ဆောင်းပါး

၂၀၂၃ နွေဦးတော်လှန်ရေး၏ လိုအပ်နေသော မဟာဗျူဟာဆုံမှတ်

၂၀၂၂ ခုနှစ်ကုန်ချိန်မှ မြန်မာ့အရေးက နိုင်ငံတကာမြင်ကွင်းတွင် နှင်းကွဲချိန် ရောက်လာလေသလား။ 

မြန်မာ့အရေး တပ်ဦးမှ ဦးဆောင်ဖြေရှင်းရန် ကြိုးပမ်းနေသည့် အာဆီယံ ပိုမိုထိရောက်သော ဖြေရှင်းမှုအတွက် ကြိုးပမ်းနေမှု၊ သံတမန်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ဖိအားများပေးနေရာမှ စစ်ရေးကလွဲလျှင် နည်းပညာနှင့် အကူအညီများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF များကို ပေးအပ်တော့မည့် အမေရိကန်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အစဉ်အလာမဟုတ် ဆုံးဖြတ်ချက်တို့က မည်သည့်လားရာကို ဖော်ညွန်းနေပါသနည်း။

မြန်မာ့အရေးက နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို စတင်ခြိမ်းခြောက်ခြင်း ရှိမရှိ ဆိုသည့် အချက်က နိုင်ငံတကာခေါင်းဆောင်များအကြား နှင်းကွဲချိန် ရောက်လာလေပြီလား၊ နိုင်ငံတကာ မျက်နှာစာအသီးသီး၏ ခပ်စိပ်စိပ်ခြေလှမ်းများက ၂၀၂၂ ခုနှစ်အကုန်ကို စိတ်ဝင်းစားစရာများဖြင့် ဖြတ်ကျော်ရပေတော့မည်။  

သို့ဆိုလျှင် ၂၀၂၃ ခုနှစ်က စစ်အာဏာရှင်စနစ် ပြိုကျမည့်နှစ် ဖြစ်လာနိုင်မည်လား၊ စိတ်လောတကြီး နိုင်လွန်နေမလား၊ ဆန်းစစ်လေ့လာကြည့်မိသမျှ တင်ပြလိုက်ပါသည်။

မြန်မာစစ်ခေါင်းဆောင်များအပေါ် နိုင်ငံတကာအမြင်များ ညီညွတ်လာခြင်း

နိုင်ငံတကာအသိုက်အဝန်းအကြား မြန်မာစစ်တပ်နှင့် စစ်ခေါင်းဆောင်များအပေါ် ရှင်းလင်းသွားသည့် အချက်က စစ်တပ်သည် မြန်မာ့နိုင်ငံရေး၏ မည်သည့်အခန်းကဏ္ဍတွင်မျှ မပါဝင်သင့်တော့သည့် အချက် ဖြစ်သည်။ 

ထို့အမြင်က မြန်မာစစ်ခေါင်းဆောင်များသည် မြန်မာ့ပြဿနာ၏ဇစ်မြစ် ဖြစ်နေပြီး၊ နိုင်ငံရေးအရ အဖြေရှာနိုင်မည့် ညှိနှိုင်းဆွေးနွေးဖက်များ မဟုတ်တော့ခြင်းဆိုသည့် သုံးသပ်ချက်ပေါ်တွင် အခြေခံ လာခြင်း ဖြစ်သည်။ 

အကြောင်းမှာ နိုင်ငံတကာအသိုက်အဝန်းက အဆိုးရွားဆုံး ရာဇဝတ်မှုများအဖြစ် သတ်မှတ်ပြဋ္ဌာန်း ထားသော လူမျိုးသုဥ်းသတ်ဖြတ်မှု (Genocide)၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ (Crimes against Humanity) နှင့် စစ်ရာဇဝတ် မှုများ (War Crimes) ကို မြန်မာစစ်ခေါင်းဆောင်တို့က ကမ္ဘာ့အလယ် ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲ ဖြစ်သည်ကို ကမ္ဘာကြီးက ရှင်းလင်းစွာ လက်ခံလာကြခြင်းကြောင့် ဖြစ်သည်။ 

ထိုအခြေအနေသည် အကြောင်းမဲ့ ဖြစ်ထွန်းလာခြင်းမဟုတ်ကြောင့် အောက်ပါ သက်သေများက ညွှန်ပြလျက်ရှိသည်။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီး မိုဆို − ကွိုင်ငံ ရွာချင်းဆက်လမ်းတစ်နေရာတွင် ၂၀၂၁၊ ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့)က တွေ့ရသည့် မီးရှို့ခံထားရသည့် မော်တော်ယာဉ်ပေါ်တွင် တွေ့ရသည့် ရုပ်အလောင်းများ။ ဓာတ်ပုံ − KNDF

အာဏာသိမ်းပြီးနောက် မြန်မာစစ်ခေါင်းဆောင်များ ကျူးလွန်သော ရာဇဝတ်မှုများ

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးကတည်းက ယနေ့အချိန်ထိ စစ်တပ်သည် ပြည်သူပေါင်း ၂၆၀၀ ကျော်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး၊ ၁၃,၀၀၀ ကျော်ကို နိုင်ငံအနှံ့ အကျဥ်း ထောင်များနှင့် စနစ်တကျတည်ဆောက်ထားသော နှိပ်စက်ညှင်းပန်း စစ်ကြောရေးစခန်းများတွင် ဆက်လက် ချုပ်နှောင်ထားသည့် သက်သေအထောက်အထားများကို နိုင်ငံရေးအကျဥ်းသားများ ကူညီ စောင့် ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ မှတ်တမ်းပြုစုထားနိုင်ခဲ့သည်။

၂၀၂၂  နိုဝင်ဘာ ၃၀ အထိ စစ်တပ်သည် မြန်မာနိုင်ငံအနှံ့ လူ့အသိုက်အမြုံ ကျေးရွာ ရာပေါင်းများစွာက အိမ်ခြေပေါင်း ၃၈,၃၈၃ အိမ်ကို မီးလောင်တိုက်သွင်း ဖျက်ဆီးခဲ့သည် ဟု Data for Myanmar က သက်သေအထောက်အထားများနှင့်တကွ မှတ်တမ်းတင်ထားသည်။ 

အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် နိုင်ငံအနှံ့ ပြည်သူ ၁.၁ သန်းကျော်  နေရပ်စွန့်ခွာ ထွက်ပြေးပြီး တောတောင်များထဲ ပုန်းအောင်နေရကြောင်း  ကုလသမဂ္ဂလူ သားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (OCHA) က ဒီဇင်ဘာ ၃ တွင် ထုတ်ပြန်ထားသည်။ 

အဆိုပါ ကိန်းဂဏန်းတွင် အာဏာမသိမ်းမီ ပြည်တွင်းနေရပ်စွန်ခွာထွက်ပြေးသူဦးရေ ၃ သိန်းခွဲခန့်ကို  ထည့်ပေါင်းလျှင် စုစုပေါင်း ၁၄ သိန်း ကျော်ရှိပြီဟု OCHA က ဆိုသည်။ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်က လူမျိုးတုန်းသတ်ဖြတ်မှုများကြောင့် ဘင်္ဂလားရှေဒ့်နိုင်ငံဘက် ထွက်ပြေးခဲ့ရသော ရိုဟင်ဂျာလူမျိုး ၇ သိန်းကျော်နှင့် ယခင်ရောက်နှင့်နေပြီးသား လူဦးရေအပါအဝင် ၁၁ သိန်းခန့်နှင့် ပေါင်းလိုက်လျှင် စစ်တပ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူ ၂၅ သိန်းအထိ ရှိနေပြီ ဖြစ်သည်။

အထက်ပါ အလွန်ဆိုးရွားသော ရာဇဝတ်မှုများကို ကမ္ဘာပေါ်ရှိ မည်သည့်တရားဥပဒေစနစ်ကမျှ တရား ဥပဒေနှင့်ညီသော လုပ်ရပ်များအဖြစ် သတ်မှတ်နိုင်မည် မဟုတ်ပါ။ ထို့အတူ မည်သည့် နိုင်ငံကမျှ မြန်မာစစ်တပ်၏ လုပ်ရပ်များကို “ပြည်တွင်းရေး” ဟု ပြောနိုင်မည် မဟုတ်တော့ပါ။ ထိုလုပ်ရပ်များ အားလုံးကို အာဏာသိမ်းစစ်ခေါင်းဆောင်များ ကျူးလွန်နေရခြင်း အကြောင်းရင်း တစ်ခုတည်း ရှိသည်။

ဆယ်စုနှစ်များစွာ   မြန်မာပြည်သူများ၏ အကြိမ်ကြိမ်၊ ပြတ်ပြတ်သားသား ဆန္ဒထုတ်ဖော်ခဲ့သော မြန်မာ့နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှုကို ငြင်းပယ်ခြင်း၊ နိုင်ငံအာဏာကို လက်နက်အားကိုး ဗိုလ်ကျ အနိုင်ကျင့်ချုပ်ကိုင်လိုသည့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခြင်းတို့ကြောင့် စစ်တပ်က ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်ညှဥ်းပန်းနှိပ်စက် အကြမ်းဖက်ဖျက်ဆီးနေခြင်း ဖြစ်သည်။ 

ယင်းသည် နိုင်ငံရေးအယူဝါဒ ကွဲပြားသော အုပ်စု နှစ်စု၏ အာဏာလုပွဲ မဟုတ်ပါ။ နိုင်ငံအာဏာကို အကြွင်းမဲ့ချုပ်ကိုင်လိုသော အာဏာရမက်လောဘ၏ မောင်းနှင်မှုဖြင့် လူ့အသက်ပေါင်းများစွာကို တမဟုတ်ခြင်း သတ်ဖြတ်နိုင်စွမ်းသော ဖျက်အားပြင်းလက်နက်များ အသုံးပြု၍ လူ့အသိုက်အမြုံများ စွာကို မီးလောင်ပျက်စီးပြာကျစေခဲ့သော၊ ကမ္ဘာပေါ်တွင် အကြမ်းကြုတ်ဆုံး၊ လူမဆန်ဆုံး အသိဉာဏ် အမဲ့ဆုံး လူ့တိရိစ္ဆာန်များဖြင့် လေ့ကျင့်ဖွဲ့စည်းထားသော စစ်မိစ္ဆာတပ်ကြီးက စိတ်တိုင်းကျ လူသတ်ပွဲ ကြီး ဆင်နွဲနေခြင်းသာ ဖြစ်သည်။ 

ယဉ်ကျေးသော ကမ္ဘာ့လူအသိုက်အဝန်းက မြန်မာနိုင်ငံတွင်း အကျည်းတန်ဆုံး လူသတ်ပွဲကြီးကို မဖြစ် မနေ ရပ်တန့်ရေးသည် ကမ္ဘာ့မိသားစုကြီး၏ လျစ်လျူရှု၍မရတော့သော တာဝန်ဖြစ်လာပေပြီ။

မြန်မာစစ်အာဏာရှင်တစ်သိုက်ကို အရေးယူနိုင်မည့် အခြေခံများ တည်ဆောက်လာခြင်း

ကမ္ဘာပေါ်ရှိ အာဏာရှင်များကို နိုင်ငံတကာတရားဥပဒေအရ အရေးယူနိုင်ခဲ့သည့် သာဓကများစွာရှိ သည်။ ထို့ကြောင့် မြန်မာစစ်အာဏာရှင်များကို နိုင်ငံတကာတရားဥပဒေအရ အရေးယူနိုင်မည်လား ဆိုသည့် မေးခွန်းက ဆယ်စုနှစ်နှင့်ချီ ရှိနေခဲ့သည်။ 

