ဆောင်းပါး

တစ်စစီ ဖြိုခွဲခံရသည့် ရခိုင့်အင်အားစုများ

ပြည်နယ်နှင့်တိုင်း ၁၃ ခုတွင် စစ်တပ်အာဏာသိမ်းခြင်းကို ကန့်ကွက်ဆန္ဒပြခြင်း၊ ထိုသို့ ကန့်ကွက်သူတို့ကို ဖမ်းဆီး၊ ပစ်သတ်ခြင်းတို့ ဖြစ်ပေါ်ခဲ့စဉ်က ရခိုင်ပြည်နယ်တွင် ထိုဖြစ်ရပ်များကို မတွေ့ခဲ့ရပေ။

၂ နှစ်ကြာ ဖြစ်ပွားခဲ့သော ရက္ခိုင့်တပ်တော် (AA) နှင့် စစ်တပ်တို့၏ တိုက်ပွဲများ ရုတ်တရက် ရပ်တန့်လိုက်သဖြင့် တည်ငြိမ် ငြိမ်းချမ်းမှုအရသာကို ခံစားနေရသော ရခိုင်ဒေသခံအများစုသည် ရုတ်တရက် ပေါ်ပေါက်လာသော စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဟန်မပြဘဲ လေ့လာ စောင့်ကြည့်ခဲ့သဖြင့် ရခိုင်ဒေသအခြေအနေသည် အခြားဒေသများနှင့် ကွဲပြားခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းစတွင် ဗိုလ်ချုပ်ကြီးများက ရခိုင်ဒေသအတွင်း ပစ်ခတ်၊ ဖမ်းဆီးမှုမပြုခဲ့သော်လည်း ရခိုင်အင်အားစုများကို သပ်လျှိုသွေးခွဲသည့်နည်းဖြင့် အားအင်ချည့်နဲ့သွားစေရန် ဆက်တိုက်လုပ်ဆောင်လာပြီး နိုင်ငံရေးပါတီများအင်အားစုဘက်ကို ကြည့်လျှင်လည်း အဖတ်ဆယ် မရနိုင်လောက်အောင် ပြိုကွဲသွားသည်ဟု ရခိုင်ဒေသခံတို့က ပြောသည်။

ရာထူးပေးခြင်း  

အရပ်ဘက်လူမှုအဖွဲ့အစည်းများမှာလည်း ယခင်ကကဲ့သို့ တွန်းတိုက်နိုင်အား မရှိတော့သလို လုပ်ကိုင်နိုင်သူများလည်း တစ်စတစ်စ ပျောက်ကွယ်သွားသည်ကို သတိထားကြည့်လျှင် မြင်နိုင်သည်။ 

လူထု၏ ဆန္ဒကို အပြည့်အဝ ဖော်ဆောင်ပေးနိုင်သည်ဟု ခေတ်အဆက်ဆက်၊ ရွေးကောက်ပွဲအဆက်ဆက် ယုံကြည်သက်ဝင်ခဲ့ရသည့် ပါတီများ၊ တော်လှန်ရေးအင်အားစုသည်ပင်လျှင် ဖြိုခွဲခံထားရပြီဖြစ်သည်။ 

စစ်အာဏာရှင်တို့သည် အင်အားကြီးထွားလာသည့် အဖွဲ့အစည်းများကို ခေတ်အဆက်ဆက် သပ်လျှို ဖြိုခွဲခဲ့ပြီး ၂၀၂၁ အာဏာသိမ်းစစ်ကောင်စီသည်လည်း ယခင်နည်းအတိုင်းပင် ဆက်ကျင့်သုံးလာသည်ကို မျက်ဝါးထင်ထင် တွေ့မြင်လာရသည်။

ရခိုင်အင်အားစုများဖြိုခွင်းခံရမှုသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ် အာဏာသိမ်းချိန်ကတည်းက အစပြုခြင်း ဖြစ်သည်။  

