောင်းထားသည့်၊ သင်တန်းဆင်းခါစ ဖြစ်သည့် စစ်သားသစ်များ အပါအဝင် အင်အား တစ်ထောင်ခန့် မိုးကုတ်သို့ ရောက်ရှိလာကြသည်။ အချို့မှာ မိုးကုတ်မြောက်ဘက် ၂၈ မိုင်အကွာ မိုးမိတ်မြို့သို့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ခရီးဆက်သွားသည်ဟု ဒေသခံများထံက သိရသည်။

မိုးကုတ်မြို့၏ မြောက်ဘက် ၂၈ မိုင်ခန့်အကွာတွင် မိုးမိတ်မြို့ တည်ရှိသည်။

မိုးကုတ်၊ မိုးမိတ်မြို့အခြေအနေပြမြေပုံ။

KIA ပါဝင်သော မိုးမိတ်တိုက်ပွဲ

မိုးကုတ်မှ မိုးမိတ်သို့ သွားသည့် အာဏာသိမ်းတပ်နှင့် နိုဝင်ဘာ ၃၀ ရက်နေ့ ည ၈ နာရီခန့်အချိန်တွင် တိုက်ပွဲဖြစ်ခဲ့သည်ဟု KIA ဘက်က ဆိုသည်။

“မိုးကုတ်ကနေ မိုးမိတ်ဘက်ကို သွားတဲ့လမ်းမှာ မနေ့ည ၈ နာရီမှာ တိုက်ပွဲ ဖြစ်တာ ရှိပါတယ်။ မြေပြင် အခြေအနေကတော့ တိတိကျကျ မသိရသေးလို့ မပြောနိုင်ပါဘူး” ဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြောသည်။

နိုဝင်ဘာ ၃၀ ရက်နေ့ကတည်းက မိုးမိတ်မြို့တွင် ရောက်နေသော အာဏာသိမ်းတပ်များက မြို့အထွက်ရှိ KIA တပ်ဖွဲ့ ရှိရာနေရာသို့ စစ်ကြောင်းထိုးခဲ့၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဆိုကြသည်။

လူဦးရေ ၆၇၀၀၀ ကျော် နေထိုင်သည့်   မိုးမိတ်သည် မန္တလေးတိုင်း၊ ပြင်ဦးလွင် ခရိုင်အပြင် ရှမ်းမြောက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကချင်ပြည်နယ် ဗန်းမော်ခရိုင်တို့နှင့် နယ်မြေ ထိစပ်နေပြီး စစ်ရေးအရလည်း အချက်အချာကျသည်။

မိုးမိတ်မြို့သည် မန္တလေးတိုင်း၊ မိုးကုတ်မြို့နှင့် ၂၈ မိုင်သာ ကွာဝေးပြီး မြန်မာပြည်အလယ်ပိုင်းမှ ခုခံတော်လှန်စစ်ပွဲများအတွက် စစ်ရေးအရ အရေးပါသည့် လမ်းကြောင်းပေါ်တွင် တည်ရှိသည်။

KIA နှင့် မဟာမိတ်တို့က ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့က မိုးမိတ်မြို့ကို ထိုးစစ်ဆင်ခဲ့ရာ ပြင်းထန် သည့် မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထို့နောက် KIA နှင့် မဟာမိတ်များ  ဇန်နဝါရီလကုန်တွင် ပြန်ဆုတ်သွားခဲ့ပြီး စစ်တပ်ပြန်လည်ဝင်ရောက်လာ၍ စစ်အုပ်ချုပ်ရေးကြေညာကာ နှိပ်စက်သတ်ဖြတ်မှု အများအပြား ပြုလုပ်ခဲ့သည်။

ထို့နောက် ငါးလခန့်အကြာ ဇွန်လအတွင်း TNLA ဦးဆောင်သောတပ်များက မိုးမိတ်မြို့သိမ်းတိုက်ပွဲများ စတင်ခဲ့ပြီး ဇူလိုင်လလယ်တွင် မိုးမိတ်ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ရွှေလီမြစ်အရှေ့ဘက်ခြမ်း၊ မိုးမိတ်မြို့မြောက်ဘက် ၃၅ မိုင်ခန့်အကွာတွင် တည်ရှိသည့် မဘိမ်းမြို့ကို KIA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ တတိယပတ်ကတည်းက တိုက်ခိုက်သိမ်းပိုက်ထားသည်။ ထိုတိုက်ပွဲတွင် KIA နှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ အာရက္ခတပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပါဝင်ခဲ့ကြသည်။

တရုတ်အစိုးရ ကြားဝင်ညှိနှိုင်းမှုဖြင့် စစ်တပ်နှင့် တအာင်းတပ်တို့အကြား ကိုးကြိမ်မြောက် ဆွေးနွေးပွဲ အပြီး မိုးကုတ်နှင့် မိုးမိတ်မြို့အား စစ်တပ်ထံ ပြန်ပေးရန်နှင့် အပစ်ရပ်ထားရန် သဘော တူညီခဲ့ကြသည်။

သိန္နီမြို့၊ သီပေါမြို့ သိမ်းတိုက်ပွဲများတွင် ပါဝင်ခဲ့သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)၊ မိုးကုတ်ပကဖ၊ မိုးကုတ်ဗျူဟာ  အပါအဝင် NUG တပ်ဖွဲ့များက မိုးကုတ်နှင့် မိုးမိတ်မြို့များကို ကာကွယ်မည်ဟု ဆိုထားသည်။ ကျောင်းသားတပ် (ABSDF) ကလည်း စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအဖွဲ့ များနှင့် ပူးပေါင်းကာ မိုးမိတ်မြို့ကို ကာကွယ်ရန် အသင့်ရှိနေကြောင်း ပြောဆိုထားသည်။