နိုင်ငံတကာတရားဥပဒေစနစ်သည် စစ်ရာဇဝတ်ကောင်များကို အလွယ်တကူ ခုံရုံးတင် အရေးယူနိုင် လောက်အောင် တုန့်ပြန်မှု မမြန်ဆန်ပါ။ ထို့ကြောင့် စစ်ရာဇဝတ်ကောင်များကို ချက်ချင်းဖမ်းဆီး၊ ချက်ချင်း နိုင်ငံတကာတရားခုံရုံးရှေ့မှောက် အရောက်ပို့ဆောင် အရေးယူနိုင်ခြင်းထက်၊ ထိုသို့ အရေး ယူမှုများ ဖြစ်လာစေရန် နိုင်ငံရေးအရ ကြိုးပမ်းလုပ်ဆောင်ခြင်းများဖြင့် အစပြုခဲ့ရကြောင်း လေ့လာ တွေ့ရှိရသည်။ ထို့အတွက် အချိန်တစ်ခုကို ဖြတ်သန်းကြရစမြဲပါ။

နိုင်ငံရေးအရ ကြိုးပမ်းလုပ်ဆောင်မှု ဆိုရာတွင် ယေဘုယျ အခြေအနေ နှစ်ရပ်ကို ဦးတည်စေပါသည်။ ပထမ အခြေအနေမှာ သက်ဆိုင်ရာနိုင်ငံက ပြည်သူများ၏ တော်လှန်မှုကြောင့် စစ်ရာဇဝတ်ကောင်များ အာဏာလက်လွှတ်ဆုံးရှုံးသွားချိန် ဖြစ်ပြီး၊ ဒုတိယအခြေအနေမှာ နိုင်ငံတကာက စစ်ရေးအရ ကြားဝင် ဆောင်ရွက်မှုကြောင့် စစ်ရာဇဝတ်ကောင်များကို ဖမ်းဆီးရမိချိန် ဖြစ်ပါသည်။  

မြန်မာနိုင်ငံ၏ ပကတိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုက ပထမအခြေအနေကို ဦးတည်လျက်ရှိပါသည်။ 

ထို့ကြောင့် စစ်မိစ္ဆာခေါင်းဆောင်များကို နိုင်ငံတကာတရားခုံရုံးတွင် အပြစ်ပေးအရေးယူနိုင်ရန်မှာ မြန်မာပြည်သူများ၏ ပြင်းထန်သောစိတ်ဆန္ဒ၊ ညီညွတ်သောအင်အားနှင့် မဆုတ်မနစ်သော ဇွဲသတ္တိ ဖြင့် နွေဦးတော်လှန်ရေးကို ဆက်တိုက်ဆင်နွဲနေသည့် အခြေခံများ ရှိနေပြီဖြစ်သည်။ 

ထိုအခြေခံများကို ၂ နှစ်နီးပါး တည်ဆောက်လာနိုင်ခဲ့၍လည်း ယခုအခါ ဒေသတွင်းနှင့် ကမ္ဘာ့ အသိုက် အဝန်း တခုလုံးက မြန်မာ့အရေးကို လျစ်လျူရှုထား၍ မရတော့သည့် အခြေအနေကို ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ 

လွန်ခဲ့သော ၂ နှစ်အတွင်း မြန်မာပြည်သူများ၏ ရုန်းကန်တိုက်ပွဲဝင်လာမှုက ကမ္ဘာကြီး၏ လျစ်လျူရှုထားချိန် ကုန်ဆုံးလာပြီဆိုသည်ကို ၂၀၂၂ ခုနှစ်နှောင်းပိုင်း ကမ္ဘာအသိုက်အဝန်းကြီး၏ တုန့်ပြန်မှုများ က သိသာထင်ရှားစေသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌတို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်နှင့် စက်တင်ဘာ ၂၁ တွင် နယူးယောက်မြို့၌ တွေ့ဆုံခဲ့စဉ်။

မြန်မာပြည်က စစ်အာဏာရှင်တော်လှန်ရေးကို အသိအမှတ်ပြုလာရသော ကမ္ဘာ့အသိုက်အဝန်း

အာဏာရှင်တော်လှန်ရေးတိုင်းက အရင်းအနှီး ကြီးမားသည်။ စစ်မိစ္ဆာများကို တော်လှန်ရသည်မှာ ပို၍ပင် အရင်းအနှီး ကြီးမားပေလိမ့်မည်။

အစပိုင်းတွင် အရပ်သားအစိုးရ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အုပ်စုနှင့်  စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့အုပ်စုကြား အာဏာပြိုင်ဆိုင်သော ပြည်တွင်းနိုင်ငံရေး ပြဿနာဟု စစ်ခေါင်းဆောင်များ၏ လှည့်စားဝါဒဖြန့်မှုကြောင့် ဒေသတွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းက မြန်မာပြည်သူများအပေါ် လျှော့တွက်ခဲ့ကြသည်။

ထို့ကြောင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးအဖြေရှာရေး (Inclusive Dialogue) လုပ်ကြရန် အာဆီယံအသင်းကြီးက ဦးဆောင်အဆိုပြုလာပြီး၊ စစ်အုပ်စုကို လိုလားထောက်ခံသော တရုတ်နှင့် ရုရှားတို့က ပြည်တွင်းရေးသက်သက် ဖြစ်သည်ဟု ကုလသမဂ္ဂတွင် ပုံဖျက်ဝါဒဖြန့် ခဲ့ကြသည်။

မြန်မာပြည်သူများ၏ ဒီမိုကရေစီအရေး ပြင်းပြသောဆန္ဒကို ကောင်းစွာသိရှိထားသည်ဟု ယူဆရသော အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများသည်ပင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာလျှင် ရနိုင်သည်ဟု ထင်ယောင်ထင်မှားရှိခဲ့ပြီး၊ ၎င်းတို့ခံယူထားသော ဒီမိုကရေစီစံနှုန်းများနှင့် ဆန့်ကျင်သော စစ်တပ်ကို ထိရောက်မှုမရှိသော အရေးယူပိတ်ဆို့မှုများ ဟန်ပြပြုလုပ်ပြီး အချိန်ဖြုန်းခဲ့ကြသည်။

၂၀၂၂ ဒီဇင်ဘာလလယ်ပိုင်းက ရန်ကုန်တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ

မြန်မာ့အရေး နိုင်ငံတကာအာရုံစိုက်မှုလျော့ကျသွားသည့် ရုရှား၏ ယူကရိန်းကျူးကျော်စစ်

မြန်မာပြည်သူများ၏ ကံကြမ္မာပေလား၊ စစ်မိစ္ဆာများ၏ ကံအကျိုးပေးလား ဆိုရမည့် ယူကရိန်းနိုင်ငံကို အနုမြူလက်နက်အင်အားကြီး ရုရှားနိုင်ငံက ကျူးကျော်စစ် စတင်ခဲ့သည့် ယခုနှစ် ဖေဖော်ဝါရီလမှစ၍ နိုင်ငံတကာအသိုက်အဝန်း၏ မြန်မာ့အရေးအာရုံစိုက်မှုများ လျော့ကျခဲ့သည်။ 

နှစ်ကုန်ပိုင်းရောက်လာချိန်တွင် ယူကရိန်း-ရုရှားစစ် အဖြူအမဲ သဲကွဲလာသည်။ ရုရှားတို့ ယူကရိန်း စစ်မြေပြင်မှ အရှုံးနှင့်ဆုတ်ခွာနေရသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမေရိကန် နှင့် ဥရောပမဟာမိတ်များက ယူကရိန်းကို စစ်ရေးအရကူညီသည်။  နိုင်ငံတကာစနစ်ကြီးအတွင်း မဖြစ်နိုင်သော ကိစ္စများကို နေခြင်းညခြင်း မြင်တွေ့လာရခြင်း ဖြစ်သည်။ 

ဒီဇင်ဘာ ခရစ္စမတ်မတိုင်မီ ယူကရိန်းသမ္မတ ဇာလန်းစကီး အမေရိကန်အိမ်ဖြူတော်ကို ရုတ်တရက် ရောက်ရှိလာချိန် သမ္မတဘိုင်ဒန်က အမေရိကန်၏ အဆင့်မြင့်ဆုံး ပတ်ထရီရော့ ဒုံးခွင်းဒုံးစနစ်အပါ အဝင် ဒေါ်လာ ၁.၈ ဘီလီယံတန်ဖိုးရှိသော စစ်ရေးအကူအညီပေးမည်ဟု ကြေညာပြီးနောက် ရုရှား သမ္မတ ပူတင်သည် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးရန် စတင်ကမ်းလှမ်းလာရသည့် အခြေ အနေ ရောက်လာခဲ့သည်။  

တဖက်တွင် ရုရှားခြေလှမ်းအတိုင်း လိုက်လာမည်ကို စိုးရိမ်နေရသော တရုတ်နိုင်ငံ၏ ထိုင်ဝမ်ကို စစ် ဆင်နွဲသိမ်းပိုက်မည့်အလားအလာများက အရှေ့အာရှပထဝီနိုင်ငံရေးကို လွှမ်းမိုးထားရာ အရှေ့တောင် အာရှက မြန်မာ့အရေးကိုပါ ထပ်မံဖုံးလွှမ်း သွားပြန်သည်။

သို့သော် ၂၀၂၂ ခုနှစ် ကုန်ဆုံးလာချိန်တွင် ထိုင်ဝမ်အရေးက အနည်ထိုင်စပြုလာသည်။ ယူကရိန်းကျူးကျော်စစ်ကြောင့် ရုရှားသည် ကမ္ဘာကြီး၏ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေး ဝိုင်းပတ်ပိတ်ဆို့ မှုဒဏ်ကို အလူးအလဲခံစားနေရပြီ ဖြစ်သည်။ စစ်စရိတ် အကြီးအကျယ် သုံးစွဲနေရသဖြင့် ရေရှည် တောင့်ခံရန် မဖြစ်နိုင်တော့သည့်အဆုံး စစ်ပွဲကို အဆုံးသတ်ရန် ကြံဆလာတော့သည်။ ထိုအခြေအနေကို တွေ့မြင်နေရသော တရုတ်ခေါင်းဆောင်များ ရုရှားလျှောက်သည့် လမ်းက ရွေးချယ်စရာမဟုတ် မှန်း သိမြင်လာပုံရသည်။

အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာကြီးက ယူကရိန်းအရေး အရေးယူဆောင်ရွက်မှုများ လျှင်မြန် ပြတ်သားသလောက်၊ မြန်မာ့အရေးကို လျစ်လျူရှုထားခဲ့ခြင်းကို မြန်မာပြည်သူများဖက်က ရပ်တည် သော နိုင်ငံတကာသံတမန်ဟောင်းများ၊ ပညာရှင်များ၊ လူ့အခွင့်အရေးအဖွဲ့များက တဖြည်းဖြည်း အသံ ကျယ်ကျယ်လောင်လောင် ထောက်ပြဝေဖန်မှုများ ၂၀၂၂   ဒုတိယနှစ်ဝက်ကစပြီး ခပ်စိပ်စိပ် တွေ့ရှိလာရသည်။

ဩဂုတ် ၁၄ နေ့တွင် စစ်တပ်က ဝင်ရောက်မီးရှို့ခံရသော ပုထိုးသာရွာရှိ နေအိမ်တစ်လုံးအား တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

နိုင်ငံတကာက မြန်မာ့အရေး ပြန်လည်အာရုံစိုက်လာခြင်း

ကမ္ဘာကြီးက ယူကရိန်း-ရုရှားစစ်ပွဲနှင့် တရုတ်-ထိုင်ဝမ်အရေး အာရုံစိုက်နေကြချိန် မြန်မာပြည်သူများ ၏ ကိုယ့်အားကိုယ်ကိုး စစ်အာဏာရှင်တော်လှန်ရေးဆင်နွဲမှု ချိန်ခွင်လျှာက ၂၀၂၂ ခုနှစ်အတွင်းသို့ ကူးပြောင်းလာချိန်တွင် အပြောင်းအလဲများ ထွက်ပေါ်လာခဲ့သည်။ ထိုအချင်းအရာက ကမ္ဘာ့အသိုက် အဝန်းကြီး၏အမြင်ကို သိသာထင်ရှားစွာ ပြောင်းလဲနိုင်ခဲ့သည်။

