အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်က လေယာဉ်၊ လက်နက်ကြီးပစ်ကူဖြင့် မတ္တရာမြောက်ဘက်သို့ ထိုးဖောက်

လွန်ခဲ့သည့် သုံးရက်ခန့်မှစတင်ကာ စစ်တပ်က မြောက်ဘက်ကျေးရွာများဘက် စစ်ကြောင်းထိုးလာပြီး ရုံးပင်ရွာအနီး တိုက်ပွဲဖြစ်နေသည်ဟု သိရသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မြောက်ဘက် ကျေးရွာများကို လွန်ခဲ့သည့် သုံးရက်ခန့်မှစတင်ကာ စစ်တပ် က စစ်ကြောင်းများခွဲ၍ လက်နက်ကြီး၊ လေကြောင်းအကူအညီဖြင့် ထိုးစစ်ဆင်နေသည်ဟု တော်လှန်ရေး အဖွဲ့များ၊ စစ်ရှောင်အရေးကူညီသူများ၊ ဒေသခံများထံက သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)က သိမ်းပိုက်ထိန်းချုပ်ထားသည့် စဉ့်ကူးမြို့နယ် နှင့် နယ်မြေထိစပ်နေသော ကျေးရွာများဘက် အောက်တိုဘာလ ၁၃ ရက်နေ့မှစ၍ ထိုးစစ်လာခြင်းဟု တော်လှန်ရေးစစ်ရေးရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။

“၁၃ ရက်နေ့ ညပိုင်းလောက်ကစပြီး သူတို့(စစ်တပ်) ရုံးပင်ကျေးရွာကို ဆက်ပြီး တိုးနေတယ်။ အဲဒီမှာ တိုက်ပွဲလည်းဖြစ်နေတယ်”ဟု စစ်ရေးရင်းမြစ်အမျိုးသားက ဆိုသည်။

လက်ရှိတွင် မတ္တရာမြို့ အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ ရုံးပင်ကျေးရွာအနီး တိုက်ပွဲဖြစ်နေပြီး အသေးစိတ်အခြေအနေ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့်လများအတွင်း စစ်တပ်က မတ္တရာမြို့နယ်အရှေ့ပိုင်းမှ ကင်း၊ မြောင်ဦး၊ ကျောက်ဆည်လေး၊ စခန်းသာ၊ ပြတိုက်၊ ရှမ်းရွာ၊ ရှားစေးချက်ကြီး၊ ညောင်ပင်သာ၊ မန်ကျည်းကုန်း၊ မြောင်းသစ် စသည့် ၁၀ ရွာထက်မနည်းကို ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် မြောက်ဘက်သို့ထိုးဖောက်လာခြင်းဖြစ်သည်။

တော်လှန်ရေးတပ်များ တစ်နှစ်ကျော်အကြာ ထိန်းချုပ်ထားသည့် အထက်ပါ ၁၀ ရွာ ထက်မနည်းကို သိမ်းပြီးနောက် ထိုကျေးရွာတွင် အထိုင်ချတပ်စွဲကာ အနီးဝန်းကျင်ဒေသများအား နယ်မြေရှင်းလင်း ရေးများ ဆောင်ရွက်ခြင်း၊ကင်းလှည့်ခြင်းတို့ပြုလုပ်နေသည်။

“အရှေ့ခြမ်းတစ်ခြမ်းလုံး သိမ်းနိုင်တာမျိုးမဟုတ်ဘူး။ ရွာတွေကျန်သေးတယ်။ ဆည်တော်ကြီးဘက် တွေတော့ မသိမ်းနိုင်သေးဘူး။ ခုက မြောက်ဘက်ကို ဆက်တိုးလာတာပေါ့”ဟု အထက်ပါစစ်ရေးရင်းမြစ် က ဆက်ပြောသည်။

တော်လှန်ရေးတပ်များအနေဖြင့် သပိတ်ကျင်းနှင့်မတ္တရာနယ်ကို မကိုင်တွယ်နိုင်ပါက စဉ့်ကူးမြို့ကိုပါ ထိန်းချုပ်ရန်မလွယ်တော့ကြောင်း မတ္တရာမြို့နယ်မှ စစ်ရေးရင်းမြစ်နောက်တစ်ဦးက မှတ်ချက်ပြုသည်။

“အဓိကက သပိတ်ကျင်းပေါ့။ မတ္တရာလည်းအရေးပါသလို သပိတ်ကျင်းကိုပြန်မယူနိုင်ရင် ကြားညှပ်နေ တဲ့ စဉ့်ကူးက မလွယ်ဘူး”ဟု ဆိုသည်။

