ဧရာဝတီမြစ်အရှေ့ဘက်ကမ်း စဉ့်ကူးမြို့နယ်အတွင်း ဝင်ရောက်လာသော စစ်ကော်မရှင်တပ်က မြေပြင် ထိုးစစ်အပြင် လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်နေသောကြောင့် ဒေသခံသေဆုံးထိခိုက်မှုများ ရှိနေပြီး မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း သုံးမြို့နယ်မှ လူဦးရေ သောင်းနှင့်ချီ စစ်ရှောင်နေရသည်။
ယမန်နေ့ (နိုဝင်ဘာလ၂၇ ရက်နေ့) နံနက် ၉ နာရီခွဲခန့်တွင် စဉ့်ကူးမြို့တောင်ဘက် ဝါးရုံကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ ကျောင်းဝန်းအတွင်း ဓမ္မာရုံပေါ်သို့ကျရောက်ပြီး စစ်ရှောင်များအပါအဝင် ဥပုသ်စောင့်နေကြသူများ သေဆုံးပြီး ဒဏ်ရာရသူများလည်းများပြားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“သေဆုံးက များတယ်လို့လည်း ကြားတယ်။ နှစ်ဦးတော့ သိရတယ်။ ဒဏ်ရာရသူလည်း များတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ အဲဒီဘက်က ကျွန်မတို့နဲ့ လှမ်းတော့လေ”ဟု ယင်းအမျိုးသမီးက ဆိုသည်။
ဗုံးကြဲခံရသည့်ဓမ္မာရုံပေါ်တွင် မတ္တရာဘက်မှ တိမ်းရှောင်လာသည့် စစ်ရှောင်များရှိနေပြီး ဥပုသ်တရားနာ နေသည့်အချိန် ဗုံးကြဲခံရခြင်းဖြစ်သည်ဟု မျက်မြင်များကို ကိုးကား၍ အဆိုပါအမျိုးသမီးက ပြောသည်။
နေ့လယ်တွင် စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ၏မြောက်ဘက်ကို လေကြောင်းတိုက်ခိုက်မှု လေးကြိမ် ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ယမန်နေ့က စဉ့်ကူးနယ် လေကြောင်းတိုက်ခိုက်မှုများအတွင်း သေဆုံး၊ ဒဏ်ရာရသူအရေအတွက်နှင့် အသေးစိတ်အခြေအနေများအား မသိရသေးပေ။
မတ္တရာနယ်အတွင်း ထိုးဖောက်သိမ်းပိုက်လာသော စစ်ကော်မရှင်တပ်များသည် မြို့နယ်၏ မြောက်ဘက်အကျဆုံး ဖြစ်သည့် ပတ်လည်အင်းရွာအနီး နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ရောက်ရှိပြီးနောက် တစ်နယ်လုံးကို ထိန်းချုပ်နိုင်ခဲ့သည်။
ထို့နောက် မတ္တရာမြို့နယ်နှင့်စဉ့်ကူးမြို့နယ် နယ်စပ်ရှိ ပတ်လည်အင်းကျေးရွာမှတဆင့် စဉ့်ကူးမြို့နယ်အတွင်း နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အင်အား ၅၀ ခန့်ဖြင့် စစ်တပ်က ဝင်ရောက်လာကြောင်း ဒေသခံ စစ်ရေးရင်းမြစ်များထံက သိရသည်။
“သူတို့ စဉ့်ကူးကို စပြီး ထိုးဖို့ပြင်ပြီလို့ပြောလို့ရတယ်။ ဒီဘက်မှာရှိတဲ့ အဖွဲ့တွေကလည်း ခံစစ်ကာတော့ ကာနေကြတယ်။ ကျွန်တော်တို့ရဲဘော်တွေလည်း ရှေ့တန်းကို အများကြီး ပို့ထားရတယ်”ဟု စဉ့်ကူးမှ အမည်မဖော်လိုသည့် စစ်ရေးရင်းမြစ်အမျိုးသားက ပြောသည်။

စဉ့်ကူးကို ဘယ်လိုထိုးဖောက်နေလဲ
