ဆောင်းပါး

နိုင်ငံတကာက မြန်မာ့အရေးကို ပြည့်ဝစွာ မကူညီနိုင်သည့် အကြောင်းအချို့ကို ဆန်းစစ်ခြင်း

လက်နက်ကိုင်ပဋိပက္ခများသည် နိုင်ငံတိုင်းတွင် ဖြစ်လေ့ရှိသည့် ပြဿနာများဖြစ်သည်။ မြန်မာနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယအရှေ့မြောက် ပြည်နယ်များအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် လက်နက်ကိုင်ပဋိပက္ခ သမိုင်းကိုယ်စီ ရှိကြသည်။ သို့သော် ထိုနိုင်ငံအများစုတွင် လက်နက်ကိုင်တိုက်ပွဲများ လျော့နည်းသွားပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ ပဋိပက္ခနှင့် စစ်တပ်၏ အကြမ်းဖက်မှုမှာ သက်ဆိုးရှည်ဆဲဖြစ်သည်။ ဘာကြောင့်လဲဆိုသည့် မေးခွန်းသည် အရေးကြီးသည်။

အနောက်တိုင်းရော အိမ်နှီးချင်းနိုင်ငံများကပါ မြန်မာပြည်သူများကို ကတိအမျိုးမျိုးပေးကြသည်။ ဒီမိုကရေစီရေး ထောက်ပံ့ပေးမည်၊ မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြစ်ဒဏ်ခတ် အရေးယူမည်၊ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မည် စသဖြင့် အသံကျယ်ကျယ်လောင်လောင် ပြောဆိုကြသည်။ လက်တွေ့ထိရောက်သည့် နိုင်ငံရေးအထောက်အပံ့များမှာမူ အသံကျယ်သလောက် ရောက်မလာပေ။

ထို့အပြင် ယခုနောက်ပိုင်းတွင် UN (ကုလသမဂ္ဂ) အေဂျင်စီများ အပါအဝင် နိုင်ငံတကာကိုယ်စားလှယ်များသည် စစ်ကောင်စီနှင့် ဆက်ဆံရေးတိုးချဲ့လာနေသည်။ လူသားချင်းစာနာမှု အထောက်အပံ့ပေးနိုင်ရန်၊ အကြမ်းဖက်မှုလျှော့ချရန်၊ အရပ်သားကာကွယ်ရေးနှင့် နိုင်ငံရေးထွက်ပေါက်ရန် စသဖြင့် အကြောင်းပြကြသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး ၂၂ လ အကြာတွင် နိုင်ငံတကာ၏တုံ့ပြန်မှုသည် ဦးသိန်းစိန်ခေတ်မတိုင်မီ အချိန်တုန်းကနှင့် တဖြည်းဖြည်းဆင်တူလာနေသည်ဟု ရှုမြင်သည်။ နိုင်ငံတကာအသိုင်းအဝိုင်း၏ ချဉ်းကပ်ပုံ (အထူးသဖြင့် စစ်တပ်နှင့် ဆက်ဆံရသည့် နောက်ခံနှင့် အကြောင်းပြချက်) ကို နိုင်ငံရေးပထဝီ၊ ဖွံ့ဖြိုးရေးနှင့် နိုင်ငံရေး-စီးပွားရေးရှုထောင့်မှ သုံးသပ်ပါမည်။

နိုင်ငံတည်ဆောက်ရေး/တိုင်းပြည်တည်ဆောက်ရေး

မြန်မာနိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးသုံးသပ်ချက်များတွင် အရင်းရှင်စနစ်ဆိုသည့် စကားရပ်ကို မကြားရပေ။ လက်ဝဲဝါဒီ (သို့မဟုတ်) ကွန်မြူနစ်ဟု အထင်မြင်ခံရမည်စိုးသဖြင့် ထိုစကားလုံးအစား စျေးကွက်စီးပွားရေးစနစ်ဟုသာ သုံးနှုန်းကြသည်။ အရင်းရှင်စနစ်ကို အရင်းရှင်စနစ်ဟု မပြောလို၊ မပြောရဲကြသည့်အတွက် ထိုစနစ်၏ နိုင်ငံရေးဆိုးကျိုးသက်ရောက်မှုကို နိုင်ငံရေးသုံးသပ်ချက် အီကွေးရှင်း (ညီမျှခြင်း) များမှ ထုတ်ပယ်ထားသကဲ့သို့ ဖြစ်နေသည်။​

တစ်ချိန်တည်းတွင် နိုင်ငံ/တိုင်းပြည်တည်ဆောက်ရေး (State-building, Nation-building) ကိုတော့ စံနှုန်း သို့မဟုတ် ဦးတည်ချက်တစ်ခုအနေဖြင့် စဉ်းစားကြသည်။ တိုင်းပြည်တည်ဆောက်ရေး မပြီးမြောက်ခြင်း၊ မအောင်မြင်ခြင်း၊ မပီပြင်ခြင်းတို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများ အဓွန့်ရှည်နေခြင်းဟု ယူဆကြသဖြင့် တိုင်းပြည်တည်ဆောက်ရေးကို ဦးတည်ရန် အကြံပြုကြသည်။

ဤကိစ္စကို ပြောင်းပြန် စဉ်းစားရန် လိုသည်။ ပဋိပက္ခများသည် တိုင်းပြည်တည်ဆောက်ရေး မပြီးမြောက်၍ အဓွန့်ရှည်ခြင်းမဟုတ်ဘဲ တိုင်းပြည်တည်ဆောက်ရေး ကြိုးပမ်းမှုနှင့် အရင်းရှင်စနစ်တို့၏ ချိတ်ဆက်မှုကြောင့် သက်ဆိုးရှည်နေသလားဟု မေးခွန်းထုတ်ရမည်။