သို့ရာတွင် တရုတ်အစိုးရ ဖိအားရှိနေသည့် TNLA ၏ မေတ္တာရပ်ခံမှုကြောင့် စစ်တပ် မဝင်လာမီ ယခုလ ၂၇ ရက်နေ့မှ စတင်ကာ TNLA မှအပ ကျန်တော်လှန်ရေးတပ်များ မြို့ပြင်သို့ ဆုတ်ခွာသွားခဲ့သည်။

နိုဝင်ဘာ ၃၀ ရက်နေ့တွင် မြို့လွှဲပြောင်းရေးကိစ္စများ အဆုံးသတ်ပြီးနောက် TNLA တပ်ဖွဲ့ဝင်အားလုံး မိုးကုတ်နှင့် မိုးမိတ်မြို့တွင်းမှ ဆုတ်ခွာသွားပြီဟု မြို့ခံများထံက သိရသည်။

စစ်တပ်နှင့် တအာင်းတပ်တို့ မြို့လွှဲပြောင်းရေး ဆွေးနွေးစဉ် တော်လှန်ရေးတပ်များ ထိန်းချုပ်သည့် နေရာနှင့် စစ်တပ် ထိန်းချုပ်ရမည့် TNLA တပ်စခန်းဟောင်းနေရာများနှင့် ပတ်သက်ပြီး ညှိနှိုင်းထားသည်ဟု စစ်ရေးအရင်းအမြစ်များက ဆိုသည်။

သို့ရာတွင် စစ်တပ်ဘက်က တော်လှန်ရေးတပ်များ၏ ထိန်းချုပ်ဧရိယာအနီးအထိ ထိုးစစ် ဆင်လာပါက တိုက်ပွဲများ နေရာအနှံ့ဖြစ်လာနိုင်သည် ဟု စစ်ရေးအကဲခတ်များက မှတ်ချက်ပြုသည်။

၂၀၂၃ အောက်တိုဘာလက စတင်သည့် “ ၁၀၂၇ စစ်ဆင်ရေး” နှစ်ကြိမ်အတွင်း TNLA က မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းမြောက်မှ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့နှင့် နမ့်ဆန်မြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။

ထိုအထဲမှ အထက်မြန်မာပြည်၏ စီးပွားရေးနှင့် ကုန်သွယ်ရေးအချက်အချာကျသည့် မန္တလေး မြို့နှင့် တရုတ်မြန်မာနယ်စပ် သွားရာလမ်းဖြစ်သော မန္တလေး-လားရှိုးကုန်သွယ်ရေးလမ်းမပေါ်ရှိ သီပေါ၊ နောင်ချို၊ ကျောက်မဲနှင့် မြန်မာပြည် အလယ်ပိုင်းသို့ ထိုးဖောက်နိုင်မည့် မိုးကုတ်၊ မိုးမိတ်မြို့များကို ပြန်ပေးရန် အာဏာသိမ်းတပ်က ယခုနှစ် ဧပြီ ၂၈လ၊  ၂၉  ရက်နေ့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တွေ့ဆုံ ဆွေးနွေးစဉ် တောင်းဆိုခဲ့သည်။

ထိုစဉ်က TNLA က ငြင်းဆန်ခဲ့ရာ အာဏာသိမ်းတပ်က ယခုနှစ် နှစ်လယ်မှစတင်ကာ နောင်ချို ၊ ကျောက်မဲ၊ သီပေါ တို့ကို တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက်  တောင်းဆိုထားသည့် ကျန် နှစ်မြို့ကိုပါ TNLA က ပြန်လည်ပေးခဲ့ရသည်။ 

မြန်မာပြည်အလယ်ပိုင်းသို့ မိုးမိတ်မှ သွားနိုင်သည့် လမ်း နှစ်ခုရှိပြီး မိုးကုတ်- မိုးမိတ်လမ်းနှင့် တွင်းငယ်- မိုးမိတ်လမ်းတို့ ဖြစ်ကြသည်။ 

စစ်တပ်အနေဖြင့် မိုးမိတ်မြို့ကိုရပါက မိုးမိတ်မြို့အထက်ဘက်ရှိ KIA သိမ်းထားသည့် မဘိမ်းမြို့ကို စစ်ရေးအရ ခြိမ်းခြောက်နိုင်မည်ဖြစ်ပြီး မိုးမိတ်- တွင်းငယ်လမ်းမှတဆင့် စစ်တပ် ပြန်သိမ်းထားသည့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ဘက်သို့ ကူးသန်းသွားလာနိုင်တော့မည် ဖြစ်ရာ စဉ့်ကူးမြို့ကို စစ်ရေးအရ ပိုဖိအားပေးနိုင်မည်ဖြစ်သည်။

မတ္တရာနယ်ကို ထိန်းချုပ်ပြီးနောက်  နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်း  စဉ့်ကူးမြို့နယ်အတွင်း ဝင်ရောက်လာသော စစ်ကော်မရှင်တပ်သည် မြေပြင် ထိုးစစ်အပြင် လေကြောင်း တိုက်ခိုက်မှုများပါ ပြုလုပ်နေသောကြောင့်  မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း သုံးမြို့နယ်မှ လူဦးရေ သောင်းနှင့်ချီ စစ်ရှောင်နေရသည်။

Related Articles

Back to top button