စစ်ကော်မရှင်က မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို ဝင်ရောက်နိုင်ရေးအတွက် လေယာဉ်၊ ဒရုန်းများ အသုံး ပြုကာ သပိတ်ကျင်းမြို့ဘက်မှတစ်ကြောင်း၊ ရှမ်းမြောက် နောင်ချိုဘက်မှ တစ်ကြောင်းဖြင့် ထိုးစစ်ဆင် နေရာ မန္တလေး-မိုးကုတ်ကားလမ်းဆုံရာ ဖော့တောလမ်းဆုံအနီး တိုက်ပွဲများပြင်းထန်နေသည်ဟု သိရသည်။
သပိတ်ကျင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်များ သိမ်းပိုက်ရာတွင် စစ်ကော်မရှင်၏ သုံးတပ်ထက်မနည်း လက်ကျန်တပ်များ ကျန်နေခဲ့ရာမှ ယခုနှစ် ဇူလိုင်လအတွင်း သပိတ်ကျင်းမြို့ပေါ်ကို လက်လွှတ်ခဲ့ရရာ စစ်တပ်သည် ထိုလမ်းကြောင်းမှတဆင့် အရှေ့ဘက် မိုးကုတ်ဘက် စစ်ကြောင်းထိုးလာ ခဲ့သည်။
သပိတ်ကျင်းမြို့မှ အရှေ့တောင်ဘက်ရွှေမွေးချောင်းဒေသ၊ ယင်းမှ လမ်းလယ်ကျစ်ကျေးရွာ၊ ပြီးခဲ့သည့် ရက်ပိုင်းတွင် ခုနစ်မိုင်ကျေးရွာမှ တော်လှန်ရေးတပ်များ၏ ခံစစ်များ ဆုတ်ပေးခဲ့ရပြီး ဖော့တောလမ်းဆုံ အနီးမှ ဝါးဖြူတောင်ကျေးရွာအထိ ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရသည်။
“ခုနစ်မိုင်ကနေ ကျွန်တော်တို့ ဆုတ်လိုက်ရတယ်။ အဲ့ဒီကနေ ဝါးဖြူတောင် ရောက်လာတာ”ဟု ထိုဒေသ တိုက်ပွဲများတွင် ပါဝင်နေသော တော်လှန်ရေးတပ်ဖွဲ့ အရာရှိတစ်ဦးက အောက်တိုဘာလ ၁၂ ရက်နေ့က ပြောသည်။
စစ်တပ် ရောက်လာသဖြင့် ဝါးဖြူတောင်ကျေးရွာအနီး တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်ဟု အခြား တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ခံတစ်ဦးကလည်း ယနေ့ နံနက်တွင် ပြောသည်။
“ဖော့တောပွိုင့်ကုန်းတော့ မပါသေးဘူး။ ဝါးဖြူတောင်မှာ တိုက်ပွဲဖြစ်နေတာ။ ဒီမနက်တော့ အခြေအနေ တည်ငြိမ်နေသေးတယ်”ဟု သူက ဆိုသည်။
တအာင်းတပ် (TNLA) ထိန်းချုပ်ထားသည့် မိုးကုတ်မြို့သို့သွားရာ လမ်းခွဲတစ်ခုဖြစ်သော ဖော့တော လမ်းဆုံကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားပြီး၊ လက်နက်ကြီး ပေါက်ကွဲသံများ ကြားနေရကြောင်း ဒေသခံများက ပြောသည်။
ဖော့တောလမ်းဆုံသည် မိုးကုတ်-မန္တလေးကားလမ်းပေါ်မှ သပိတ်ကျင်းမြို့သို့သွားသည့် ကားလမ်းနှင့် ဆုံတွေ့သည့်နေရာဖြစ်ပြီး မိုးကုတ်မြို့နှင့် ၄၄ မိုင်ခန့်အကွာဖြစ်သည်။ မန္တလေး -စဉ့်ကူး- သပိတ်ကျင်း- ထီးချိုင့်နှင့် မန္တလေး-စဉ့်ကူး-မိုးကုတ်စသည့်လမ်းပေါ်မှ အချက်အချာကျသည့်လမ်းဆုံနေရာဖြစ်သည်။