မန္တလေးမြောက်ဘက် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့တို့သည် တစ်ဆက်တည်းတည်ရှိကြကာ သပိတ်ကျင်းမြို့ပေါ်နှင့်နေရာအများစုကို စစ်တပ်က ပြန်ရယူထားသည်။

မတ္တရာမြောက်ဘက်မှလည်း စစ်ကြောင်းထိုးလာသဖြင့် သပိတ်ကျင်းနှင့် မတ္တရာမြို့ကြားရှိ စဉ့်ကူးမြို့ အခြေအနေကို တော်လှန်ရေးအဖွဲ့ဝင်အချို့နှင့် ဒေသခံအများစုက စိုးရိမ်နေကြသည်။

ထိုအခြေအနေများနှင့်ပတ်သက်ပြီး MDY-PDF ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပြီး တုံ့ ပြန်ဖြေဆိုခြင်း မပြုသေးပေ။

စဉ့်ကူးမြို့သည် မန္တလေးမြို့၏မြောက်ဘက် ၅၄ မိုင်အကွာအဝေးတွင်ရှိပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် MDY-PDF ဦးဆောင်သောတပ်များက အလုံးစုံသိမ်းပိုက်ထားခြင်းဖြစ်သည်။

မတ္တရာနယ်ကို စစ်တပ် ဘယ်လိုထိုးစစ်ဆင်လဲ 

ယမန်နှစ်အတွင်း မတ္တရာတစ်ခုလုံးနီးပါး တော်လှန်ရေးတပ်များက ထိန်းချုပ်ထားခဲ့ရာ စစ်တပ်က မြစ် ကြောင်းအတိုင်း မတ္တရာမြို့နယ် အနောက်ဘက်ခြမ်း မြစ်ကမ်းဘေးကျေးရွာများကို ယမန်နှစ် နိုဝင်ဘာ လတွင် အပြင်းအထန် တိုက်ခိုက်ခဲ့သည်။

ဒေသကာကွယ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေး(ပကဖ) အဖွဲ့များ၊ မြို့ပြပြောက်ကျားအဖွဲ့ အများစု အခြေစိုက်သော ဒေသများဖြစ်ရာ စစ်တပ်၏ ရေကြောင်း၊ လေကြောင်း၊ မြေပြင်ထိုးစစ်ကြောင့် ဆုတ်ခွာ ခဲ့ရသည်။

ရွာအများစု နေ့စဉ်နီးပါး မီးရှို့ခံခဲ့ရပြီးနောက် စစ်တပ်သည် တော်လှန်ရေးတပ်များ ထိန်းချုပ်သည့် အထူး သဖြင့် MDY-PDF လှုပ်ရှားနယ်မြေစိုးမိုးသည့် မြို့နယ် အရှေ့ခြမ်းကို ဆက်ထိုးစစ်ဆင်လာသည်။

နယ်မြေ ထိစပ်နေသော မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ကိုပါ ထိုးစစ်ဆင်ခဲ့သဖြင့် MDY-PDF ထိန်းချုပ် သည့် ဖယောင်းတောင်ရွှေတွင်း၊ အယ်လ်ဖာဘိလပ်မြေစက်ရုံအပါအဝင် နယ်မြေအချို့ ယခုနှစ် ဩဂုတ် လ အတွင်း စစ်တပ်က ပြန်ရသွားခဲ့သည်။

ထို့နောက် မြို့နယ်အရှေ့ခြမ်းမှ တော်လှန်ရေးထိန်းချုပ်နယ်မြေ စဉ့်ကူးဘက်သွားရာ မတ္တရာမြောက်ဘက် သို့ ဦးတည်ထိုးစစ်ဆင်နေပြီဖြစ်သည်။

လက်ရှိတွင် မတ္တရာ၏ နေရာအများစုကို လက်လွှတ်ထားရသည့်အခြေအနေရှိနေသဖြင့် စိုးရိမ်ရကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့က အမျိုးသမီး တစ်ဦးက ဆိုသည်။ 

“ မတ္တရာက လက်လွှတ်ရနိုင်တဲ့ အခြေအနေရှိနေပြီ။ တစ်မြို့နယ်လုံး (ကျေးရွာအုပ်စု) ၁၀ အုပ်စုတောင် မရှိတော့ဘူး။ ရွေးကောက်ပွဲအတွက် လုပ်နေတယ်လို့ထင်ပါတယ်။ မတ္တရာမှာ ရွေးကောက်ပွဲလည်း လုပ် လာနိုင်တယ်” ဟု သူက ဆိုသည်။ 