(မှတ်ချက် – Nation-building/state-building နှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက် အသေးစိတ်ကို မဆွေးနွေးလိုသော်လည်း nation-building/state-building ကြိုးပမ်းမှုများသည် ဗဟိုအစိုးရအားကောင်းပြီး လူမျိုးစုတစ်စု/လူကုံထံတစ်စု ချုပ်ကိုင်သည့် Nation-state စနစ် ပိုမိုခိုင်မြဲစေမည့်ဘက်ကို ဦးတည်သွားလေ့ရှိကြောင်း၊ ဗဟိုအစိုးရ၏ Nation-state တည်ဆောက်ရန် ကြိုးပမ်းမှုကြောင့် လူမျိုးစုများနှင့် နိုင်ငံရေးပဋိပက္ခများ ဖြစ်နေတတ်ကြောင်း ထောက်ပြလိုသည်။​)

၂၀၁၆ စက်တင်ဘာက အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလအထွေထွေညီလာခံတွင် အရပ်သားအစိုးရ နိုင်ငံခြားရေးဝန်ကြီးတာဝန်ဖြင့် မိန့်ခွန်းပြောနေသည့် ဒေါ်အောင်ဆန်းစုကြည်။ နောင်လေးနှစ်ကျော်အကြာတွင် စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းသည်။ (ဓာတ်ပုံ – EPA)

နိုင်ငံတကာအရင်းရှင်စနစ်နှင့် ဖွံ့ဖြိုးရေး

မြန်မာနိုင်ငံသည် အရင်းရှင်စနစ်၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ အတိုချုပ်ဆိုရလျှင် အရင်းရှင်စနစ်ဆိုသည်မှာ တစ်နိုင်ငံချင်းစီအတွက် သူ့နိုင်ငံသူ့စနစ် သီးခြားလည်ပတ်နေသည့် စီးပွားရေးစနစ်မဟုတ်ပါ။ တစ်ကမ္ဘာလုံးနှင့် ချိတ်ဆက်နေသည့် ကမ္ဘာ့စနစ်ဖြစ်သည်။​ နေရာအနှံ့ ဒေသများသည် နည်းမျိုးစုံဖြင့်လည်းကောင်း၊ သူ့ကဏ္ဍနှင့်သူသော်လည်းကောင်း၊ နိုင်ငံတကာနှင့် နိုင်ငံ့စီးပွားရေး ထက်အောက်ဖွဲ့စည်းမှုတွင် သူ့နေရာနှင့်သူအဖြစ်လည်းကောင်း ချိတ်ဆက်နေကြသည်။ စျေးပေါသောလုပ်သား၊ မြေ၊ သယံဇာတအပါအဝင် သဘာဝပတ်ဝန်းကျင်တို့သည် အရင်းရှင်စနစ်အတွက် မရှိမဖြစ် အရေးကြီးသည့်အရာများ ဖြစ်သည်။ ထိုအရာများကို စျေးပေါပေါနှင့် ထောက်ပံ့ခြင်းဖြင့် မြန်မာနိုင်ငံသည် ထိုကမ္ဘာ့အရင်းရှင်စနစ်တွင် ပါဝင်ပတ်သက်နေသည်။

အရင်းရှင်ကုမ္ပဏီများသည် စျေးပေါလုပ်သား/မြေ/သယံဇာတကို သူတို့ကိုယ်တိုင်ယူ၍ မရပါ။ သူတို့ကိုယ်စား ကူညီဆောင်ရွက်ပေးမည့် အေးဂျင့် (ကိုယ်စားလှယ်) လိုအပ်သည်။ ထိုအေးဂျင့်မှာ နိုင်ငံတော်ဆိုသည့် အဖွဲ့အစည်းဖြစ်သည်။ ဆင်းရဲသော (သို့မဟုတ်) လက်နက်ကိုင်ပဋိပက္ခများဖြစ်နေသော နိုင်ငံများတွင် (ဗဟို) နိုင်ငံတော်အစိုးရသည် သယံဇာတကြွယ်ဝသည့် နယ်မြေများအပေါ် အာဏာသက်ရောက်မှု အပြည့်အဝမရှိပါ။ ထိုနယ်မြေများ၏ စီမံခန့်ခွဲမှုအဝဝကို ထိန်းချုပ်နိုင်ရန်အတွက် နိုင်ငံတော်တည်ဆောက်ရေးခေါင်းစဉ်အောက်တွင် အုပ်ချုပ်ရေးယန္တရားများတည်ဆောက်ရန် ကြိုးစားလေ့ရှိကြသည်။

ဒေသခံများက ပြန်လည်ခုခံဆန့်ကျင်ပါက သူခိုးလူဟစ်ဟူသာ ဆိုရိုးစကားကဲ့သို့ သူ့ကိုယ်သူ နိုင်ငံတော်ဟု ကြေညာ၊ အချုပ်အခြာအာဏာ ကာကွယ်ရေးတာဝန်ပေးအပ်သည်။ ဒေသခံများကိုမူ သူပုန်များ၊ သောင်းကျန်းသူများအဖြစ် သတ်မှတ်ပြီး ဖြိုခွင်းနှိပ်ကွပ်ရန် ကြိုးစားသည်။ နိုင်ငံရေးအင်အားစုများနှင့် လက်နက်ကိုင်အဖွဲ့များကိုသာမက စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုရေးရာများကိုပါ ဖိနှိပ် ကန့်သတ်ခြင်းဖြင့် အုပ်ချုပ်ရေးယန္တရားများကို တည်ဆောက်တတ်ကြသည်။