သပိတ်ကျင်းမြို့နယ်မှ စစ်တပ်စစ်ကြောင်းများက မန္တလေး-မိုးကုတ်လမ်းမကြီး စိုးမိုးမှုရရှိရေးအတွက် ဝေဟင်၊ မြေပြင် ပူးပေါင်းကာ အပြင်းအထန်ထိုးစစ်ဆင်နေသည်ဟု စစ်ရေးရင်းမြစ်များကပြောသည်။
“သပိတ်ကျင်း ခု နစ်မိုင်ဘက်က (စစ်ကြောင်း) ပိုနီးစပ်လာတယ်လို့ ပြောလို့ရတယ်။ ဝါးဖြူတောင်ရွာ နဲ့ ဖော့တောလမ်းဆုံမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်” ဟု မိုးကုတ်မြို့ ပြည်သူ့ကာကွယ်ရေး (ပကဖ)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
“ နှစ်ဘက် ထိတွေ့တိုက်ပွဲဆိုတာထက်ကို စစ်ကော်မရှင်ဘက်က လေကြောင်း၊ ဒရုန်းကို အားပြုပြီးတော့ ထိုးစစ်ဆင်နေတာဖြစ်တဲ့အတွက် တော်လှန်ရေးတပ်တွေဘက်က အထိအခိုက်အကျအဆုံးတွေ ရှိနေပါ တယ်”ဟု ၎င်းက ဆိုသည်။
သပိတ်ကျင်းမြို့နယ်မှ ထိုးဖောက်လာသည့်စစ်ကြောင်းများကို NUG ၏ တိုင်းကွပ်ကဲရေးမှတပ်ရင်းများ၊ ပြင်ဦးလွင်ခရိုင်ကွပ်ကဲမှုအောက်မှ တပ်ရင်းများ၊ ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA)တို့က ပူးပေါင်းပိတ်ဆို့ကာကွယ်နေကြသည်ဟု သိရသည်။
လက်ရှိတွင် ဖော့တောလမ်းဆုံနေရာနှင့် ၎င်းအနီးဝါးဖြူတောင်ကျေးရွာတွင် တိုက်ပွဲအပြင်းအထန်ဆုံး ဖြစ်ပွားနေသည်ဟု စစ်ရေးရင်းမြစ်နောက်တစ်ဦးက ပြောသည်။
“အဲဒီအနီးဝါးဖြူတောင်ကျေးရွာကိုလည်း မနေ့က ဗုံးကြဲတယ်။ တိုက်ပွဲကတော့ တော်တော်ကို ပြင်းပြင်း ထန်ထန်ဖြစ်နေတယ်”ဟု စစ်မြေပြင်နှင့်နီးစပ်သူ အထက်ပါစစ်ရေးရင်းမြစ်က ဆိုသည်။

ထို့အတူ နောင်ချိုမြို့ဘက်မှလာသည့်စစ်ကြောင်းအား TNLA နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး(MDY-PDF)၊ ဓနုတပ်ဖွဲ့(DPLA)၊ ကျောက်မဲခရိုင်ပကဖတို့နှင့်အတူ စစ်ကိုင်းတိုင်းမှ PDFတပ်ဖွဲ့ များက ပူးပေါင်းကာကွယ်နေသည်။
စစ်တပ်သည် ဩဂုတ်လ ဒုတိယပတ်တွင် မိုးကုတ်မြို့ တောင်ဘက် မိုင် ၅၀ ခန့်အကွာ နောင်ချို- မိုးကုတ် လမ်းရှိ ဒိုးပင်ကျေးရွာအား သိမ်းပိုက်ခဲ့ပြီး ရှေ့တိုးလာနေခြင်းဖြစ်သည်။
ကမ္ဘာကျော်ပတ္တမြားအပါအဝင် ရတနာထွက်သော မိုးကုတ်မြို့တွင် စစ်တပ်၏လေကြောင်းတိုက်ခိုက်မှု များကြောင့် လွန်ခဲ့သည့်တစ်လကျော်ကတည်းက မြို့ကိုစွန့်ခွာသွားသူ ရာဂဏန်းခန့်ရှိသည်ဟု မိုးကုတ် မြို့နယ်ပကဖထံက သိရသည်။