အရှေ့တောင်အာရှဒေသတွင် အင်အားအတောင့်တင်းဆုံး စစ်တပ်တစ်ခုအဖြစ် အသိအမှတ်ပြု ခံထားရ သော မြန်မာစစ်တပ်ကို ဆန္ဒပြလူငယ်များက ပြေးရင်းလွှားရင်း ရရာလက်နက်ဖြင့် ခုခံရင်း၊ ဖွဲ့စည်းခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (People’s Defense Forces – PDF) များကို အလွယ်တကူ ချေမှုန်းနှိမ်နှင်းသွားလိမ့်မည် ဟူသော နိုင်ငံတကာ စစ်ရေးပညာရှင်များ၏ သုံးသပ်ထင်မြင်ချက်များ လုံးဝလွဲမှားသွားခြင်း ဖြစ်သည်။ 

စစ်တပ်သည် နိုင်ငံအနှံ့ အလျှိုလျှိုပေါ်ထွက်လာသည့် PDF များကို ချေမှုန်းနိုင်ခြင်းမရှိသည့်အပြင် အာဏာမသိမ်းမီက မည်သည့်လက်နက်ကိုင်လှုပ်ရှားမှုမျိုးမှ မရှိဘဲ တည်ငြိမ်အေးချမ်းခဲ့သော နယ်မြေ ဒေသများဖြစ်သည့် စစ်ကိုင်း၊ မကွေး၊ ချင်း စသည့် ဒေသများကို လက်လွတ်ဆုံးရှုံးခဲ့ရပြီး၊ PDF စိုးမိုး နယ်မြေများအဖြစ် အလျင်အမြန် ပြောင်းလဲသွားသည်။  

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ရှိနေသော်လည်း၊ စစ်တပ်ကသာ အဓိက စိုးမိုးထိန်းချုပ်ထားသော ကရင်နီ၊ ကရင်နှင့် ကချင်ပြည်နယ်များသည် PDF များကို လေ့ကျင့်မွေးဖွားပေးရာ ရေခံမြေခံ သင်တန်းကျောင်းနေရာများဖြစ်လာသည်။ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ ဖြစ်သော KIA, KNU နှင့် KNPP တို့သည် စစ်တပ်ကိုတော်လှန်နေသော Generation Z လူငယ်များ၏ ပြတ်သားရဲရင့် စွန့်လွှတ်စွန့်စားမှုများကို မယုံကြည်နိုင်စရာ တွေ့မြင်လာသည်၊ စစ်တပ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးသည့်လမ်းကြောင်းကို စွန့်လွှတ်ကာ တော်လှန်းရေးထဲ ခြေစုံပစ် ပါဝင်လာပြီး၊ PDF များကို လေ့ကျင်လက်နက်တပ်ဆင်ပေးလာကြသည်။

အချိန်က တိုတောင်းလှသော်လည်း လက်နက်အင်အားအလွန်တောင့်တင်းသော စစ်တပ်ကို အန်တုခုခံရာတွင် နိုင်ငံတကာစစ်ရေးပညာရှင်များ၏ တွက်ကိန်းအားလုံးလွဲမှားသွားစေရန် စွမ်းဆောင်နိုင်ခဲ့သော Gen Z များဖြင့် ဖွဲ့စည်းထားသည့် PDFs များကို ကမ္ဘာကြီးက အသိအမှတ်မပြုဘဲ မနေနိုင်တော့ပါ။

အမေရိကန်ကွန်ဂရက်မှ Burma Act ဥပဒေကို အတည်ပြုပေးလိုက်သည့်အတွက် ကျေးဇူးတင်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ပြန်ခဲ့သည်။

Burma Act ဖြင့် အမေရိကန်၏ မြန်မာ့အရေး အာရုံပြန်စိုက်လာခြင်း

၂၀၂၂  ဒီဇင်ဘာတွင် Burma Act ပြဋ္ဌာန်းလိုက်ခြင်းနှင့်အတူ မြန်မာ့အရေးတွင် အမေရိကန် နိုင်ငံက မူဝါဒရေးရာ အပြောင်းအလဲတစ်ခု အခြေခံကျကျပြုလုပ်လိုက်သည်ကို စတင်မြင်တွေ့လာရသည်။

ထိုမူဝါဒအပြောင်းအလဲမှာ စစ်တပ်ကို နှစ်ပေါင်း ၇၀ ကျော် တော်လှန်နေသော တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များနှင့် လွန်ခဲ့သောနှစ်ကမှ ဖွဲ့စည်းပေါ်ပေါက်လာပြီး စစ်တပ်ကို ကျားကုတ်ကျားခဲ ခုခံ တော်လှန်နေသော PDFs များကို အမေရိကန်အစိုးရက ကူညီပေးအပ်ရန် လွှတ်တော်နှစ်ရပ်စလုံးက ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။ နည်းပညာအကူအညီ (Technical Support) နှင့် လူမသေစေနိုင် သော အထောက်အပံ့အကူအညီများ (Non-lethal Assistance) ပေးရန် ဖြစ်သည်။

အမေရိကန် – မြန်မာ ဆက်ဆံရေးသက်တမ်းတလျှောက် မည်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှင့်မျှ ထိတွေ့ဆက်ဆံခြင်းမရှိခဲ့သော အမေရိကန်သည် Burma Act ဖြင့် မူဝါဒအချိုးအကွေးကြီး တခု ကို ပြုလုပ်လာခဲ့သည်။

ဥရောပတွင် ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို ဦးကျိုးအောင်လုပ်နိုင်လိုက်ချိန်၊ အာရှနဂါးကြီး တရုတ်၏ ထိုင်ဝမ်ရန်လိုမှုကို ထိန်းကွပ်နိုင်လိုက်ချိန်၊ ပြည်တွင်းရေးသက်သက်ဟု လျစ်လျူရှုထားရန် မဖြစ်နိုင်သော မြန်မာ့အရေးက အမေရိကန်မူဝါဒချမှတ်သူများ၏ အာရုံကို ပြန်လည်ဆွဲဆောင်ခဲ့လေ ပြီလား။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဒီဇင်ဘာ ၂၂ က ပြုလုပ်သည့် အလွတ်သဘောတွေ့ဆုံပွဲတွင် စစ်ကောင်စီဝန်ကြီးများနှင့် အာဆီယံအဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။

မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်အသစ် ဆွဲအား

ရုရှား၏ ယူကရိန်ကျူးကျော်စစ်နှင့် တရုတ်၏ ထိုင်ဝမ်ကို စစ်ရေးအရ ခြိမ်းခြောက်မှုများကြောင့် ကမ္ဘာကြီးက မြန်မာအရေး အာဆီယံနှင့် လွဲထားချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသက်ရှုခွင့် ရသွားစေခဲ့သည်။ 

ကမ္ဘာအခြေအနေကို အခွင့်ကောင်းယူတတ်သော မင်းအောင်လှိုင်သည် နွေဦးတော်လှန်ရေးတွင် ရှေ့တန်းက ဦးဆောင်ကြိုးပမ်းခဲ့ကြသော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်များ ဖြစ်သည့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် လူ ၄ ဦးကို   ကြိုးပေး ကွက်မျက်ခဲ့သည်။ 

ထိုသို့မလုပ်ရန် အာဆီယံအသင်းကြီးက မေတ္တာရပ်ခံနေစဥ်မှာပင် စစ်မိစ္ဆာ မင်းအောင်လှိုင်သည် သွေးအေးအေး လူသတ်အောင်ပွဲခံပြခြင်းဖြင့် ကမ္ဘာကြီးကို အာခံပြလိုက်သည်။ ရလဒ်အနေဖြင့် နိုဝင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေးက မြန်မာအရေး ကိုင်တွယ်ဖြေရှင်းရန် ချမှတ်ထားသော်လည်း မအောင်မြင်သည့် တူညီဆန္ဒ ၅ ရပ်ကို ပြန်လည်သုံးသပ်ခဲ့ပြီး မြန်မာ့အရေးခြေလှမ်းသစ်များ ချမှတ်ခဲ့ကြသည်။ 

မြန်မာ့အရေးက ဒေသတွင်းတည်ငြိမ်ရေး၊ အာဆီယံဗဟိုပြုမှုနှင့် ဂုဏ်သိက္ခာကို ခြိမ်းခြောက်နေ ကြောင်း ၂၀၂၁  အောက်တိုဘာ ၁၅   အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးကတည်းက အာဆီယံခေါင်းဆောင်များ အတိအလင်းထုတ်ပြန်ထားပြီး ဖြစ်သည်။ 

ထိုအစည်းအဝေးမှာပင် မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။ ထိုမျှလောက် ဖိအားဖြင့် မင်းအောင်လှိုင်ကို ထိန်းကွပ်နိုင်မည်ဟု အာဆီယံခေါင်းဆောင်များ အထင်ရှိခဲ့လေသလား။  

အာဆီယံအတွင်း အားလုံးသဘောတူသည့် “မူ” (Consensus) ရရှိရန် ခက်ခဲခြင်းက အဓိက အားနည်းချက်ဖြစ်ပြီး၊ အာဆီယံတစ်ခုတည်းက မြန်မာ့အရေး ဖြေရှင်းရန် လုံလောက်သော အင်အားမရှိသည်ကို သဘောပေါက်ကြသော အာဆီယံခေါင်းဆောင်များသည် ကုလသမဂ္ဂနှင့် မိတ်ဖက်နိုင်ငံများကို စစ်ကူ တောင်းခံသည့် တောင်းဆိုချက်ကို ဆုံးဖြတ်ချက်အသစ်တွင် ထည့်သွင်းခဲ့သည်။

ရန်ကုန်မြို့လယ်တွင် ကင်းစခန်း အခိုင်အမာ၊ လက်နက် အပြည့်အစုံဖြင့် အသင့်နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၆ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

စစ်အာဏာရှင်နှင့် ပုလင်းတူဘူးဆို့ တရုတ်၊ ရုရှားတို့ လုံခြုံရေးကောင်စီတွင် ချောင်ပိတ်မိသွားခြင်း

ထိုအချိန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ဗြိတိသျှသံအမတ်ကြီး ဦးဆောင်လျက် မြန်မာ့အရေး ဆုံးဖြတ်ချက်တစ်ရပ် လုံခြုံရေးကောင်စီတွင် ချမှတ်နိုင်ရန် ကြိုးပမ်းမှုနှင့် ကြုံကြိုက်နေ သည်။ 

အာဆီယံက တောင်းဆိုပြီး တစ်လအကြာ လုံခြုံရေးကောင်စီက ဗြိတိသျှသံအမတ်ကြီး ဦးဆောင် တင်သွင်းခဲ့သော ဆုံးဖြတ်ချက်အဆိုကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၂ မဲ၊ ကြားနေမဲ ၃ မဲနှင့် ကန့် ကွက်မဲ မရှိ အတည်ပြုနိုင်ခဲ့သည်။

ဤသို့ဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသမိုင်းတွင် မြန်မာစစ်တပ်ကို အမြဲအကာအကွယ်ပေးထား သော အာဏာရှင် ပုလင်းတူဘူးဆို့ တရုတ်နှင့် ရုရှားတို့ မကန့်ကွက်သည့် မြန်မာ့အရေး သမိုင်းဝင် ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့သည်။ 

ထိုဆုံးဖြတ်ချက်တွင် စစ်တပ်က မတရား ထိန်းသိမ်းထားသူအားလုံး လွှတ်ပေးရန် တောင်းဆိုချက် တွင် “သမ္မတ” ဦးဝင်းမြင့် နှင့် “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်” ဒေါ်အောင်ဆန်းစုကြည်ဟု ၎င်းတို့၏ နိုင်ငံရေးရာထူးများကို ဖော်ပြ၍ တောင်းဆိုခြင်းက ကုလသမဂ္ဂသည် အာဏာမသိမ်းမီ အရပ်သား အစိုးရကိုသာ လက်ခံထားကြောင်း အတိအလင်း ထပ်မံဖော်ပြလိုက်ခြင်း ဖြစ်သည်။

မြန်မာ့အရေးက “ပြည်တွင်းရေး” နှင့် “လူ့အခွင့်အရေးပြဿနာ” ဖြစ်ပြီး၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စများကိုသာ ကိုင်တွယ်ဖြေရှင်းရမည့် လုံခြုံရေးကောင်စီ၏ အခွင့်အာဏာဘောင်အတွင်း မကျရောက်သဖြင့် အစဉ်တစိုက် ဗီတိုအာဏာသုံး ပိတ်ဆို့ခဲ့သော တရုတ်နှင့် ရုရှားတို့ ဤတကြိမ် အဘယ်ကြောင့် မပိတ်ဆို့ခဲ့သနည်း။  