ရခိုင်ဒေသတွင်း ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများတွင် သောင်ပြိုကမ်းပြို အနိုင်ရရှိထားသော ရခိုင်အမျိုးသားပါတီ(ANP) ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်အေးနုစိန်ကို စစ်ကောင်စီအဖွဲ့တွင် ထည့်သွင်းရာမှ ဖြိုခွင်းမှုကို အစပြုခဲ့သည်။

ဒေါ်အေးနုစိန်သတင်းထွက်ပေါ်လာသည်နှင့် ANP ပါတီတွင် သဘောထားကွဲလွဲမှု ကြီးမားလာပြီး ပါတီဘက်မှ အခိုင်အမာရပ်တည်ခဲ့သည့် ပါတီအမာခံတချို့ နုတ်ထွက်သည်အထိ ဖြစ်ခဲ့သည်။

ထို့ပြင် ANP ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပြီး ရခိုင့်ဦးဆောင်ပါတီ (AFP) ကို တည်ထောင်ထားသူ ဒေါက်တာအေးမောင်အား ထောင်ဒဏ် နှစ် ၂၀ ချမှတ်ထားရာမှ လွှတ်ပေးခဲ့သည်။

စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အကြိမ်ကြိမ်ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက် ဒေါက်တာအေးမောင်၏ နှုတ်ထွက်စကားများသည် ပြည်သူနှင့် ကင်းကွာစပြုလာရာမှ ဒေါက်တာအေးမောင်အပေါ် လူထုယုံကြည်မှု လျော့နည်းလာခဲ့သည်။

ထို့နောက် ၎င်းတို့အုပ်ချုပ်ရေးယန္တရားအတွက် ပြည်နယ်ဝန်ကြီးချုပ်ရာထူးကို ရခိုင်တောင်ပိုင်းမှ ဒေါက်တာအောင်ကျော်မင်းကို ပေးအပ်ခဲ့ပြီးနောက် ရခိုင်မြောက်ပိုင်း၌ လူထုကို သြဇာညောင်းသူ၊ လူထုကို ဦးဆောင်နိုင်သူများထဲမှ အငြိမ်းစားကျောင်းဆရာ ဦးသန်းထွန်း (ဆရာကျား) ကို စည်ပင်ဝန်ကြီးရာထူးပေးအပ်ခဲ့သည်။

ရခိုင်အမျိုးသားပါတီ(ANP) ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်အေးနုစိန်ကို ၂၀၁၉ အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)

၎င်းသည် စစ်တွေမြို့မိမြို့ဖဟောင်း ဗိုလ်ချုပ်မောင်မောင်အုန်း (ယခင်ကာလများက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်) နှင့် အလွန်းသင့်သူလည်း ဖြစ်သည်ဟု သိရသည်။

အလားတူ ရခိုင်အမျိုးသားပါတီမှ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားဝန်ကြီးဟောင်း ဦးဇော်အေးမောင်ကို တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနတွင် ဒုဝန်ကြီးနေရာ ပေးအပ်သည်။

ဒေါက်တာအောင်ကျော်မင်းကို ဝန်ကြီးချုပ်ရာထူးပေးအပ်ခြင်းသည် တောင်ပိုင်းလူထုအား သိမ်းသွင်းခြင်း ဖြစ်ပြီး ဦးသန်းထွန်း(ဆရာကျား) အား ဝန်ကြီးတစ်နေရာပေးခြင်းမှာလည်း စစ်တွေတက်ကြွလှုပ်ရှားသူများအား နှုတ်ဆိတ်အောင် လုပ်လိုက်ခြင်းဖြစ်သည်ဟု လူထုက မြင်ကြသည်။ 