၂၀၂၁ စစ်တပ်အာဏာမသိမ်းမီ တိုက်ပွဲများမရှိစဉ်က မိုးကုတ်နှင့်မန္တလေးသည် နေ့ချင်းရောက်နိုင်သည့် ခရီးတစ်ခု ဖြစ်ပြီး ယခုအခါ ပြင်းထန်နေသောတိုက်ပွဲများ၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေများ ကြောင့် သွားလာရေးခက်ခဲနေသည်။
ကွင်းလမ်းများမှ သွားလျှင်ပင် ရက်အတန်ကြာခရီးသွားနေရပြီး လမ်းစရိတ်သိန်းချီကုန်ကျနေသည်ဟု ဒေသခံများက ပြောကြသည်။
ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၃၈၀၀ ကျော်သော မိုးကုတ်မြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ စာရင်းများအရ ဗမာ၊ ကချင်၊ ရှမ်းတို့ အများဆုံးနေထိုင်ကြသည်။ အရည်အသွေးကောင်းပတ္တမြား ထွက်ရှိသည့်ဒေသဖြစ်ကာ ဒေသခံအများအပြားမှာ ကျောက်မျက်ရတနာ တူးဖော်ခြင်း၊ ကျောက်မျက် ရောင်းဝယ်ခြင်း စသည့်လုပ်ငန်းများ လုပ်ကိုင်ကြသည်။
မိုးကုတ်ဒေသခံများထဲတွင် တအာင်း/ပလောင် တိုင်းရင်းသားများလည်း ပါဝင်ပြီး TNLA သည် အာဏာ မသိမ်းမီကတည်းက ထိုမြို့တွင် ကာလရှည်လှုပ်ရှားခဲ့သည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
TNLA နှင့် မဟာမိတ်တို့က တစ်လကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် မိုးကုတ်မြို့ရှိ စစ်တပ်စခန်းအားလုံး အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် မတော် (TNLA) က ၂၀၂၄ ဇူလိုင် ၂၄ ရက်နေ့တွင် ကြေညာခဲ့ကာ ၎င်းတို့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသော မြို့ ဖြစ်သည်။
“၁၀၂၇”စစ်ဆင်ရေးကြောင့် ရှမ်းမြောက်ဒေသတစ်ခုလုံးနီးပါး လက်လွှတ်ခဲ့ရသော စစ်တပ်သည် နောင်ချို မြို့အား ပြန်လည်ရယူပြီးနောက် မန္တလေးတိုင်းအတွင်းမှ သပိတ်ကျင်း၊ မိုးကုတ်မြို့ကို ထိုးစစ်ဆင်ခဲ့သလို ကျောက်မဲမြို့ကိုလည်း ထိုးစစ်လုပ်ကာ ပြန်လည်ရယူခဲ့သည်။
လက်ရှိတွင် မန္တလေးတိုင်း သပိတ်ကျင်းနှင့် သီပေါမြို့တို့ကို ထိုးစစ်ဆင်နေသလို ကရင်နီ၊ စစ်ကိုင်းတိုင်း၊ ကရင်၊ ကချင်ဒေသများကို တပြိုင်နက် ထိုးစစ်ဆင်နေသည်။
အထက်ပါ စစ်တပ်ထိုးစစ်များအားလုံးတွင် လေကြောင်း၊ ဒရုန်းအများအပြား အသုံးပြုကာ တိုက်ခိုက်ခဲ့ သဖြင့် ဒေသခံအများစုထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။