ပိုကျယ်ပြန့်လာသည့် သပိတ်ကျင်းတိုက်ပွဲ

မန္တလေး-မိုးကုတ်ကားလမ်းပေါ်မှ ဖော့တောလမ်းဆုံကို ပြီးခဲ့သည့်ရက်က စစ်တပ်က ပြန်ရသွားပြီးနောက်  အရှေ့ဘက် မိုးကုတ်မြို့ဘက်ကို ထိုလမ်းအတိုင်း ဆက်လက်စစ်ကြောင်းထိုးနေပြီး ဖော့တောကျေးရွာ၏ အထက်ဘက် ညောင်ပင်သာရွာတွင် တိုက်ပွဲအပြင်းအထန်ဖြစ်နေသည်ဟု သိရသည်။

ဖော့တောလမ်းဆုံနှင့်အဆိုပါတိုက်ပွဲဖြစ်ပွားရာကျေးရွာသည် နှစ် မိုင်ကျော်ကွာဝေးပြီး ထိုမှမိုးကုတ်မြို့သို့ မိုင် ၅၀ ခန့်ကွာဝေးသည်။

အောက်တိုဘာလ ၁၃ နှင့် ၁၄ ရက်နေ့တို့တွင် စစ်ကိုင်း-မန္တလေး-ရှမ်းမြောက်တို့ကို ချိတ်ဆက်ထားသည့် လမ်းကြောင်းပေါ်မှ အချက်အချာကျသည့် ဖော့တောကျေးရွာတဝိုက် စစ်တပ်က ဒရုန်းနှင့် လေကြောင်း အပြင်းအထန်တိုက်ခိုက်ပြီးနောက် ဖော့တောလမ်းဆုံကို သိမ်းယူခဲ့ပြီးသည်။

ဒေသခံအများအပြား သတ်ဖြတ်ခံရသည်ဟု သတင်းများသိရသော်လည်း Myanmar Now အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

ယမန်နှစ် ဩဂုတ်လ၂၅ ရက်နေ့ က တော်လှန်ရေးပူးပေါင်းတပ်များက ရွှေတွင်းများကြောင့် နာမည် ကျော်သည့် သပိတ်ကျင်းမြို့အပါအဝင် စစ်စခန်းအများအပြားကို သိမ်းယူနိုင်ခဲ့သည်။

စစ်တပ်စခန်း သုံးခု ကျန်ခဲ့ရာမှ အဆိုပါစခန်းများမှ စစ်ကော်မရှင်တပ်များသည် လေကြောင်းအကူဖြင့် ရိက္ခာနှင့်အင်အားများ ပြန်စုစည်းကာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် ပြန်လည်ထိုးဖောက်နိုင် ရန် စတင်ကြိုးပမ်းခဲ့သည်။

ထို့နောက် တစ်နှစ်ပတ်လုံးတိုက်ပွဲများ ဖြစ်ခဲ့ပြီး စစ်တပ်က ယခုနှစ်ဇူလိုင်လတွင် သပိတ်ကျင်းမြို့ကို ပြန်ရယူနိုင်ခဲ့သည်။

ယခုနှစ် အောက်တိုဘာလဆန်းတွင်မူ   မန္တလေး-မိုးကုတ်လမ်းပေါ်အထိ ခြေချလာနိုင်ပြီးနောက် မြို့နယ် အရှေ့ဘက်မှ မိုးကုတ်မြို့ကိုပါခြိမ်းခြောက်လာသည်။

ပတ္တမြားမြေ မိုးကုတ်မြို့ကို ပြန်လည်ရရှိရေး စစ်တပ်က ဝေဟင်၊ မြေပြင် စစ်ကူများ အသုံးပြုကာ သပိတ်ကျင်းမြို့နှင့် တောင်ဘက် နောင်ချိုမြို့ဘက်တို့မှ လမ်းနှစ်သွယ်ဖြင့် ထိုးဖောက်နေသဖြင့် တော်လှန်ရေးတပ်ဖွဲ့များအပြင်းအထန်ကာကွယ်နေရသည်။

စစ်တပ်ထိုးစစ်သည် ရှမ်းမြောက် သီပေါမြို့နှင့် မန္တလေးတိုင်း မိုးကုတ်၊ မတ္တရာထိုးစစ်များ ယခု ရက် များအတွင်း ပြင်းထန်နေသည်။ 

Related Articles

Back to top button