စစ်တပ်သည် မန္တလေး-မိုးကုတ်ကားလမ်းပေါ်ရှိ ပတ်လည်အင်းကျေးရွာတွင် လက်ရှိ၌ အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းတစ်ကြောင်း၊ မတ္တရာအနောက်ဘက် ဧရာဝတီမြစ်ကမ်းဘေး စကျင်ရွာနှင့် မြွေပုံကန်ရွာတို့တွင် စစ်ကြောင်းတစ်ကြောင်းဖြင့် စဉ့်ကူးနယ်ကို ဝင်ရောက်ရန် ပြင်ဆင်နေကြသည်ဟု တော်လှန်ရေး စစ်ရေးရင်းမြစ်များက ဆိုကြသည်။
လတ်တလောတွင် စစ်ဆိုင်နေသည့်အနေအထားဖြစ်ပြီး မကြာမီတိုက်ပွဲပြင်းထန်လာမည်ဖြစ်သောကြောင့် ဒေသခံထက်ဝက်ကျော်သည် မြို့ပေါ်မှ ရှောင်တိမ်းသွားကြသည်ဟု အထက်ပါ စဉ့်ကူးဒေသအခြေစိုက် စစ်ရေးရင်းမြစ် အမျိုးသားက ပြောသည်။
ယမန်နှစ် နိုဝင်ဘာလမှစတင်ခဲ့သော စစ်ကော်မရှင်တပ်၏ မတ္တရာထိုးစစ်တွင် လူ၊ လက်နက်၊ နည်းပညာ အင်အားအသာစီးဖြင့် ဧရာဝတီမြစ်ကမ်းဘေးကပ်လျက် မြို့နယ်အနောက်ခြမ်း၊ ထိုမှတဆင့် အရှေ့ခြမ်းတို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည်။
ယခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှစတင်၍ မြို့နယ်မြောက်ဘက် ထိုးဖောက်လာပြီးနောက် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မတ္တရာအစွန်ဆုံးအထိ စစ်တပ်ရောက်လာသည်။
“မိုးကုတ်လမ်းမကြီးဘက်ကတော့ ကုန်ပြီ။ ပတ်လည်အင်း (ရွာ) အထိ ရောက်လာပြီဆိုတော့ ဂိတ်ဆုံးပြီပေါ့။ မြစ်ရိုးတစ်လျှောက်ကိုပဲ မဝင်သေးတာ၊ မြစ်ရိုးဆိုတာကလည်း သူတို့ စစ်ကြောင်းထိုး ဝင်နေကျနေရာဆိုတော့ ပါသွားတာပါပဲ။ ကုန်ပါပြီ”ဟု မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။
မတ္တရာမြို့ပေါ်မှအပ မြို့နယ်တစ်ခုလုံးနီးကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလအတွင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် -မန္တလေး (MDY-PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထိုးစစ်ဆင်သိမ်းပိုက်ပြီး၊ တစ်နှစ်ကျော်ကြာ ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် စစ်တပ်က မန္တလေး-မိုးကုတ်-မြစ်ကြီးနား ကားလမ်းတစ်လျှောက်နှင့် MDY-PDF အခိုင်အမာ ခြေကုပ်ယူထားသည့် မြို့နယ်အရှေ့ခြမ်းကို ဝင်ရောက်လာပြီးနောက် လက်ရှိတွင် မတ္တရာမြို့နယ်တစ်ခုလုံး ပြန်ထိန်းချုပ်နိုင်ခဲ့သည်။
“မတ္တရာက သိမ်းပိုက်ခဲ့သမျှ နယ်မြေအားလုံးပြန်ပါသွားပြီဗျ”ဟု PDF တပ်တစ်ခု၏ တာဝန်ခံတစ်ဦးကလည်း ပြောသည်။
စစ်တပ်က ပတ်လည်အင်းရွာကို ထိန်းချုပ်လိုက်ပြီးနောက် မတ္တရာတစ်နယ်လုံးနီးပါး လက်လွှတ်လိုက်ရသည်ဟု မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်းထောက်လှမ်းရေးတာဝန်ခံ ကိုဘိုတောက် က Myanmar Now ကို နိုဝင်ဘာလ ၂၄ ရက်နေ့ ညပိုင်းကတည်းက အတည်ပြုထားသည်။