ဘေးထွက်ဆိုးကျိုးထိန်းသိမ်းရန်နှင့် လူထုကို စည်းရုံးရန် “ဖွံ့ဖြိုးရေး” ဟူသည့် ခေါင်းစဉ်လှလှအောက်တွင် လမ်းဖောက်တံတားဆောက်မှအစ ဒေသတွင်းစီးပွားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများကိုပါ အကောင်အထည်ဖော်လေ့ရှိသည်။ အရင်းရှင်စနစ်အခြေပြု စီမံကိန်းများဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်၊ မြေနှင့် သယံဇာတများကို ပြင်ပလုပ်ငန်းရှင်နှင့် သူတို့၏အပေါင်းအပါ ဒေသခံအရင်းရှင်ပေါက်စများကိုသာ လုပ်ပိုင်ခွင့်ပေးအပ် အကောင်အထည်ဖော်စေသည်။ တစ်နည်းဆိုရလျှင် နိုင်ငံတော်အေးဂျင့်သည် အရင်းရှင်စနစ်အတွက် လိုအပ်သည့် သဘာဝပတ်ဝန်းကျင်၊ မြေ၊ လုပ်သား၊ သယံဇာတတို့ကို ဒေသခံများထံမှ လုယူကာ အရင်းရှင်များထံ ပေးလိုက်ခြင်းဖြစ်သည်။

အချို့နိုင်ငံများတွင် နိုင်ငံတော်အေးဂျင့်က ဖိနှိပ်သည့် ဥပဒေများပြဋ္ဌာန်း၍ ဥပဒေနည်းကျ လုယူသည်။ မြန်မာကဲ့သို့သော နိုင်ငံများတွင် ဥပဒေဖြင့် တစ်မျိုး၊ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် တစ်ဖုံ၊ သောင်းကျန်းသူကာကွယ်ရေး ခေါင်းစဉ်ဖြင့် တစ်နည်း ဒေသခံများကို မောင်းထုတ်တတ်သည်။ ကျေးရွာများကို အဓမ္မရွှေ့ပြောင်းသည်။ မြေယာသိမ်းသည်။

ထိုဒေသခံများသည် စစ်တပ်၏ အကြမ်းဖက်မှုကြောင့်လည်းကောင်း၊ တိုက်ပွဲများကြောင့်လည်းကောင်း၊​ ပဋိပက္ခ၏ နောက်ဆက်ဆိုးကျိုးဖြစ်သည့် အလုပ်အကိုင်ရှားပါးမှု သို့မဟုတ် ဆင်းရဲမှုကြောင့်လည်းကောင်း အခြားဒေသများသို့ ထွက်ပြေး/ရွှေ့ပြောင်းရာမှ ရောက်ရာအရပ်တွင် လုပ်ခနည်း ရွှေ့ပြောင်းလုပ်သားများဖြစ်သွားကြသည်။ (ဥပမာ စင်ကာပူရောက် နည်းပညာကျွမ်းကျင်ဝန်ထမ်းများ အပါအဝင် ထိုင်းနိုင်ငံရောက် သန်းနှင့်ချီသော မြန်မာလုပ်သားများ)။

ဤသို့သော မြေလုခံရခြင်းမှအစ အလုပ်လက်မဲ့/ အလုပ်သမားများဖြစ်စေသည့် ဖြစ်စဉ်ကို ကားလ်မက်စ်၏ Primitive Accumulation၊ ပညာရှင် ဒေးဗစ် ဟာဗေ၏ Accumulation by Dispossession ဟု နားလည်နိုင်သည်။

စျေးကွက်အရင်းရှင်စနစ်နှင့် နိုင်ငံတော်ဆက်စပ်မှုကို လေ့လာသည့် ပညာရှင် ရောဘင်-မူရေးက ၁၉၇၀ ခုနှစ်များကတည်းက ထောက်ပြသည့် မှတ်ချက်တစ်ခုကို အမှတ်ရသည်။ အရင်းရှင်များအတွက် နိုင်ငံတော်အေးဂျင့်၏ ဝန်ဆောင်မှု ၆ ရှိပြီး ၄င်းတို့ထဲမှ တစ်ခုမှာ ဖိနှိပ်မှုရေးရာ (စစ်တပ်/လုံခြုံရေး) ဝန်ဆောင်မှုဖြစ်သည်ဟု ဆိုသည်။ ဆိုလိုသည်မှာ ဗဟိုအစိုးရလက်အောက်တွင် မရှိသော နယ်မြေများကို ရယူထိန်းချုပ်နိုင်ရေး (နိုင်ငံတော်တည်ဆောက်ရေးဗားရှင်းတမျိုး) ကဲ့သို့သော ကိစ္စများအတွက် အင်အားသုံးဖိနှိပ်ရသည့် အလုပ်များကို စစ်တပ်က လုပ်ခြင်း၊ တရားဥပဒေစိုးမိုးရေး ခေါင်းစဉ်အောက် ငြိမ်ဝပ်ပိပြားမှုရှိစေရေးဆိုင်ရာကိစ္စများကို ရဲတပ်ဖွဲ့က လုပ်ကိုင်ပေးခြင်းကို ဆိုလိုသည်။​