“နိုင်ငံရေးတွင် တိုက်ဆိုင်တာမရှိ” ဆိုသည့် ဆိုရိုးစကားအတိုင်း လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အဆိုမူကြမ်း ဆွေးနွေးမှုများတွင် ဗြိတိသျှသံအမတ်ကြီး၏ ပါးနပ်လိမ္မာမှုကြောင့် ဗီတိုအာဏာ မသုံးခြင်း ဖြစ်သည်။ 

အဆိုမူကြမ်းကို အာဆီယံထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်ထဲက ကုလသမဂ္ဂအကူအညီကို တောင်းဆိုသည့်အချက်နှင့် ချိတ်တွဲလိုက်ခြင်း၊ အာဆီယံနိုင်ငံများ၏ ထောက်ခံမှုရရှိရန် အဆိုမူကြမ်းတွင် အာဆီယံ ဗဟိုပြုမှုနှင့် ဦးဆောင်ဖြေရှင်းမှုကို ထောက်ခံထားခြင်းက တရုတ်နှင့် ရုရှားကို ချောင် ပိတ်မိသွားစေခဲ့သည်။ 

ထို့အပြင် အထက်တွင် သုံးသပ်တင်ပြခဲ့သည့်အတိုင်း ယူကရိန်းကျူးကျော်စစ်တွင် ရုရှားတို့ အရေးနိမ့် လာခြင်း၊ ထိုင်ဝမ်အရေး တရုတ်၏ရန်လိုမှုများ ရှေ့မတိုးနိုင်ရန် ဟန့်တားနိုင်လိုက်ခြင်းနှင့် ကိုဗစ် ကပ်ရောဂါ ကိုင်တွဲမှုအမှားများကြောင့် သမ္မတရှီကျင်ဖျင်သည် တရုတ်ပြည်သူများ၏ မကြုံဖူးသော ဆန့်ကျင် ဆန္ဒပြမှုများ ရင်ဆိုင်လာရာမှ ကိုဗစ်စည်းကမ်းတင်းကျပ်မှုများ ဖြေလျှော့ပေးခဲ့ရာ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်မနိုင်သည့်အဆင့်သို့ ရောက်ရှိလာခြင်း စသည့် ပြည်တွင်းရေးများကို တရုတ်အစိုးရ အာရုံစိုက်နေရသည်။

ထိုအပြင် မြန်မာအရေး ဆုံးဖြတ်ချက်ကို ကန့်ကွက်မည့်သူမှာ အဖွဲ့ဝင် ၁၅ နိုင်ငံထဲတွင် သူတို့ နှစ်နိုင်ငံတည်း ဖြစ်နေပြီး၊ ကန့်ကွက်လိုက်လျှင် ကမ္ဘာ့အရေးတွင် သူတို့နိုင်ငံများ၏ ပုံရိပ် ဆိုးသည်ထက် ဆိုးရွား သွားနိုင်ပြီး၊ အာဏာရှင် စနစ်ထွန်းကားရေး ကြိုးပမ်းနေသော “ပုလင်းတူဘူးဆို့များ” ဟု သမုတ်ခံရမည်မှာ သေချာပေသည်။

၂၀၂၂ ခုနှစ်အကုန် မြန်မာ့နိုင်ငံရေး နိုင်ငံတကာ၏ မဟာဗျူဟာဆုံမှတ်များ 

အာဆီယံခေါင်းဆောင်များ၏ ကုလသမဂ္ဂနှင့် မိတ်ဖက်နိုင်ငံများ အကူအညီတောင်းခံသည့် ဆုံးဖြတ်ချက်၊ အာဆီယံ၏ အဓိက မိတ်ဖက်နိုင်ငံကြီး ဖြစ်သော အမေရိကန်၏ Burma Act ဖြင့် အချိန်ကိုက် တုန့်ပြန်မှု၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များက ရှေ့ဆင့်နောက်ဆင့် အချိန်ကိုက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုအခြေအနေတွင် ဒီဇင်ဘာ ၁၄  ဘယ်လ်ဂျီယန်နိုင်ငံ ဘရက်ဆယ်လ်မြို့တော်တွင် ကျင်းပခဲ့သော ASEAN-EU Summit ကာလအတွင်း ဥရောပသမဂ္ဂက မြန်မာပြည်သူများ၏ ဆန္ဒနှင့် ထပ်တူ ကိုယ်စားပြုသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်များကို တရားဝင် ဖိတ်ကြားခဲ့ပြီး၊ ထိပ်သီးအစည်းအဝေးအပြင်ဘက်တွင် တရားဝင်တွေ့ဆုံခဲ့ခြင်းဖြင့် မြန်မာပြည်သူများ နှင့်အတူ ရပ်တည်ကြောင်း ပြသခဲ့သည်။

အဆိုပါ အခြေအနေအရပ်ရပ်က ညွှန်ပြနေသည်မှာ ယူကရိန်းနှင့် ထိုင်ဝမ်အရေးတို့ဖြင့် အလုပ်ရှုပ်နေ ခဲ့ပြီး မြန်မာအရေးကို လျစ်လျူရှုထားခဲ့သော ကမ္ဘာကြီးသည် ၂၀၂၃ ခုနှစ်တွင် ပိုမိုအာရုံစိုက် ဖြေရှင်းလာမည့် အရိပ်လက္ခဏာများအဖြစ် မြင်တွေ့နေရသည်။ 

ထိုသို့ဖြစ်လာခြင်းမှာ ဆိုးယုတ်လွန်းသော စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှုအပေါင်းမှ လွတ်မြောက်ရန် မြန်မာပြည်သူများ၏ ရုန်းကန်ကြိုးပမ်းမှုကို ကမ္ဘာကြီးက ဆက်ပြီးလျစ်လျူရှုရန် မဖြစ်နိုင်တော့ခြင်းကြောင့်ပင်။