အမှန်တကယ်မှာလည်း စစ်တွေမြို့မှ တက်ကြွလှုပ်ရှားသူအသိုင်းအဝိုင်းမှာ စစ်ကောင်စီလက်ထက်တွင် ထူးထူးခြားခြားနှုတ်ဆိတ်သွားသည်ကို တွေ့မြင်ရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်ဝန်ကြီးချုပ် ရုံးထိုင်ရာ ရခိုင်ပြည်နယ်အစိုးရဖွဲ့ရုံးကို ၂၀၂၁ ဇန်နဝါရီအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

တစ်ကျော့ပြန်တိုက်ပွဲကာလ

၂၀၂၀ ရွေးကောက်ပွဲကာလကတည်းက ပစ်သံခတ်သံရပ်တန့်နေသည့် ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားအဖွဲ့ချုပ် /ရက္ခိုင့်တပ်တော် (ULA/AA) ၏ သြဇာကြီးထွားလာသည့် အခြေအနေကို မရှုဆိတ်နိုင်တော့သည့်အဆုံး စစ်ကောင်စီက အပစ်ရပ်ထားသည့် ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ (ALP) ကို ပွဲထုတ်လာတော့သည်။ 

ALP ကို စစ်တွေမြို့ ရှိနာဇီရွာ မီးလောင်ကွင်းကို အပိုင်စားပေးပြီး အလယ်ပိုင်းတိုင်းပါတီဌာနချုပ် တည်ထောင်ခွင့်ပြုလိုက်သည်။ ထို့နောက် ULA /AA ၏ သတင်းများကို ရယူနိုင်ရန်အတွက် ဧည့်စာရင်းစစ်ဆေးခြင်း၊ လမ်းသွားလမ်းလာများ စစ်ဆေးခြင်းများတွင် ALP  အဖွဲ့ဝင်များကို လက်နက်ကိုင်ခိုင်းပြီး စစ်ကောင်စီ၏ လက်အောက်ခံတပ်ကဲ့သို့ လုပ်ပိုင်ခွင့်ပေးထားသည်ကို တွေ့ရသည်။

ယင်းသို့ ALP ကို လုပ်ပိုင်ခွင့်ပေးလိုက်ခြင်းအားဖြင့် ULA/AA ဒေါသကို ဖြစ်ပေါ်စေပြီး ငါးကြင်းဆီနှင့် ငါးကြင်းကြော် ဆိုသလို တော်လှန်ရေးအင်အားစုချင်း မသင့်မြတ်အောင်၊ တစ်ဖက်နှင့်တစ်ဖက် ဖြိုခွဲရေးလမ်းစဉ်သို့ ရောက်အောင် မသိမသာတွန်းပို့လိုက်သည်။ 

၎င်းတို့ကို ထောက်ခံသူများအား ဖမ်းဆီးရာတွင် ပါဝင်သည်ဟု စွပ်စွဲကာ ALP ထိပ်ပိုင်းခေါင်းဆောင်တချို့ကို AA က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ALP သည် သစ္စာဖောက်လမ်းစဉ်ကို လျှောက်နေသည်ဟု ULA/AA က ထုတ်ဖော်ပြောဆိုခဲ့သည်။

ULA/AA နှင့် စစ်ကောင်စီတို့ တစ်ကျော့ပြန်တိုက်ပွဲများ ဩဂုတ်လမှစတင်ကာ ဖြစ်ပွားနေစဉ် ALP သည် စစ်ကောင်စီနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး စစ်တွေမြို့ပေါ်၌ သင်တန်းဆင်းပွဲတစ်ခုကို ကျင်းပခဲ့သည်ကို ၎င်း၏ လူမှုကွန်ရက် ဖေ့ဘွတ်စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။

ထိုကာလအတွင်း စစ်ကောင်စီက ULA/AA သံသယဖြင့် စစ်တွေမြို့ပေါ် နေအိမ်များကို ဝင်ရောက် ဖမ်းဆီးရာတွင် ALP ပါဝင်နေသည်ဟု သတင်းများထွက်ပေါ်လာ၍ ရခိုင်လူထုအနေဖြင့် ALP ၏ လုပ်ရပ်အပေါ် ဝေဖန်မှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။

