သတင်း

ပါတီရပ်တည်ချက်ကို သဘောမကျသဖြင့် ရခိုင်အမျိုးသားပါတီမှ ဦးဖေသန်းနုတ်ထွက် 

ပါတီရပ်တည်ချက်ကို သဘောမကျသဖြင့်​ နုတ်ထွက်စာတင်ထားသူ ရခိုင်အမျိုးသားပါတီ (ANP) ထိပ်ပိုင်းခေါင်းဆောင် ဦးဖေသန်းကို ယမန်နေ့ (ဩဂုတ်၂၁) တွင် ပါတီက နုတ်ထွက်ခွင့်ပြုလိုက်ပြီ ဖြစ်သည်။ 

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက ယမန်နေ့ (သြဂုတ် ၂၁) တွင် အွန်လိုင်းမှ အစည်းအဝေးပြုလုပ်ကာ ဦးဖေသန်းကို ပါတီမှ နုတ်ထွက်ခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟု ANP ၏ နိုင်ငံရေးမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က Myanmar Now ကို အတည်ပြုသည်။

“ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးရှိတယ်။ ဦးဖေသန်း နုတ်ထွက်ခွင့်တင်ထားတဲ့ကိစ္စကို နုတ်ထွက်ခွင့်ပြုတယ်ဆိုပြီးတော့ ဆုံးဖြတ်တယ်” ဟု ၎င်းက ပြောသည်။

မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် ANP ၏ နိုင်ငံရေးမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်ဖြစ်သူ ဦးဖေသန်းမှာ ပါတီ၏ ရပ်တည်ချက်ကို မနှစ်သက်သဖြင့် ဇွန် ၁၃ ကတည်းက နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။ 

“ပထမတစ်ချက်က စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပါတီရပ်တည်ချက်ကို မနှစ်သက်လို့ ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့ဟာ ပါတီရဲ့ မူဝါဒ စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ အလုပ်မလုပ်ဘဲ ကိုယ်စိတ်ထင်တာကို လုပ်နေကြတဲ့ကိစ္စတစ်ခုပါ” ဟု ဦးဖေသန်းက ဆိုသည်။

အာဏာသိမ်းပြီးနောက် ANP ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါ်အေးနုစိန်ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်း၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးဇော်အေးမောင်ကို ဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ခဲ့ရာမှာ ပါတီတွင်း သဘောထားကွဲလွဲမှု စတင်ပေါ်ပေါက်ခဲ့သည်။ 

စစ်ကောင်စီက ထိုသို့ကမ်းလှမ်းခဲ့သည်ကို လက်ခံသည့်အပေါ် ရခိုင်လူထုက ဝေဖန်ခဲ့သည့်အပြင် ပါတီဝင်အချို့ကလည်း ကန့်ကွက်ခဲ့သော်လည်း ဒေါ်အေးနုစိန်ကို စစ်ကောင်စီက ပုဂ္ဂိုလ်ရေးအရ ကမ်းလှမ်းခြင်းဖြစ်ကာ ပါတီနှင့် မသက်ဆိုင်ကြောင်း ပါတီတာဝန်ရှိသူက ပြောဆိုခဲ့သည်။ 

ထိုသို့ ဝေဖန်ပြစ်တင်မှုများရှိသော်လည်း ရခိုင်ပြည်နယ်အဆင့် စစ်ကောင်စီတွင် ဥက္ကဋ္ဌနေရာနှင့် အဖွဲ့ဝင် နှစ်နေရာပေးရန် ANP ပါတီက ထပ်မံတောင်းဆိုခဲ့သည်။ အဆိုပါတောင်းဆိုချက်အပေါ် စစ်ကောင်စီက တုံ့ပြန်ခြင်းမရှိသောကြောင့် လက်တွဲဖြုတ်ရန် စဉ်းစားနေကြောင်း မေလဆန်းပိုင်းတွင် ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ထုတ်ဖော်ပြောကြားခဲ့သည်။ 

အာဏာသိမ်းစစ်ကောင်စီ ကျင်းပပေးမည့် ရွေးကောက်ပွဲသည် သန့်ရှင်းမျှတသော ရွေးကောက်ပွဲဖြစ်လာမည်မဟုတ်ကြောင်း၊ ရွေးကောက်ပွဲကို စောင့်မျှော်မည့်အစား အမျိုးသားရေးကို မိမိလုပ်ပေးနိုင်သည့်နေရာမှ လွတ်လွတ်လပ်လပ် လုပ်ချင်သောကြောင့် နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးဖေသန်းက ဆိုသည်။ 

“ပါတီနိုင်ငံရေးဆိုတာ လွှတ်တော်လမ်းကြောင်းရှိမှ လုပ်လို့ရတာ။ လွှတ်တော်လမ်းကြောင်းကလည်း ရွေးကောက်ပွဲရှိမှ ဖြစ်မှာ။ စစ်ကောင်စီက အချိန်အများကြီးဆွဲပြီးမှ ရွေးကောက်ပွဲလုပ်ပေးဖို့ အခြေအနေမျိုး မြင်နေရပါတယ်။ အချိန် ၁၀ နှစ်၊ ၁၅ နှစ်အထိလည်း ဆွဲသွားနိုင်တယ်” ဟု ၎င်းက ပြောသည်။ 

ဦးဖေသန်းသည် ၂၀၁၀၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲများတွင် မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်နေရာအတွက် ANP ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သူဖြစ်သည်။ 

ရခိုင်အမျိုးသားပါတီသည် ၂၀၁၀၊ ၂၀၁၅ ၊၂၀၂၀ ရွေးကောက်ပွဲများတွင် ပြည်နယ်အတွင်း အများဆုံးအနိုင်ရခဲ့သောပါတီ ဖြစ်သည်။ 

Show More

Related Articles

Back to top button