သတင်း

ဘုတလင်တွင် အဖမ်းခံရသည့် ကာကွယ်ရေးအဖွဲ့ဝင် သတ်ဖြတ်မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ နယ် အုတ်ဖိုရွာအတွင်း ယမန်နေ့ (ဒီဇင်ဘာ ၂၆) တွင် ဖမ်းဆီးခံရသည့် လက်နက်ကိုင်ခုခံသူတစ်ဦး သတ်ဖြတ်မီးရှို့ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဘုတလင်မြို့မှ ထွက်လာသည့် စစ်ကြောင်းနှင့် ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့မှ ထွက်လာသည့် စစ်ကြောင်းတွင် အင်အား ၅၀ နီးပါးစီ ပါဝင်ပြီး ဘုတလင်မြို့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ အုတ်ဖိုရွာကို စီးနင်းကြစဉ် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် ဒို့ညီနောင်အဖွဲ့မှ အသက် ၄၀ အရွယ် ကိုအောင်သိန်းထွန်းကို ရွာအနီးတွင် တွေ့စဉ် ဖမ်းဆီးခြင်း ဖြစ်သည်။

“သူစီးတဲ့ ဆိုင်ကယ်နဲ့ တွဲပြီး မီးရှို့သွားတာ။ သူက ဖြတ်သွားတော့ ပစ်ဖမ်းလိုက်တာ။ ပစ်ဖမ်းပြီး တွဲပြီးမီးရှို့သွားတာ။ အလောင်းမှာ သေနတ်ဒဏ်ရာပဲ တွေ့ရတယ်။ ကြိုးတုပ်ထားတာ တွေ့တယ်” ဟု ဘုတလင်မြို့နယ် အခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

နေ့လယ်ပိုင်းတွင် ဘုလတင်မြို့ဘက်နှင့် စိုင်ပြင်ဘက်သို့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ပြန်ထွက်ချိန်တွင် လမ်းတစ်လျှောက် ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဘုတလင်မြို့ဘက်သို့ ပြန်လည်ထွက်ခွာသည့် စစ်ကြောင်ကို နှောရင်းရွာနှင့် မြို့ချောင်းရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စိုင်ပြင်မြို့ဘက်ထွက်ခွာသည့် စစ်ကြောင်းကို လက်ပံရွာနှင့် အိုင်ရှည်ရွာကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်က ပြောသည်။

အဆိုပါ ကျေးရွာများသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့နှင့် ကပ်လျက်တည်ရှိပြီး ဒေသခံကာကွယ်ရေးအဖွဲ့များအားကောင်းသည့် ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ဒေသခံကာကွယ်ရေးအဖွဲ့ဝင် နောက်တစ်ဦးကလည်း ၎င်းတို့ဒေသတွင် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့များ အားကောင်းသည့်ရွာ နည်းပါးသည်ဟု ပြောသည်။

“ဘုတလင်ထဲမှာ ပျူရွာက မရှိသလောက် ရှားတယ်။ ဘုတလင်မှာပဲ အထိုင်ချတယ်။ လွန်းထိုးပြီး လှုပ်ရှားတာ။ ကာကွယ်ရေးအဖွဲ့တွေက မိုင်းပဲ ဆွဲတာ များတယ်။ ဆွဲလို့ရရင် ဆွဲတယ်။ မရရင် ရှောင်တယ်” ဟု သူက ပြောသည်။

ဘုတလင်မြို့ တိုက်ခိုက်မှုအခြေအနေများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ဘုတလင်မြို့နယ်အတွင်း ဒေသခံကာကွယ်ရေးအဖွဲ့စခန်းအချို့ စီးနင်းခံခဲ့ရပြီးနောက် အရပ်သားနှင့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၇ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။ 

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်ကြာမြင့်သည့်တိုင် အုပ်ချုပ်ရေးယန္တရား အပြည့်အဝလည်ပတ်နိုင်ခြင်း မရှိပေ။ ထို့အပြင် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ အခြေချရာ ပြည်နယ်များသာမက လူများစု ဗမာများနေထိုင်ရာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင်လည်း စစ်ကောင်စီတပ်ကို အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button