စစ်ကော်မရှင် ပြန်ဝင်မည်ဟု သတင်းထွက်နေသည့် မိုးကုတ်မြို့နှင့် မိုးမိတ်မြို့များတွင် တပ်စွဲထားသည့် တော်လှန်ရေးတပ်များ ယနေ့ (နိုဝင်ဘာလ ၂၇ ရက်နေ့) နောက်ဆုံးထား ဆုတ်ခွာကြရန် တအာင်းတပ် (TNLA) က တောင်းဆိုထားသဖြင့် ဆုတ်ခွာနေကြပြီး TNLA လုံခြုံရေးတပ်ဖွဲ့ဝင်များသာ ကျန်ရှိမည်ဟု မြို့ခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များထံက သိရသည်။
မြို့မှ ထွက်ခွာပေးကြရန် တအာင်းတပ် (TNLA) က ၎င်းတို့အား တောင်းဆိုထားသည်ဟု မိုးကုတ်မြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။
“မိုးကုတ်ကနေ ဒီနေ့ နောက်ဆုံးထားပြီး ထွက်ပေးဖို့ ကျွန်တော်တို့ကို ပြောထားပါတယ်” ဟု အမည် မဖော်လိုသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မိုးကုတ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းနေကြပြီး မြို့တွင်း၌ TNLA ရုံးများ ဖွင့်ထား၍ တပ်ဖွဲ့ဝင်များအား ပုံမှန်အတိုင်း တွေ့ရနေသည်ဟု မိုးကုတ်မြို့ခံတို့က ဆိုသည်။
“PDF တွေတော့ ဒီနေ့ သိပ်မတွေ့ရဘူး။ ပလောင်အဖွဲ့ကတော့ ပုံမှန်အတိုင်းရှိနေတာ တွေ့ပါတယ်” ဟု မိုးကုတ်မြို့တွင် ကျောက်တွင်းလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
မိုးကုတ်မြို့အား ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA နှင့် အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) ၊ မိုးကုတ်ဗျုဟာနှင့် မိုးကုတ်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ဖွဲ့များက ပူးတွဲ သိမ်းပိုက်ပြီး မြို့တွင်း တပ်စွဲနေရာယူထားသည်။
မိုးကုတ်မြို့အတွင်းသို့ စစ်တပ်ဝင်လာပါက တိုက်ပွဲမဖြစ်စေရန် ပြီးခဲ့သည့်ရက်ပိုင်း၌ TNLA က ဒေသ အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များနှင့် ထပ်မံညှိနှိုင်းခဲ့သည်ဟု အဆိုပါတော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံက သိရသည်။
“တချို့အဖွဲ့တွေကို လက်နက်အပြီး ပေးလိုက်တာမျိုး ရှိတယ်။ ပြီးတော့ မြို့ပြင်ဘက် ဆုတ်ပေးဖို့နဲ့ တိုက်ပွဲ မဖြစ်အောင် ထိန်းပေးဖို့ ပြောတာရှိတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။
မိုးကုတ်မြို့သို့ ယခုလကုန် နောက်ဆုံးထား၍ စစ်တပ်ပြန်ဝင်မည်ဟု TNLA နှင့် နီးစပ်သူများကလည်း ပြောထားကြသည်။
ယခုရက်ပိုင်းအတွင်း မိုးကုတ်မြို့အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ဝင်ရောက်နေပြီဟု သတင်းများ ထွက်နေသော်လည်း ယနေ့အထိ မတွေ့ရသေးကြောင်း ကျန်ရှိနေသေးသော မိုးကုတ်မြို့ခံများက ပြောသည်။
“စစ်တပ် ရောက်ပြီ ဆိုတာတော့ မဟုတ်ပါဘူး။ ယူနီဖောင်းတွေနဲ့ တွေ့ရတာမျိုးမရှိဘူး။ ရောက်လာတယ် ဆိုရင်တော့ တွေ့ရမှာ။ အခုတော့ ဘာမှမတွေ့ပါဘူး” ဟု မိုးကုတ်အရှေ့ပိုင်းတွင် နေထိုင်သည့် အမျိုးသား တစ်ဦးက ပြောသည်။

ကမ္ဘာကျော် ပတ္တမြား ထွက်ရှိရာ မိုးကုတ်မြို့တွင် မြို့ပေါ်ရပ်ကွက် ငါးခုရှိပြီး လူဦးရေ တစ်သိန်းဝန်းကျင် နေထိုင်ကြသည်။