ALP သည် စစ်ကောင်စီနှင့် နီးကပ်စွာရှိနေခြင်းသည် ရခိုင်နိုင်ငံရေးအတွက် များစွာ သက်ရောက်မှု မရှိနိုင်ဟု ဆိုကြသော်လည်း သတိထားရမည့် သပ်တစ်ချောင်းဖြစ်နိုင်ကြောင်း ရခိုင်နိုင်ငံရေး စောင့်ကြည့်လေ့လာသူများက ဝေဖန်သည်။

စစ်ကောင်စီသည် ရခိုင်တော်လှန်ရေးအဖွဲ့များအကြားတွင် ပဋိပက္ခဖြစ်ပေါ်အောင် ကြိုးပမ်းသကဲ့သို့ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် လူမျိုး၊ ဘာသာမတူသူများကြားတွင်လည်း ပဋိပက္ခအသွင်ဖြစ်အောင် ကြိုးပမ်းခဲ့သည်။

ALP တပ်ဖွဲ့ဝင်တချို့ကို ၂၀၂၂ စက်တင်ဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ALP စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန) 

သို့ရာတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခမဖြစ်အောင်နှင့် ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတဖြစ်ရေးအတွက် ULA/AA က လူထုကို သတိထားကိုင်တွယ်ဆောင်ရွက်ခဲ့သည်ကို တွေ့မြင်ရသည်။

တစ်ကျော့ပြန်တိုက်ပွဲ မစမီနှင့် တိုက်ပွဲကာလအတွင်း ရခိုင်ပြည်နယ်တောင်ပိုင်းကို  ULA/AA ၏ သြဇာအောက် မရောက်နိုင်ရေးအတွက် စစ်ကောင်စီက တောင်ပိုင်းရှိ နိုင်ငံရေး၊ လူမှုရေးကဏ္ဍတွင် တက်ကြွလှုပ်ရှားသူများကို လက်ဦးမှုယူကာ ဖမ်းဆီးခဲ့သည်။ 

တစ်ဖက်တွင်လည်း တိုက်ပွဲမရှိသည့် ပြည်နယ်တောင်ပိုင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်နေကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်များတွင် တွေ့ရသလို ဗိုလ်ချုပ်ကြီးများက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် ဒို့တာဝန်အရေးသုံးပါးထဲတွင် ပါဝင်သည်ဟု အဆက်မပြတ် ပြောဆိုနေဆဲဖြစ်သည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း တိုင်းရင်းသားလူမျိုးစုများ ညီညွတ်ရေး လုပ်ဆောင်နေသည်ဟု ၂၀၂၂ ဖေဖော်ဝါရီ ၁၂ တွင် ပြောသည်။

“ကျွန်တော်တို့ အားလုံး ဥမကွဲသိုက်မပျက် အေးအတူပူအမျှ ညီညွတ်တဲ့ အင်အားနဲ့ နိုင်ငံတော်ကို ခေတ်မီပြီးစွမ်းရည်ပြည့်ဝတဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့နဲ့ နိုင်ငံကာကွယ်ရေးစွမ်းအား တည်ဆောက်သွားပါမယ်။ တိုင်းရင်းသားမိဘပြည်သူအားလုံး ပူးပေါင်းလုပ်ဆောင်ကြပြီး  မြန်မာ့ဂုဏ်ကို မြှင့်တင်ဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု သူက ဆိုသည်။

ဘွဲ့တံဆိပ်များပေးခြင်း

စစ်ကောင်စီသည် ရခိုင်ဒေသတွင် တိုက်ပွဲပြင်းထန်ချိန် သို့မဟုတ် အကျဉ်းအကျပ်ဖြစ်ပေါ်နေချိန် ရခိုင်လူထု ဒုက္ခရောက်အောင် မြို့ကြီးများကို လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့လိုက်ပြီး တိုက်ပွဲရပ်ဆိုင်းရန် AA ကို ဖိအားပေးလေ့ရှိသည်။