အချုပ်ဆိုရလျှင် အရင်းရှင်များသည် နိုင်ငံတော်အေးဂျင့်၏ ဖောက်သည်များဖြစ်သည်။ မြေ၊ လုပ်သား၊ သယံဇာတ လိုအပ်ချက်သည် နိုင်ငံတော်အေးဂျင့်၏ နိုင်ငံတော်တည်ဆောက်ရေး ရည်မှန်းချက်နှင့် ကိုက်ညီနေသောအခါ အပြန်အလှန်ဖေးမရင်း ထိုအစုအဖွဲ့ နှစ်ဖွဲ့မှာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အပြန်အလှန်ဖောက်သည်များဖြစ်သွားသည်။ အဆိုပါ အပြန်အလှန်ဖောက်သည်များသည် နိုင်ငံရေးအကြမ်းဖက်မှုဖြင့် ရရှိလာသော လုပ်သား၊ မြေ၊ သယံဇာတနှင့် စျေးကွက်တို့ကို သုံးကာ ပုဂ္ဂလိကအကျိုးအမြတ်အတွက် လောဘဇောတိုက်ကြသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက် ရတနာစီမံကိန်း။ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ဝန်းကျင်အကြာတွင် အမေရိကန်အခြေစိုက် Chevron (Unocal) က ထိုစီမံကိန်းတွင် အဓိကရင်းနှီးမြှုပ်နှံသူဖြစ်လာသည်။ ဓာတ်ပုံ – PTT

စစ်တပ်အကြမ်းဖက်မှုနှင့် နိုင်ငံတကာ အခန်းကဏ္ဍ

အထက်တွင်ဆိုခဲ့သကဲ့သို့ အရင်းရှင်စနစ်သည် တစ်ကမ္ဘာလုံးနှင့် ချိတ်ဆက်နေသည့် နိုင်ငံတကာစနစ်ဖြစ်သည်။ ထို့အတွက် အရင်းရှင်လူတန်းစားဆိုသူများမှာ မြန်မာပြည်တွင်းမှ လုပ်ငန်းရှင်များသာမဟုတ်၊ အိမ်နီးချင်းနိုင်ငံရော အနောက်နိုင်ငံများမှ လုပ်ငန်းရှင်များနှင့် အုပ်ချုပ်သူလူတန်းစားများ၊ ဗျူရိုကရက်များ ပါဝင်သည့် အပြန်အလှန်ဖောက်သည် လူတန်းစားအလွှာဖြစ်သည်။

သူတို့၏ အကျိုးစီးပွားသည် မြန်မာပြည်တွင်း တိုက်ရိုက်ရင်းနှီးမြှပ်နှံမှုများအဖြစ်သာမကဘဲ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့်လည်း ရှိနေသည်။ သူတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး/လုံခြုံရေး တို့သည်လည်း အချင်းချင်းဆက်စပ်နေရာ မြန်မာပြည်နှင့် ပတ်သက်ပြီး ဘယ်နိုင်ငံက ဘယ်လိုအကျိုးစီးပွားရှိနေသည်ဆိုသည့် မေးခွန်းကို ကြည့်ရာတွင် နိုင်ငံတစ်ခု၊ ကုမ္ပဏီတစ်ခု၏ အကျိုးစီးပွားကို ကွက်ကြည့်ခြင်းထက် နိုင်ငံတကာအရင်းရှင်/အုပ်ချုပ်သူလူတန်းစား အကျိုးစီးပွား (တစ်နည်း – နိုင်ငံရေးစနစ်၊ စစ်ရေး/လုံခြုံရေး စနစ်များဖြင့်ပါ တည်ဆောက်ကာကွယ်ထားသည့် စီးပွားရေးစနစ်အတွင်း သူတို့၏ ကမ္ဘာ့အခွင့်ထူးခံများ တည်မြဲရေး) သည် မြန်မာစစ်တပ်နှင့် ဆက်စပ်နေသည်ကို အကျယ်ဖြန့်ကြည့်ရန် အရေးကြီးသည်။

ဥပမာ – နိုင်ငံတကာရင်းနှီးမြှပ်နှံမှုများသည် စင်ကာပူနှင့် ချိတ်ဆက်နေသည်။ စင်ကာပူနှင့် ပွတ်တိုက်နိုင်မည့် မြန်မာဒီမိုကရေစီကိစ္စများ ပေါ်လာပါက အနောက်နိုင်ငံများသည် နိုင်ငံရေး သံတမန်ရေး အလုပ်ရှုပ်ခံပြီး ဒီမိုကရေစီအင်အားစုများဘက်မှ ရပ်မည်မဟုတ်ပါ။

ထိုနည်းလည်းကောင်းပင် အရင်းရှင်ကမ္ဘာတွင် အိန္ဒိယအား နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာကိစ္စရပ်များသာမက စစ်ရေး/လုံခြုံရေးအတွက်ပါ မဟာမိတ်အဖြစ် သတိထားဆက်ဆံရသည့် အခင်းအကျင်းတွင် အိန္ဒိယအကျိုးစီးပွားကို သွား၍ ထိခိုက်စေမည့်အရေး (သို့မဟုတ်) အိန္ဒိယနှင့် နိုင်ငံရေး သံတမန်ရေး အချင်းများရမည့် မြန်မာ့ဒီမိုကရေစီဆိုင်ရာ ကိစ္စများကို အတတ်နိုင်ဆုံးရှောင်ကြမည်သာဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်အပါအဝင် ပြီးခဲ့သည့် ဆယ်စုနှစ်များစွာအတွင်း နိုင်ငံတကာအရင်းရှင်အလွှာ အကျိုးအမြတ်ရှိစေမည့် (လုံခြုံရေးဝန်ဆောင်မှုအပါ) မြေ/သယံဇာတ/လုပ်အားများကို ထုတ်ပေးသည့် အဖွဲ့အစည်းမှာ မြန်မာစစ်တပ်ဖြစ်သည်။ အရင်းရှင်စီးပွားရေးစနစ်ကို Jigsaw (ကတ်ပြားချပ်များကို ချိတ်ဆက် တွဲဖက်ရသည့် ကစားနည်း) ဟု ကြည့်ပါ၊ မြန်မာနိုင်ငံနှင့်ဆိုင်သည့် အချပ်ကွက်များသည် များသောအားဖြင့် စစ်တပ်၏ အချပ်များသာဖြစ်သည်။ သို့ဖြစ်ရာ အရင်းရှင်တို့သည် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဝန်မလေးကြသလို ခေတ်အဆက်ဆက်တွင် UN နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့်သော်လည်းကောင်း၊ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍သော်လည်းကောင်း၊ တရားမဝင်ဆက်သွယ်ရေးလမ်းကြောင်းများတစ်ဆင့်သော်လည်းကောင်း ဆက်စပ်နေကြသည်။