မိုးကုတ်မြို့သို့ စစ်တပ် ပြန်ဝင်မည် သတင်းကြောင့် အားလုံးနီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးနေကြသည် ဟု မိုးကုတ်မြို့ခံများက ဆိုသည်။
“ပိုက်ဆံရှိတဲ့သူတွေက အရင် ရှောင်သွားကြတယ်။ ပြီးတော့ စစ်တပ်ရန် ကြောက်တဲ့သူတွေ ထပ်ရှောင်တယ် ။ အခုက ကျောက်လုပ်ငန်း လုပ်တဲ့သူတွေနဲ့ ရှောင်ဖို့ ငွေမရှိတဲ့သူတွေပဲ ကျန်ခဲ့တယ်” ဟု မိုးကုတ်မြို့မှ မန္တလေးမြို့သို့ တိမ်းရှောင်လာသည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
မိုးမိတ်မြို့တွင်လည်း တော်လှန်ရေးတပ်ဖွဲ့များအား ယနေ့အပြီး ဆုတ်ခွာခိုင်းထားသည်ဟု တော်လှန်ရေး တပ်ဖွဲ့များနှင့် နီးစပ်သူများထံက သိရသည်။
မိုးမိတ်မြို့ ပတ်လည်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ အာရက္ခတပ်တော် AA၊ ကျောင်းသား တပ်မတော် (ABSDF) နှင့် စစ်ကိုင်းခရိုင် ပကဖတပ်ဖွဲ့များ အသင့်အနေအထားရှိနေသည်ဟု မိုးမိတ်မြို့ခံများထံက သိရသည်။
“မိုးမိတ်မှာ စစ်တပ် ရောက်နေပြီဆိုတာ မဟုတ်သေးပါဘူး။ အခုက တော်လှန်ရေးအဖွဲ့တွေပဲ များနေတယ် ။ မိုးကုတ်လိုတော့ မိုးမိတ်ကို စစ်တပ်ဝင်ဖို့ မလွယ်လောက်ဘူး ” ဟု မိုးမိတ်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်တပ်ပြန်ဝင်မည့် သတင်းကြောင့် မိုးမိတ်မြို့တွင်လည်း မြို့ခံအများစု နေရပ်စွန့်ခွာနေကြသည်။
တရုတ်အစိုးရ ကြားဝင်ညှိနှိုင်းမှုကြောင့် စစ်တပ်နှင့် TNLA အကြား ကိုးကြိမ်မြောက် ဆွေးနွေးပွဲအပြီး အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်၍ နှစ်ဖက်တပ်ကြား အပစ်ရပ်ခဲ့ကြသည်။
မိုးကုတ်နှင့် မိုးမိတ်အား စစ်တပ်ထံ လွှဲပြောင်းမည်ဖြစ်ပြီး မိုးကုတ်တွင် ဆက်ဆံရေးရုံးထားရန် TNLA နှင့် စစ်ကော်မရှင်တို့ကြား သဘောတူထားသည်။
စစ်တပ်နှင့် တအာင်းတပ်တို့ သဘောတူညီမှုများ၊ မိုးကုတ်မြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တအာင်းတပ်တို့ကြား ဆွေးနွေးမှုများအား လက်ရှိအချိန်အထိ လူထုအား အသိပေးမှု မရှိသည့်အတွက် TNLA နှင့် တော်လှန်ရေးတပ်ဖွဲ့များအပေါ် မြို့ခံများက ဝေဖန်နေကြသည်။
၁၀၂၇ စစ်ဆင်ရေး အတွင်း မန္တလေးတိုင်း မိုးကုတ်နှင့် ရှမ်းပြည်နယ် အတွင်းမှ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူ မြို့များအား TNLA က သိမ်းပိုက်ခဲ့သည်။
အဆိုပါ မြို့များထဲမှ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များအား စစ်တပ်က ယခုနှစ်အတွင်း ပြန်သိမ်းပိုက်ထားပြီး မိုးကုတ်နှင့် မိုးမိတ်အား စစ်တပ်ထံ ပြန်လွှဲမည်ဖြစ်ရာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA သိမ်းပိုက်ထားသည့် မြို့ ငါးမြို့သည် စစ်တပ်လက်ထဲသို့ ပြန်ရောက်သွားမည် ဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေး ဦးဆောင်ရာတွင် ပါဝင်သည့် TNLA နှင့် မဟာမိတ် ဖြစ်သည့် MNDAA တပ်ဖွဲ့ ကလည်း တရုတ်ဖိအားကြောင့် လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်အား စစ်တပ်ထံ ပြန်လွှဲပေးခဲ့ရသည်။