အလားတူ ဘွဲ့တံဆိပ်များဖြင့်လည်း မက်လုံးပေးကာ ၎င်းတို့ဘက်ပါရန် သွေးဆောင်ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ရာတွင် နိုဝင်ဘာအတွင်း ရခိုင်မှ ထင်ရှားသည့် လူပုဂ္ဂိုလ် ၈ ဦးကို စည်သူဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့နှင့် သီရိပျံချီဘွဲတို့ကို ချီးမြှင့်၍ သိမ်းသွင်းရန် ကြိုးပမ်းခဲ့သည်။  

ပထမဦးစွာ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်ကို စည်သူဘွဲ့၊ ရခိုင်ပြည်နယ် စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် ပြည်ထောင်စုပြန်ကြားရေးဝန်ကြီးဟောင်း ဒေါက်တာဖေမြင့်ကို သီရိပျံချီဘွဲ့ ချီးမြှင့်သည်။ 

အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးအေးသာအောင်နှင့် ပြန်ကြားရေးဒုဝန်ကြီးဟောင်း ဦးအောင်လှထွန်းတို့ကို ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခဲ့သည်။ အလားတူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါ်နုမြဇံကို စီမံထူးချွန်တံဆိပ် ချီးမြှင့်ခဲ့သည်။

ထင်ရှားသည့် နိုင်ငံရေးသမား ဒေါက်တာအေးမောင်နှင့် ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ်၏ ယောက္ခမဖြစ်သူ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးစံကျော်လှတို့ကိုလည်း သီရိပျံချီဘွဲ့ ပေးအပ်ခဲ့သည်။

ဦးစံကျော်လှ။

ထိုသူများကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသူများဖြစ်သည့်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းခြင်းဟု စစ်ကောင်စီက ဆိုသည်။

အမှန်တကယ်မှာ ယခု ဘွဲတံဆိပ်ချီးမြှင့်ခံရသူများသည် တိုက်ပွဲကာလတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံနေရခြင်းနှင့် ကျေးရွာမီးရှို့ခံရသဖြင့် အသက်လု ထွက်ပြေးနေရသည့် ရခိုင်လူထု၏ဒုက္ခကို လျစ်လျူရှုကာ ကိုယ်ကျိုးအတွက် နှုတ်ဆိတ်နေကြသူများဟု ရခိုင်ပြည်သူများက ယူဆကြသည်။

အရပ်ဘက်အဖွဲ့များနှင့် နီးစပ်သည့် အမ်းဒေသခံအမျိုးသားတစ်ဦးက တစ်နိုင်ငံလုံးတွင် စစ်ကောင်စီ၏ လုပ်ရပ်သည် အတူတူပင်ဖြစ်ကြောင်း ပြောသည်။ 

“စစ်ကောင်စီဟာ တော်လှန်ရေးကာလတွေမှာ သူတို့ကို မထောက်ခံတဲ့သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လူနေ ရပ်ရွာတွေကို မီးရှို့တာတွေ တောက်လျှောက်လုပ်နေတယ်။ ရခိုင်မှာလည်း ဒီအတိုင်းပဲ လုပ်နေတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီ အာဏာသိမ်းကတည်းက ရခိုင်ပါတီတချို့ ပူးပေါင်းတာတွေ ရှိခဲ့တယ်။ ဒီလုပ်ရပ်က ရခိုင်မှာ စစ်ကောင်စီကို သွယ်ဝိုက်လို့ပဲဖြစ်ဖြစ်၊ တိုက်ရိုက်ပဲဖြစ်ဖြစ် ထောက်ခံမှုတစ်စုံတစ်ရာ ရှိနေတယ်ဆိုတာကို ပြနေတယ် ” 