တစ်ဖက်က အာဏာသိမ်းစစ်တပ်၊ တစ်ဖက်က ဒီမိုကရေစီတကြော်ကြော်အော်သည့်နိုင်ငံဟု ဆိုသော်ငြားလည်း ကမ္ဘာ့အရင်းရှင်စနစ်အခြေခံမှ ကြည့်ပါက အာဏာသိမ်းစစ်တပ်နှင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် အနောက်တိုင်း ဒီမိုကရေစီနိုင်ငံအစိုးရများသည် ပုလင်းတူဘူးဆို့များသာဖြစ်သည်။ နိုင်ငံတကာ ပုလင်းတူဘူးဆို့ လူတန်းစားအလွှာဟု ဆို၍ရမည် ထင်သည်။ (မှတ်ချက် – တစ်ကမ္ဘာလုံးကို သိမ်းကျုံးကာ အာဏာသိမ်းစစ်ကောင်စီကို အားပေးထောက်ခံနေသည်ဟု မဆိုလိုပါ။ ထို ဒီမိုကရေစီနိုင်ငံအစိုးရများသည်ပင်လျှင် အရင်းရှင်အကျိုးစီးပွားစနစ်ကို အမှီသဟဲပြုထားရပြီး ရှုပ်ထွေးပွေလီလှသည့် စနစ်တွင် လည်ပတ်နေသည့်အတွက် ထိုပုလင်းတူဘူးဆို့များသည် အာဏာရှင်နိုင်ငံများ၏ ဖိနှိပ်မှုဆိုင်ရာ ဝန်ဆောင်မှုအကျိုးကျေးဇူးကို ရရှိနေသည့်အကြောင်း ထောက်ပြလိုခြင်းဖြစ်သည်)။

ဤအချက်အပြင် မြန်မာနိုင်ငံရေးအခင်းအကျင်းတွင် စစ်တပ်သည်သာ အသာစီးရနေမည်ဟု နိုင်ငံတကာက တွက်ချက်သည်။ ထို့ကြောင့် ဒီမိုကရေစီအပြောင်းအလဲအတွက် ကူညီမည်ပြောသော်လည်း သူ့ဖောက်သည်ဟောင်းနှင့် မိတ်မပျက်ရေးအတွက် ဒီမိုကရေစီအင်အားစုများကို ချွေးသိပ်သလောက်သာ ကူညီခြင်းဖြစ်သည်။

ခေတ်အဆက်ဆက်တွင် အမှန်တကယ် သူတို့၏ အကျိုးစီးပွားအတွက် လုပ်ပေးနိုင်သူမှာ NLD/အရပ်သား အစိုးရမဟုတ်ဘဲ နိုင်ငံရေးအကြမ်းဖက်နိုင်သည့် စစ်တပ်ဖြစ်နေခြင်းကြောင့်ဖြစ်သည်။ Conspiration theory (ပူးပေါင်းကြံစည်မှု သီအိုရီကို) ဖန်တီးနေခြင်းမဟုတ်ပါ။ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ်က ရတနာ၊ ရဲတံခွန် ဓာတ်ငွေ့ပိုက်လိုင်း ပရောဂျက်ကိစ္စကို ဥပမာတစ်ခုအနေဖြင့် ပြန်စဉ်းစားပါက မြန်မာပြည်နိုင်ငံရေးအကြမ်းဖက်မှုကြောင့် ရတနာ၊ ရဲတံခွန်နှင့် ပတ်သက်သော လုပ်ငန်းရှင်များ အကျိုးအမြတ်ရကြောင်း၊ အနောက်နိုင်ငံအစိုးရများကလည်း ထိရောက်သည့် အရေးယူမှုများမှ လက်ရှောင်ခဲ့ကြောင်း သိနိုင်သည်။

နေပြည်တော်သို့ ဩဂုတ်လအတွင်းတွင် ရောက်ရှိလာပြီး အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံနေသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ။ (ဓာတ်ပုံ – EPA)