ကုလလုံခြုံရေးကောင်စီ၊ အမေရိကန်၊ အာဆီယံနှင့် ဥရောပသမဂ္ဂ ခြေလှမ်းအားလုံး၏ မြန်မာ့အရေး မဟာဗျူဟာ ဆုံမှတ်များ တညီတညာတည်း ထွက်ပေါ်လာပြီ ဖြစ်သည်။ 

ပထမမဟာဗျူဟာဆုံမှတ် မှာ စစ်အာဏာသိမ်းမှုကို အားလုံးက တညီတညာတည်း လက်မခံဆန့်ကျင်ကြသည်။ ထို့ကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင်က ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာကိုလှည့်စားရန် စီစဥ် နေသော ရွေးကောက်ပွဲကို နိုင်ငံတကာက လက်သင့်မခံမည့် အခြေအနေမှာ ပို၍ထင်ရှားလာပေပြီ။ 

ဒုတိယမဟာဗျူဟာဆုံမှတ် မှာ မြန်မာ့အရေး မည်သည့်ဖြေရှင်းမှုမဆို ပြည်သူများ၏ ဆန္ဒနှင့် အကျိုး စီးပွားအပေါ် အခြေခံရမည်ဟု နိုင်ငံတကာက တညီတညာတည်း ရပ်တည်လာကြခြင်း ဖြစ်သည်။ ထို အချက်ကို ထုတ်ပြန်ခဲ့သမျှ ကြေညာချက်များတွင် တွေ့မြင်နိုင်သည်။  

သို့သော် ဤမျှဖြင့် မလုံလောက်သေးပါ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာရှင်တို့၏ စရိုက်လက္ခဏာအတိုင်း နိုင်ငံတကာဖိအားကို အဆုံးအထိ အာခံသွားရန် ပြင်ဆင်ထားသည်။ 

မကြာသေးခင်ကမှ ရုရှားနှင့် တရုတ်နိုင်ငံတို့ထံမှ အဆင့်မြင့် တိုက်လေယာဥ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဥ်များ ဝယ်ယူဖြည့်တင်းခဲ့ခြင်းဖြင့် တိုင်းပြည်ကြေမွသွားပါစေ၊ အာဏာလက်မလွှတ်ရေး လမ်းကြောင်းကို ရွေးချယ်ထားသည်။

သို့သော် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်၊ Burma Act နှင့် အာဆီယံဆုံးဖြတ်ချက်များသည် စစ်ခေါင်းဆောင်များကို နိုင်ငံတကာတရားရေးစနစ်အတွင်းက လက်တွေ့အရေးယူနိုင်မည့် နိုင်ငံရေးအခြေခံများ (Political foundations) တည်ဆောက်ထားနိုင်ခဲ့သည်ဟု သုံးသပ်ကောက်ချက်ချနိုင်ပါသည်။ 

တတိယမဟာဗျူဟာဆုံမှတ်ကို အကောင်အထည်ဖော်နိုင်ရန်သာ လိုအပ်တော့သည်။ ယင်းမှာ NUG ကို မြန်မာပြည်သူများ၏ ဆန္ဒနှင့် မျှော်မှန်းချက်များအား ကိုယ်စားပြုသော တရားဝင် အစိုးရဖြစ် ကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် စစ်အာဏာသိမ်းမှုအတွက် နေရာမရှိစေရ ဆိုသည့်အချက်ကို ဒီမို ကရေစီ မဟာမိတ်နိုင်ငံများက ပူးပေါင်း၍ မြန်မာ့အရေးတွင် ပြသနိုင်ရေး  ဖြစ်သည်။ 

NUG နှင့် တော်လှန်ရေးအင်အားစုများအားလုံး (အထူးသဖြင့် NUG နှင့် လက်ရှိ ပူးပေါင်း ဆောင်ရွက်နေ သော တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ) တစ်သားတည်း တစ်သံတည်းရှိသည် ဆိုသည့် တော်လှန်ရေးသန္နိဋ္ဌာန်ကို ခိုင်ခိုင်မာမာ ပြသရန်နှင့် ထိုအချက်ကို နိုင်ငံတကာသို့ နည်းလမ်းမျိုးစုံဖြင့် စဥ်ဆက်မပြတ် အသိပေးနေရန် လိုအပ်ပါသည်။

သို့ဆိုလျှင် နိုင်ငံတကာတရားရုံး (ICJ) နှင့် နိုင်ငံတကာရာဇဝတ် ခုံရုံး (ICC) တို့တွင် စစ်ခေါင်းဆောင် များကို အရေးယူနိုင်မည့် တံခါးပေါက်များ နေ့ချင်းညချင်း ပွင့်သွားပေလိမ့်မည်။ NUG ကိုယ်တိုင် ထို နိုင်ငံတကာခုံရုံး နှစ်ခုကို ၎င်းတို့၏ တရားစီရင်မှုအား လက်ခံသည့် တရားဝင်ကြေညာချက် တင်သွင်း ထားပြီး ဖြစ်သည်။

၎င်းတို့ ကျူးလွန်ထားသော အဆိုးရွားဆုံး နိုင်ငံတကာရာဇဝတ်မှုများအတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) က စုဆောင်းထားသော သန်းနှင့်ချီသည့် အထောက်အထားများ ခုံရုံးအသီးသီးကို တင်သွင်းရန် အဆင်သင့် ပြင်ဆင်ထားပြီးသား ဖြစ်နေသည်။

ထို့ကြောင့် နွေဦးတော်လှန်ရေးသည် တတိယမဟာဗျူဆုံမှတ်ကို အရောက်သွားရမည်ဖြစ်ပြီး ထိုအချိန် ရောက်လာသည့်အခါ စစ်ခေါင်းဆောင်များကို ရုရှားနှင့်တရုတ် စစ်လက်နက်ပစ္စည်းများက အကာ အကွယ်မပေးနိုင်တော့ပါ။ မြန်မာပြည်သူ သန်းပေါင်းများစွာ၏ တော်လှန်မှု ခြေဖဝါးအောက် ကြေမွ သွားနိုင်စရာပင် ရှိပေလိမ့်မည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button