မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်း သုံးကြောင်းထက်မနည်း အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်နေရာ တော်လှန်ရေးတပ်များက မြို့မြောက်ဘက် ငါးမိုင်ကျော်အကွာ တံငါသည် ချောင်းအကျော် ကျေးရွာများအထိ ဆုတ်ခွာခံစစ်ပြင်နေကြရကြောင်း သိရသည်။
စစ်ကော်မရှင်တပ်များသည် သံချပ်ကာများ၊ ဒရုန်းများ၊ မြေပြင်ထိုးစစ်များဖြင့် မြို့နယ်အလယ်ပိုင်း၊ အရှေ့ပိုင်းမှ ထိုးစစ်များအပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျင်းရွာဘက်မှပါ ထိုးစစ်ဆင်လာသည့် အတွက် မန္တလေး- မတ္တရာ- မိုးကုတ်ကားလမ်းတစ်လျှောက်ကျေးရွာများ တိမ်းရှောင်နေကြရသည်ဟု တော်လှန်ရေးအဖွဲ့များက ဆိုသည်။
“အခုက မြို့နယ်အရှေ့ဘက်ခြမ်း သန်းကုန်း(ရွာ) ဘက်က တစ်ကြောင်းထိုးလာတယ်။ တစ်ခါ အရှေ့ဘက် ဘန့်ဘွေးကျင်း(ရွာ) ဘက်ကနေလည်း တစ်ကြောင်း ထိုးစစ်ဆင်လာနေတော့ ဆည်တော်ကြီးကို နှစ်ဖက် ညှပ်မိမှာလည်း စိုးရိမ်နေရတယ်”ဟု မတ္တရာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။
“အခုက မြေပြင်တိုက်ပွဲ အကြီးကြီးတွေမဖြစ်ဘဲနဲ့၊ ကိုယ့်ဘက်က အထိအခိုက် အရမ်းမများအောင် လုပ် နေကြရတယ်။ တံငါသည်ချောင်းရဲ့ မြောက်ဘက်ကိုတော့ ကူးမလာသေးဘူး။ ဆည်တော်ကြီးဘက်ကတော့ နည်းနည်းစိုးရိမ်ရတယ်”ဟု ထိုသူက အောက်တိုဘာလ ၃၁ ရက်နေ့က ဆိုသည်။
စစ်တပ်က မန္တလေး-မြစ်ကြီးနားလမ်းအတိုင်း မြောက်ဘက်သို့ ထိုးစစ်ဆင်လာရာ တံငါ (တောင်) ရွာနှင့် (မြောက်) ရွာ နှစ်ရွာကြားရှိ ( ဒေသအခေါ် တံငါချောင်း) ချောင်းကူးတံတားကိုလည်း လွန်ခဲ့သည့် ခြောက်ရက်ခန့်ကတည်း က ချိုးဖြတ်ကာ ချောင်းမြောက်ဘက်မှ ခံစစ်ပြင်ထားရကြောင်း ဒေသခံအချို့ထံက သိရသည်။
“စစ်ကြောင်းက သုံးကြောင်းလောက် အင်အားတစ်ထောင်လောက်အပြင်၊ သံချပ်ကာတွေ တင့်ကားတွေနဲ့ အထိပါ ထိုးစစ်ဆင်နေတာ။ တံတား က အဲ့ဒီတင့်တွေ၊ သံချပ်ကာတွေ မကူးနိုင်ရေး ဖျက်လိုက်တာလို့ သိရတယ်။ လေကြောင်းတွေ ဒရုန်းတွေကလည်း အပြင်းအထန်ချနေတာ”ဟု မတ္တရာ စစ်ရေးအခြေအနေ သိသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်တပ်၏ ထိုးစစ်များကြောင့် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးနယ်မြေများ လက်လွှတ်နေရသလို၊ ဒေသခံ ရွာသူရွာသားများသည်လည်း တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာကာ မြို့နယ်မြောက်ခြမ်းနှင့် စဉ့်ကူးမြို့နယ် အတွင်း စစ်ဘေးရှောင်နေကြရကြောင်းသိရသည်။
နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီခွဲမှစတင်ကာ မွန်းတည့်အချိန်အထိ မတ္တရာမြို့နယ် မြောက်ဘက် အနီးတဝိုက်ကို တိုက်လေယာဉ် သုံးစီးက လေကြောင်းတိုက်ခိုက်မှု ငါးကြိမ် ပြုလုပ်ခဲ့ကြောင်း ဒေသ သတင်းများဖော်ပြနေသော Wetlet Information Network က ယင်းနေ့တွင် ထုတ်ပြန်ထားသည်။
ဒေသတွင်း သတင်းရင်းမြစ်များအဆိုအရ လေကြောင်းတိုက်ခိုက်မှုရှိသော်လည်း လူအထိအခိုက်မရှိကြောင်း သိရသည်။

ရုံးပင်၊ အုန်းပင်၊ တံတားဖြူ၊ ချောင်းပေါက်၊ တောင်ကိုင်း၊ အုဉ်တိုက်၊ ကျွဲကျ၊ ကရမ္မက်၊ ချောင်းတော်ဝ၊ ဇီးဖြူကုန်း၊ ကျောင်းကုန်း၊ မြောင်းသစ်၊ မြောင်းဦး၊ ကုန်းကြီး စသည့်ကျေးရွာများအပါအဝင် မြို့နယ်အရှေ့ဘက် တစ်ခြမ်းလုံးမှ ပြည်သူ နှစ်သောင်းခန့်တို့ စစ်ဘေးဒုက္ခသင့်နေကြသည်။
“စစ်ရှောင်က တအားများတယ်။ အရင်ကတည်းက ရှောင်ရသူတွေလည်း ထပ်ရှောင်ရ၊ အခုမှရှောင်ရတဲ့ ရွာတွေလည်းအများကြီးဆိုတော့ အတော်များတယ်။ အခုတော့ သူတို့နေထိုင်နိုင်ရေးပဲ စီစဉ်ပေးနေရတာ” ဟု စစ်ဘေးရှောင်များကူညီနေသူတစ်ဦးက ပြောသည်။
ယခုနှစ် ဩဂုတ်လကစ၍ တော်လှန်ရေးတပ်များ တစ်နှစ်ကျော်ကြာ ထိန်းချုပ်ထားသည့် မန္တလေးနှင့် မတ္တရာ နယ်စပ် ဖယောင်းတောင် ရွှေတွင်းမှ စပြီး၊ Alpha ဘိလပ်မြေစက်ရုံ၊ ကင်းရွာ စသည်ဖြင့် ၁၀ ရွာထက်မနည်း မတ္တရာအရှေ့ပိုင်းနယ်မြေများကို စစ်တပ်က သိမ်းယူလာသည်။
ပြီးခဲ့သည့်လများအတွင်း စစ်တပ်က မတ္တရာမြို့နယ်အရှေ့ပိုင်းမှ ကင်း၊ မြောင်းဦး၊ ကျောက်ဆည်လေး၊ စခန်းသာ၊ ပြတိုက်၊ ရှမ်းရွာ၊ ရှားစေးချက်ကြီး၊ ညောင်ပင်သာ၊ မန်ကျည်းကုန်း၊ မြောင်းသစ် စသည့် ၁၀ ရွာထက်မနည်းကို ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်၍ မြို့နယ် မြောက်ဘက်သို့ ထိုးဖောက်လာခြင်းဖြစ်သည်။
မတ္တရာမြို့နယ်အတွင်း စစ်ဆင်ရေးများဦးဆောင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ကို အထက်ပါ စစ်ရေးအခြေအနေများကို ဆက်သွယ်မေးမြန်းထားသော်လည်း ဖြေဆိုခြင်းမရှိသေးပေ။
မတ္တရာတောင်ဘက် မန္တလေးမြို့ဘက်မှ ထိုးဖောက်လာသော စစ်တပ်သည် လက်ရှိတွင် မတ္တရာမြို့နယ် အနောက်ဘက်၊ အရှေ့ဘက်နေရာအများစုကို သိမ်းပိုက်ထားပြီးဖြစ်ရာ မြောက်ဘက်သို့ ဆက်လက် ထိုးစစ်ဆင်လာသည်။
မန္တလေးမြောက်ဘက် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့တို့သည် တစ်ဆက်တည်းတည်ရှိကြကာ သပိတ်ကျင်းမြို့ပေါ်နှင့်နေရာအများစုကို စစ်တပ်က ပြန်ရယူထားသည်။
စစ်ကော်မရှင်တပ်များက မတ္တရာမြောက်ဘက်ကိုလည်း အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသဖြင့် ကပ်လျက် MDY-PDF ထိန်းချုပ်သည့် စဉ့်ကူးမြို့အခြေအနေကို တော်လှန်ရေးအဖွဲ့ဝင်အချို့နှင့် ဒေသခံအများစုကလည်း စိုးရိမ်နေကြသည်။