ပုလင်းတူဘူးဆို့တို့၏ ပုလင်းတူဘူးဆို့ရခြင်း အကြောင်းပြချက်

စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်ခေတ် (၂၀၁၀-၂၀၁၅)​ နှင့် NLD အရပ်သားအစိုးရခေတ် (၂၀၁၆-၂၀၂၁) တစ်လျှောက်တွင် အတိုက်အခံများနှင့် တက်ကြွလှုပ်ရှားသူများက ထောက်ပြကြသည်။ မြန်မာပြည်၏ နိုင်ငံရေးအပြောင်းအလဲသည် အနှစ်သာရအရ တိုးတက်မှုမရှိကြောင်း၊ စစ်တပ်က ပြည်သူကို အကြမ်းဖက်ဖိနှိပ်တော့မှာမဟုတ်ဘူးဆိုတာ အာမခံချက်မရှိကြောင်း၊ နိုင်ငံတကာအစိုးရများအပါ ရင်းနှီးမြှပ်နှံသူများသည် စစ်တပ်အင်အားပိုမိုကြီးထွားလာမည့် ပူးပေါင်းဆောင်ရွက်မှုများ မပြုလုပ်သင့်ကြောင်း အကြံပြုကြသည်။

ထိုအတိုက်အခံနှင့် တက်ကြွလှုပ်ရှားသူများကို အမြင်ကျဉ်းသူများ၊ ဘူတာမှ ထွက်သွားပြီဖြစ်သည့် ပြောင်းလဲမှုရထားကြီးကို မမီလိုက်သူများ (နောက်ကျ ကျန်ရစ်ခဲ့သူများ) ဟုသာ နိုင်ငံတကာအသိုင်းအဝိုင်းက မြင်သည်။

အကျိုးဆက်မှာ ၂၀၁၀ နှင့် ၂၀၂၁ အတွင်းတွင် အနောက်တိုင်းမှ စီးပွားရေးလုပ်ငန်းများသည် စစ်တပ်ပိုင် (သို့မဟုတ်) ဆက်စပ်လုပ်ငန်းများတွင် ဒေါ်လာသန်းချီ ရင်းနှီးမြှုပ်နှံလိုက်ကြသည်။ Justice for Myanmar ၏ ထုတ်ပြန်ချက်များအရ စီးပွားရေးလုပ်ငန်းများသာမက အနောက်နိုင်ငံအစိုးရရှယ်ယာပါဝင်ထားသည့် လုပ်ငန်းများပင်လျှင် စစ်တပ်စီးပွားရေးတွင် များစွာပါဝင်ပတ်သက်နေသည်။

သို့ဖြစ်ရာ နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် မြန်မာစစ်တပ်သည် စီးပွားရေးဆက်လက် ချုပ်ကိုင်ထားနိုင်ရုံသာမက အင်အားတောင့်တင်းဆဲဖြစ်သည်။ နှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖောက်ခဲ့သည့် စစ်တပ် အင်အားဆက်လက်တောင့်တင်းရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများက ကျားကန်ပေးထားခြင်းဖြစ်သည်။ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးခေါင်းစဉ်အောက် နိုင်ငံတကာပုလင်းတူဘူးဆို့များသည် စစ်တပ်နှင့် အရင်းရှင်အကျိုးစီးပွားပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ်တုန်းကလည်း ထူးမခြားနားပင်။ စစ်တပ်ကို ငွေကြေးထောက်ပံ့မှုနှင့် အကူအညီများ မပေးပါဟု အရင်းရှင်ကမ္ဘာက ဆိုသော်လည်း သွယ်ဝိုက်သော နည်းလမ်းများဖြင့် ဆက်ဆံခဲ့ကြသည်။ လုံခြုံရေး၊ ဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစရှိသဖြင့် ကဏ္ဍများတွင် ဥပမာများစွာတွေ့နိုင်သည်။ နည်းပညာအထောက်အကူပြုမှုဖြင့် တစ်နည်း၊ လေ့လာဆန်းစစ်မှုအနေဖြင့် တစ်မျိုး၊ စွမ်းရည်မြှင့်တင်ခြင်းနည်းလမ်းဖြင့် တစ်ဖုံ ဆက်သွယ်ဆောင်ရွက်ခဲ့ကြသည်။

နောင်တစ်ချိန် အရပ်သားအစိုးရတက်လာချိန်တွင် အခြားနိုင်ငံများနှင့် ယှဉ်လျှင် အုပ်ချုပ်ရေးယန္တရားများ နောက်ပြတ်ကျန်မနေအောင်ဆိုသည့် အကြောင်းပြချက်များပေးခဲ့သည်။ အာဏာရှင်ဦးနေဝင်းကိုလည်း ၁၉၆၂ နှင့် ၁၉၈၈ အတွင်း ဒေါ်လာ ၈ ဘီလျံကျော် ထုတ်ချေး ကူညီပေးခဲ့ကြောင်း ဦးသိန်စိန်အစိုးရ၏ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက ၂၀၁၂ ခုနှစ်တွင် ထုတ်ဖော်ပြောဆိုဖူးသည်။

တရုတ်နှင့် မြန်မာစစ်တပ် အကျိုးတူလုပ်ကိုင်နေသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသရှိ ကြေးနီစီမံကိန်းဝန်းကျင်တွင် ၂၀၁၂ ခုနှစ်က တွေ့ရသည့် ဒေသခံနှစ်ဦး။ (ဓာတ်ပုံ – EPA)

ယခု အာဏာသိမ်းပြီး ၂ နှစ်နီးပါးရှိလာသည့်အခါ UN အပါအဝင် အနောက်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများကပါ စစ်ကောင်စီနှင့် ဆက်ဆံရေးများကို ပြန်လည်တည်ဆောက်လာသည်။ အကြောင်းပြချက်မှာ စစ်ကောင်စီနှင့် ဆက်ဆံခြင်းသည် စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုခြင်းမဟုတ်ဘဲ လူသားချင်းစာနာမှုအထောက်အပံ့များပေးနိုင်ရေးအတွက်ဟု ဆိုသည်။ အမှန်မှာ စစ်ကောင်စီက လေသံပစ်ထားသည့် ၂၀၂၃ ရွေးကောက်ပွဲလုပ်ဖြစ်မည်ဟု ယုံကြည်ပြီး ရွေးကောက်ပွဲနောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုများအတွက် စစ်တပ်နှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ထားရန် ဖြစ်ကြောင်း သုံးသပ်သူများက ထောက်ပြကြသည်။