စစ်ကော်မရှင်တပ်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သိမ်းထားသည့် စဉ့်ကူးမြို့ကိုပါ ဆက်လက် ထိုးစစ်ဆင်ဖွယ် ရှိနေသည်ဟု ၎င်းက ပြောသည်။
“ကျွန်တော့်အနေနဲ့သုံးသပ်ရရင် စဉ့်ကူးမြို့နယ်ကို ရေကြောင်း၊ ကုန်းကြောင်းကနေ အင်အားတွေ ဝင်မယ် ထင်တယ်။ သူတို့ရွေးကောက်ပွဲဖြစ်မြောက်အောင် အဓိကထားပြီး နယ်မြေစိုးမိုးမှုကို ပြန်လည်ရယူနေတာ ပါ”ဟု ဆိုသည်။
စဉ့်ကူးမြို့နယ် မပါသော်လည်း သပိတ်ကျင်း၊ မတ္တရာတို့သည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်မည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုပ်မည့်ဒေသထဲတွင် ပါဝင်နေသည်။
ယခင်က သပိတ်ကျင်း၊ မတ္တရာတိုက်ပွဲများကြောင့် ထိုဒေသမှ အရပ်သားပြည်သူများသည် စဉ့်ကူးတွင် အများဆုံး လာရောက်တိမ်းရှောင်နေကြရာ လက်ရှိတွင် စဉ့်ကူးမှ ဒေသခံများအပါအဝင် စစ်ရှောင်များပါ ထပ်ဆင့် ထွက်ပြေးနေရသည်ဟု သိရသည်။
မတ္တရာနယ်ဘက်မှ ဝင်ရောက်လာသော စစ်တပ်ကြောင့် စဉ့်ကူးမြို့နယ်တစ်နယ်လုံးနီးပါး အရေးပေါ် တိမ်းရှောင်နေကြပြီဟု စစ်ဘေးရှောင်များကို ကူညီနေသည့်အမျိုးသမီးတစ်ဦးကလည်း ပြောသည်။
“လက်ပံလှ (ရွာ) ကဆို တစ်ရွာလုံး ရှောင်ကြပြီ။ တိုက်ပွဲကပိုပြင်းထန်လာဖို့ရှိတော့ ဒေသခံအကုန်နီးပါးပဲ အိုးပစ် အိမ်ပစ် ထပ်ရှောင်ကြရပြန်ပြီ”ဟု သူက ဆိုသည်။
တော်လှန်ရေး စိုးမိုးနယ်မြေဖြစ်ခဲ့သည့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း စသည့်နယ်မြေများမှ သောင်းနှင့်ချီသည့် စစ်ဘေးရှောင်များသည် ဧရာဝတီမြစ်ကို ဖြတ်ကူး၍ အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်းအတွင်း မြို့များကျေးရွာများနှင့် နီးစပ်ရာတောတောင်များအတွင်း ထွက်ပြေးနေကြရသည်။
သပိတ်ကျင်းမြို့နယ်နှင့်မတ္တရာနယ်ကို ယခုနှစ်အတွင်း လက်လွှတ်လိုက်ရသောကြောင့် စဉ့်ကူးမြို့သည် စစ်တပ်၏ ထိုးစစ်ဦးတည်ရာ မန္တလေးတိုင်းအတွင်းမှ တစ်ခုတည်းသောမြို့ဖြစ်လာသည်။
စဉ့်ကူးမြို့သည် မန္တလေး-မိုးကုတ်လမ်းမကြီးပေါ်တွင် တည်ရှိပြီး စိုက်ပျိုးရေး၊ ရွှေတူးဖော်ရေးလုပ်ငန်းများနှင့် အသက်မွေးကြသည့်ဒေသဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး (MDY-PDF) က သိမ်းပိုက်ထားခြင်းဖြစ်သည်။
ထိုကဲ့သို့ သုံးမြို့နယ်ထက်မနည်းမှ ဒေသခံ သောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပြီး မြို့၊ ကျေးရွာများကို စစ်ကော်မရှင်က ပြန်လည်ရယူ သွားသည့်အပေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မပြုသေးသလို Myanmar Now က ဆက်သွယ်မေးမြန်းထားမှုကို ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။