ဆက်လက်၍ “အဲလိုအခြေအနေမှာ ရခိုင်ကို ဦးတည်ပြီးတော့ သူတို့အပေါ်မှာ (လူထု) ထောက်ခံမှု ရှိနေတယ် ဆိုတာကို ပြလာတယ်လို့ မြင်တယ်။ သူတို့လမ်းစဉ်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံတဲ့လူတချို့ကို ဆုတံဆိပ်တွေ ချီးမြှင့်တယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။ တချို့က နေရာရလိုမှု၊ အာဏာရလိုမှု၊ အကျိုးစီးပွားအသုံးချမှုတွေ များနေတဲ့အခါမှာ စစ်ကောင်စီက ကစားကွက်တွေနဲ့ မြှောက်ပေးတယ်လို့ မြင်တယ်” ဟု သူက ဆိုသည်။ 

အထူးသဖြင့် ဒေါ်အေးနုစိန်နှင့် ဒေါက်တာအောင်ကျော်မင်းသည် စစ်ကောင်စီအဖွဲ့ထဲတွင် ပါဝင်နေသူများ ဖြစ်နေ ပြီး ဒေါက်တာအေးမောင်မှာ စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲစနစ် PR ကို ထောက်ခံသူ၊ စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်ကို ချီးကျူးသူဖြစ်နေသည်။ 

သို့ရာတွင် ဦးစံကျော်လှကို ဘွဲ့ ပေးအပ်ခြင်းမှာ ULA/AA နှင့် ပြေလည်စေလို၍လားဟု လူအများက မေးခွန်းထုတ်နေပြီး ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ဘွဲ့လက်ခံမည့်သူတို့၏ တုံ့ပြန်ချက်က အဖြေပေးလိမ့်မည်ဟု ပြောသည်။

“အဓိကက နိုင်ငံရေးသမားတွေကို ပေးတယ်ဆိုတာက ရခိုင်ပြည်ရွေးကောက်ပွဲကို ဖြစ်စေချင်တာက တစ်ကြောင်း၊ နောက်တစ်ချက်က အဲဒီပုဂ္ဂိုလ်တွေဆီက သူတို့ကို အပြစ်တင်တာတွေ၊ ဝေဖန်တာတွေကို နှုတ်ပိတ်လိုတာက တစ်ကြောင်းလို့ ယူဆပါတယ်” ဟု ဦးဖေသန်းက သုံးသပ်သည်။ 

“နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေဆိုတာက အမှန်တရားဘက်မှာ ရပ်တည်ဖို့လိုတယ်။ ဆုပေးတိုင်း ဆုပေးတဲ့သူဘက်က ရပ်တည်ဖို့ တာဝန်မရှိ။ အခုလို ဆုပေးတဲ့အပေါ်မှာ စစ်ကောင်စီအလိုကျဖြစ်မလား၊ ပြည်သူတွေအလိုကျဖြစ်မလား ဆိုတာကတော့ ကာယကံရှင်တွေရဲ့ အပြုအမူနဲ့ ဆောင်ရွက်ချက်အပေါ် မူတည်တယ်လို့ မြင်တွေ့ရမှာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။ 

ရခိုင်အင်အားကြီးပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP) မှာ ရခိုင်လူထု ဒုက္ခရောက်နေချိန် ကြေညာချက်တစ်ခုတောင် မထုတ်ရဲတော့ဘဲ နှုတ်ဆိတ်နေသည်ကို လူထုက ပြစ်တင်ခဲ့ကြသည်။ မကြာသေးခင်က  ANP မှာလည်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုနှင့် ပတ်သက်ပြီး ကြေညာချက်ထုတ်မိ၍ နေပြည်တော်သို့ သွားရောက်ပြီး စစ်ဗိုလ်ချုပ်များ၏ ရွေးကောက်ပွဲကော်မရှင်၏ သြဝါဒကို သွားရောက် နာယူခဲ့ရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်အတွင်း ရခိုင်အမျိုးသားပါတီ (ANP) က ၂၀၂၀ အောက်တိုဘာ ၂၄ တွင် ရေကြောင်းဖြင့် မဲဆွယ်စည်းရုံးခဲ့စဉ်။ (ဓာတ်ပုံ- Myanmar Now)