တစ်စုံလုံးကို ခြုံငုံသုံးသပ်ရလျှင် အနောက်နိုင်ငံများ၏ တုံ့ပြန်မှုပုံစံများသည် အသစ်အဆန်းမဟုတ်ပါ။ မြန်မာပြည်သူများကို စာနာကြောင်း၊ ဒီမိုကရေစီအရေး ကူညီကြောင်း အသံများမှာ ကျယ်လောင်လှသော်လည်း နိုင်ငံရေးပထဝီနှင့် နိုင်ငံ့စီးပွားရေးအခြေခံမှ သုံးသပ်ပါက နိုင်ငံတကာသည် အရင်းရှင်အကျိုးစီးပွားကို ဦးတည်ချဉ်းကပ်ကြောင်း မြင်နိုင်သည်။

သူတို့ကို အမှန်တကယ် အကျိုးရှိစေမည့် ဖိနှိပ်သည့်ဝန်ဆောင်မှုကို ပေးနိုင်သည့်အဖွဲ့အစည်းမှာ စစ်တပ်သာဖြစ်သဖြင့် ခေတ်အဆက်ဆက်တွင် စစ်တပ်နှင့် ဆက်ဆံရေးပျက်မသွားအောင် ထားလိုခြင်းဖြစ်သည်။ စစ်တပ်နှင့် အတိုက်အခံများကို ဆက်ဆံရာတွင် မြွေမသေ တုတ်မကျိုးကဲ့သို့သာ ပြုမူသည်။ စစ်တပ်ကို အရေးယူမည်ဆိုသည်မှာလဲ စစ်မှန်သည့် လူထုအခြေပြု အရပ်သားအစိုးရ တည်ထောင်ရေးအတွက် မဟုတ်။ ပရမ်းပတာကြမ်းတာမဟုတ်ဘဲ အရင်ရှင်အကျိုးစီးပွားအတွက် ထိန်းထိန်းသိမ်းသိမ်းနည်းဖြင့် ဖိနှိပ်ရေးဝန်ဆောင်မှုပေးရန်အတွက်သာဖြစ်သည်ဟု နားလည်ရသည်။

ဤရှုထောင့်မှ ကြည့်ပါက အာဏာသိမ်းပြီးစတွင် R2P (နိုင်ငံတကာထံမှ စစ်ရေးအကူအညီ) တောင်းဆိုစဉ်မှစ၍ ယခုနောက်ဆုံး နေပြည်တော်သို့ ချောင်းပေါက်နေပြီဖြစ်သည့် UN ခရီးစဉ်များကို ဆက်စပ်ကြည့်လျှင် နိုင်ငံတကာချဉ်းကပ်ပုံကို ထင်ရှားစွာသိမြင်နိုင်သည်။

ကုလသမဂ္ဂနှင့် အာဆီယံအစည်းအဝေးများတွင် စစ်ကောင်စီကိုယ်စားလှယ်တက်ရောက်ခွင့်ကို ကန့်ကွက်ထား၍ အတိုက်အခံကိုယ်စားလှယ်များကိုပါ မဖိတ်တော့သည့်လုပ်ရပ်များ၊ စစ်ကောင်စီနှင့် အငြင်းပွားစရာဖြစ်မည်စိုးသဖြင့် ဒီမိုကရေစီထောက်ကူရေးဆိုသည့် စကားရပ်ကို မဟာဗျူဟာစီမံကိန်းစာသားမှ ထုတ်ပယ်ခိုင်းသည့် တိတ်တိတ်ပုန်းအဆိုပြုချက်များ၊ စစ်ကောင်စီခွင့်ပြုချက်မပါဘဲ လူသားချင်းစာနာမှုအကူအညီပေးရန် လက်တွန့်မှုများ၊ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ကို တရားဝင်အစိုးရဟု သတ်မှတ်လက်ခံခြင်းမဟုတ်ဘဲ ပြည်သူများ၏ ဒီမိုကရေစီဆန္ဒကို ကိုယ်စားပြုသူများဟူ၍ ဟိုမရောက် ဒီမရောက် သတ်မှတ်မှုများကို တွေ့နိုင်သည်။

UN တွင် နိုင်ငံအတွက် တရားဝင်ကိုယ်စားပြုမှုကို ဆိုင်းငံ့ထားသော်လည်း မြန်မာပြည်ရှိ UN အေဂျင်စီ တစ်ခုပြီးတစ်ခုက စစ်ကောင်စီနှင့် တရားဝင်သွားရောက်တွေ့ဆုံနေကြသည်။ အထက်ပါ အကြောင်းများကို ခြုံ၍ သုံးသပ်ရာတွင် အာဏာရှင်တစ်ဖက်၊ ဒီမိုကရေစီနိုင်ငံများက တစ်ဖက်ဟု ခွဲခြားကြည့်ရန် မဖြစ်နိုင်ဘဲ ကမ္ဘာ့အရင်းရှင်စနစ်၏ ပုလင်းတူဘူးဆို့များဟုအဖြစ်သာ တွေ့ရမည်။

ဓာတ်ပုံ − ၂၀၂၁ မတ် ၁၂ ရက်က ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက R2P (နိုင်ငံတကာစစ်ရေးအကူအညီ) တောင်းခံသည့် ပိုစတာများ ကိုင်ဆောင်ထားစဉ်။ (ဓာတ်ပုံ − EPA)

ဤအခင်းအကျင်းအမှန်တရားအပေါ် အခြေခံပြီး နိုင်ငံတကာဆက်ဆံရေး ဗျူဟာချဉ်းကပ်မှုကို စဉ်းစားပါက အတိုက်အခံအင်အားစုများ၏ အနောက်တိုင်းအားကို လိုသည်ထက် ပိုမိုအားကိုးမှုသည် တံလျှပ်ကို ရေထင် ရွှေသမင်အလိုက်မှားဖြစ်နေသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယသည် ကမ္ဘာ့ စူပါပါဝါများဖြစ်လာနေသည်သာမက မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်နီးချင်းနိုင်ငံများ ဖြစ်သည်။

အိန္ဒိယဆိုလျှင် ယခု ကုလသမဂ္ဂ ဥက္ကဋ္ဌလုပ်နေသည်သာမက G20 နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး ဥက္ကဋ္ဌလည်းဖြစ်သည်။ စီးပွားရေးအရလည်း တရုတ်နှင့် အိန္ဒိယသည် မြန်မာနိုင်ငံတွင် အကျိုးစီးပွားများစွာ ရှိနေသည်။ ထိုနှစ်နိုင်ငံလုံးသည် အရှေ့တောင်အာရှတွင် အနောက်တိုင်းခြယ်လှယ်မှုကို မလိုလားပါ။ သူတို့အမြင်တွင် မြန်မာအတိုက်အခံများသည် အနောက်တိုင်းထောက်ခံသူများဖြစ်သည်ဟုသာ နားလည်နေသည်။ လက်တွေ့တွင်မူ မြန်မာအတိုက်အခံများသည် အနောက်တိုင်းဆီမှ ချွေးသိပ်သည့် အကူအညီထက်လည်း ပိုမရ၊ အိမ်နီးချင်းနိုင်ငံများနှင့်လည်း ဆက်ဆံရေးအားနည်းနေသည်။

အတိုက်အခံများကို အနောက်တိုင်းနှင့် နီးစပ်နေရာမှ အိမ်နီးချင်းနိုင်ငံများထံသို့ ပြေးကပ်ရန် အကြံပြုနေခြင်းမဟုတ်ပါ။ အိမ်နီးချင်းနိုင်ငံများသည် သမိုင်းတစ်လျှောက် ဒီမိုကရေစီအင်အားစုများထက် စစ်တပ်နှင့်ပို၍ ဆက်ဆံရေးအဆင်ပြေလိုသူများဖြစ်သည်။ သူတို့သည်လည်း အရင်းရှင်စနစ်တွင် သူတို့၏ အကျိုးစီးပွားကို ဦးတည်သူများဖြစ်သည်။ မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး စစ်တပ်နှင့် ပိုမိုရင်းနှီးကာ သက်သောင့်သက်သာရှိသူများဖြစ်သည်။ ဒီမိုကရေစီရေးကို လက်နှေးသည့် နိုင်ငံများသာဖြစ်သည်။

သို့ဖြစ်ရာ မြန်မာဒီမိုကရေစီအင်အားစုများအနေဖြင့် နိုင်ငံတကာကို ချဉ်းကပ်ရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်အောင် တည်ဆောက်သင့်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးကိစ္စများကို အရင်းရှင်စနစ်/အကျိုးစီးပွားရေးရာတို့နှင့် ချိန်ထိုးသုံးသပ်ကာ အာဆီယံ၊ ဂျပန်၊ ကိုးရီးယားအပါအဝင် အိမ်နီးချင်းနှင့် အနောက်တိုင်းအကြား နိုင်ငံရေး သံတမန်ရေး ပိုမိုကျွမ်းကျင်စွာ ကစားနိုင်ရန် လိုအပ်သည်ဟု မြင်သည်။ ထိုနိုင်ငံများ၏ ပြည်တွင်းနိုင်ငံရေးသာမကနှင့် ၂၁ ရာစု ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် သူတို့၏ နိုင်ငံတကာဆက်ဆံရေးဓလေ့နှင့် အကျိုးစီးပွားကိုလည်း အထူးအလေးပေးတွက်ချက်ကာ ဆက်ဆံရေးတည်ဆောက်သင့်သည်ဟု မြင်သည်။ သူတို့သည် မြန်မာဒီမိုကရေစီအရေးကို ပုံအော ထောက်ခံမည်တော့ မဟုတ်ပါ၊​ သို့သော် အတိုက်အခံများ၏ နိုင်ငံတကာဆက်ဆံရေးဗျူဟာတွင် အိမ်နီးချင်းနိုင်ငံများသည် မိမိအတွက် အရေးပါသည့် ဖဲချပ်များဖြစ်နေရန် လိုအပ်သည်။

(ဒေါက်တာ စိုင်းလတ်သည် ကနေဒါနိုင်ငံ York University မှ နိုင်ငံတကာဖွံ့ဖြိုးရေးနှင့် အာရှလာလေ့လာရေးဘွဲ့များရရှိသူဖြစ်သည်။ မဲခေါင်ဒေသတွင် ဖွံ့ဖြိုးရေးနှင့် ပဋိပက္ခဆက်နွှယ်မှု သုတေသနအကြောင်းအရာဖြင့် Simon Fraser University မှ PhD ဘွဲ့ ရရှိထားသူဖြစ်သည်။ ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး Myanmar Now ၏ မူဝါဒသဘောထားများနှင့် သက်ဆိုင်ခြင်းမရှိပါ။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button