ဘွဲ့တံဆိပ်ပေးမှုမှာ တချို့သောသူတို့အတွက် ငြင်းဆန်ရန် ခက်ခဲလိမ့်မည်ဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဘွဲ့တံဆိပ်တွေ ပေးတဲ့အခါ ဝမ်းမြောက်ဝမ်းသာ လိုချင်သူတွေလည်း ရှိနိုင်သလို မလိုချင်သူတွေလည်း ရှိနိုင်တယ်။ မလိုချင်တဲ့သူတွေကလည်း တောထဲမှာ မနေနိုင်ရင် ငြင်းဆန်ဖို့ မလွယ်ဘူး။ ဒီဟာက နိုင်ငံရေးအရ သူ့(စစ်ကောင်စီ) ဘက်ပါအောင် လုပ်တာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင် ထင်ရှားတဲ့သူတွေဆိုရင်လည်း အာဏာသိမ်းစက ကန့်ကွက်ခဲ့တဲ့သူတွေ အများကြီးပါပဲ။ အဲဒါကို အခုတစ်ခါ ဘွဲတံဆိပ်တွေ ပေးပြီး ကိုယ့်ဘက်ကလူအဖြစ် မွေးစားတယ်လို့ မြင်ပါတယ်။ ကိုယ့်ဘက်ပါအောင် လုပ်တယ်ဆိုကတည်းက လူထုကို ခွဲတာပါပဲ” ဟု အရပ်ဘက်အဖွဲ့များနှင့် နီးစပ်သူလည်းဖြစ်သော ထိုသူက မှတ်ချက်ပြုသည်။ 

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ တွင် ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရှေးရှုခြင်း စသည့် အကြောင်းပြချက်များနှင့်  စစ်ကောင်စီက အကျဉ်းသားအများအပြားကို ချွခြွင်းချက်နှင့် ပြန်လွှတ်သည့်အထဲတွင် AA တပ်ဖွဲ့ဝင် ၁၇ ဦး အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ၄၁ ဦး ပါဝင်လာသည်။ 

စစ်ကောင်စီက ကျင်းပသည့် ဒီဇင်ဘာ ၁၅ ရခိုင်ပြည်နယ်နေ့တွင်လည်း ရခိုင်စာပေနယ်၊ စီးပွားရေးနယ်၊ လူမှုရေးနယ်မှ ပုဂ္ဂိုလ်တချို့ကို လူမှုထူးချွန်ဆုများ ပေးအပ်ခဲ့ခြင်းအတွက်လည်း ဝေဖန်မှုရှိနေခဲ့ပြန်သည်။ 

မည်သို့ဆိုစေကာမူ စစ်ကောင်စီသည် ရခိုင်အင်အားစုများကို တစ်စတစ်စ ဖြိုခွဲနေသည်မှာ ပေါ်လွင်နေပြီး စစ်ကောင်စီ၏ လုပ်ရပ်အပေါ် တွင် သတိထားသင့်သည်ဟု ရခိုင်နိုင်ငံရေးသမားတချို့က ပြောကြသည်။

စစ်ကောင်စီ၏ ခြေလှမ်းမှာ အသစ်အဆန်းမဟုတ်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။

“စစ်ကောင်စီက ဘွဲ့တံဆိပ်တွေ ပေးတဲ့အထဲမှာ ရခိုင်မှာ လူထုအာရုံစိုက်တဲ့ပုဂ္ဂိုလ်တွေ၊ သူတို့အလိုကျ လုပ်ပေးသူတွေ ပါမယ်။ အဲဒီလိုလူတွေကို သူတို့ဘက်ပါအောင် ဘွဲ့တံဆိပ်တွေပေးတာက သိပ်ဆန်းတာတော့ မဟုတ်ဘူး” ဟု ဦးအောင်သောင်းရွှေက ပြောသည်။

“အင်္ဂလိပ်ခေတ်ကလည်း ပေးခဲ့တယ်။ ခေတ်အဆက်ဆက် အစိုးရတွေကလည်း လုပ်ခဲ့တယ်။ ဒီလုပ်ရပ်က သူတို့ဘက်ပါအောင် စည်းရုံးရေးလုပ်သလို လူထုက အကြည်အညိုပျက်သွားအောင်လုပ်တဲ့ လုပ်ရပ်လည်းဖြစ်တယ်။ အဓိကကတော့ လူထုကို ခွဲလိုက်တာဖြစ်တယ်။ အုပ်ချုပ်တဲ့လူတွေက ဒီလိုပဲ၊ အင်အားစုတွေ ပြိုကွဲသွားအောင် လုပ်တာပါပဲ”  

သို့အတွက် စစ်ကောင်စီ၏ လုပ်ရပ်များကို သတိထားစောင့်ကြည့်ကာ ရခိုင်အင်အားစုများ ပြိုကွဲမသွားစေရေးအတွက် တစ်ဖွဲ့ကို တစ်ဖွဲ့၊ တစ်ဦးကို တစ်ဦး အပြစ်မရှာဘဲ မိမိတို့၏ လိုလားချက် ပန်းတိုင်သို့ ရောက်အောင်အထိ ကြံ့ကြံ့ခံ တိုက်ပွဲဝင်ရန်လိုသည်ဟုလည်း နိုင်ငံရေးအသိုင်းအဝိုင်းက ပြောဆိုသည်။ 

“လူထုကလည်း ဒီဟာတွေအပေါ်မှာ လိုက်ပြီး အာရုံကျစရာမရှိဘူး။ ဥပမာဆိုပါစို့ ဘွဲ့ပေးခံရတဲ့သူတွေဟာ စစ်ရေး၊ နိုင်ငံရေးမှာ သူတို့ဘက်ပါတယ်လို့ လူထုမြင်သွားအောင် လုပ်တာပဲ။ ဒီအပေါ်မှာ အပြစ်ပြောစရာ၊ လိုက်ပြောစရာ မလိုဘူး။ ဒါက ထူးဆန်းတဲ့လုပ်ရပ်လို့ ကျွန်တော် မမြင်ဘူး” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ စစ်တွေမြို့တွင် တွေ့ရသော ဒေါက်တာအေးမောင် ဦးဆောင်သော AFP  ပါတီ မဲဆွယ်ဆိုင်းဘုတ်အား တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

ဒေသတွင်းအခြေအနေများကို စောင့်ကြည့်သူတစ်ဦးလည်းဖြစ်သည့် ရသေ့တောင်မြို့ခံ အမျိုးသားတစ်ဦးကမူ လူထုကို သွေးခွဲသည့်လုပ်ရပ်ဟု ပြောသည်။

“လူထုအပေါ်မှာ သြဇာတစ်မျိုးတစ်ဖုံရှိနေတဲ့ သူတွေထဲက တချို့ကို ဆွဲထုတ်ပြီး ဘွဲ့တံဆိပ်တွေ၊ လူမှုထူးချွန်ဆုတွေ ပေးတာက လူထုအမြင် တစ်မျိုးပြောင်းသွားအောင်  လုပ်လိုက်တာပေါ့။ ဒီအပေါ်မှာ ဝေဖန်တာတွေ၊ ပြစ်တင်ပြောဆိုတာတွေရှိလာတယ်ဆိုတာက သူတို့ (စစ်ကောင်စီ) အကွက်ဝင်တာပါပဲ။ သူတို့က ရခိုင်လူထုကို မကွဲကွဲအောင် ခွဲနေတယ်လို့ပဲ မြင်ပါတယ်။ သူတို့ရည်ရွယ်ချက်ကလည်း ဒါပဲလို့ မြင်တယ်” ဟု သူက ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button