
မြန်မာနိုင်ငံ၏ ရွေးကောက်ခံ အရပ်သားအစိုးရအကြီးအကဲ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ခန့်အပ်ခဲ့သော ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး၊ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ဖေဖော်ဝါရီလ (၂၆) ရက်နေ့က ကုလသမဂ္ဂညီလာခံစင်မြင့်မှတစ်ဆင့် ကမ္ဘာ့သိ ကြေညာလိုက်သည်။
ထိုဖြစ်ရပ်သည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်ကောင်စီ၏ တရားဝင်မှုကို နိုင်ငံတကာသံတမန်ဆက်ဆံရေးမျက်နှာစာတွင် အတိအလင်းစိန်ခေါ်လိုက်ခြင်း ဖြစ်သည်။ စစ်ကောင်စီသည် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နိုင်ငံတော်သစ္စာဖောက်မှု စွဲချက်ဖြင့် ရာထူးမှ ချက်ချင်းဖယ်ရှားကြောင်း ကြေညာပြီး၊ သူ၏ နေရာတွင် အစားထိုးခန့်အပ်ရန် ကုလသမဂ္ဂသို့ သံတမန်ခန့်အပ်လွှာ တင်သွင်းတောင်းဆိုခဲ့သည်။ ကုလသမဂ္ဂ၏ မြန်မာ့အရေးအတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ ရပ်တည်ချက်ကို မြန်မာပြည်သူများနှင့် ကမ္ဘာကြီးက စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြသည်။
ဤသိုဖြင့် ဒီဇင်ဘာလ (၆) ရက်နေ့တွင် စစ်ကောင်စီ၏ ကုလသမဂ္ဂကျဆုံးခန်းကို မြင်တွေ့ခဲ့ရသည်။
အဖွဲ့ဝင်နိုင်ငံတို့စေလွှတ်မည့် သံတမန်များကို လက်ခံရေးအတွက် ကုလသမဂ္ဂတွင် တိကျသော လုပ်ထုံးလုပ်နည်းများ ရှိပါသည်။ သို့သော် မြန်မာ့အရေးက အဖွဲ့ဝင် (၉) နိုင်ငံပါဝင်သော အရည်အချင်းစစ်ကော်မတီ (Credential Committee) အတွက် ခက်ခဲသောဆုံးဖြတ်ချက် ဖြစ်ပါသည်။ ကော်မတီ၏ စိစစ်ဆုံးဖြတ်ချက်ကို အထွေထွေညီလာခံသို့ တင်ပြကာ သဘောတူဆုံးဖြတ် အတည်ပြုရပါသည်။ မြန်မာစစ်ကောင်စီက ခန့်အပ်ထားသော သံအမတ်ခန့်အပ်လွှာကို အရည်အချင်းစစ်ကော်မတီက ဆိုင်းငံ့ထားရန် ဆုံးဖြတ်ချက်ကို အထွေထွေညီလာခံက ဒီဇင်ဘာလ (၆) ရက်နေ့တွင် တညီတညွတ်တည်း အတည်ပြုခဲ့သည်။
ယင်းဆုံးဖြတ်ချက်က အဖွဲ့ဝင် ၁၉၃ နိုင်ငံဖြင့် ဖွဲ့စည်းထားသော ကုလသမဂ္ဂအဖွဲ့ကြီးက စစ်ကောင်စီကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုကြောင်း တညီတညွတ်တည်း ငြင်းဆန်လိုက်သည့် အဓိပ္ပာယ်ရပါသည်။ ထို့အတူ ကုလသမဂ္ဂသည် မြန်မာပြည်သူများ၏ ဒီမိုကရေစီအရေးကြိုးပမ်းမှုနှင့်အတူ ရပ်တည်နေကြောင်း ပြတ်သားစွာ ပြသလိုက်ခြင်း ဖြစ်သည်။
မတူညီသော နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံရေးစနစ် မည်သို့ပင်ရှိပါစေ၊ စည်းမျဉ်းဥပဒေ အခြေပြုရွေးကောက်တင်မြှောက်မှုစနစ် (Rule-based Electoral System) မှတစ်ဆင့် ပြည်သူများ၏ ဆန္ဒမဲဖြင့် တရားနည်းလမ်းတကျ ရွေးချယ်တင်မြှောက်လိုက်သော အစိုးရများကိုသာ အသိအမှတ်ပြုပြီး၊ လက်နက်အင်အားဖြင့် အတင်းအဓမ္မ ဗိုလ်ကျအနိုင်ကျင့် အာဏာသိမ်းသော စစ်အာဏာရှင်မှန်သမျှကို ကမ္ဘာ့လူ့အသိုက်အဝန်းက လက်မခံဘူးဟု ပြတ်သားစွာ သတင်းစကားပါးလိုက်ခြင်း ဖြစ်သည်။
ထိုနေ့မှာပင် စစ်ကောင်စီသည် မြန်မာပြည်သူများက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ၎င်းတို့ကိုယ်တိုင် မကျူးလွန်သောအမှုများဖြင့် စွဲချက်တင်ကာ ထောင်ဒဏ် (၄) နှစ်စီ ချမှတ်ခဲ့သည်။
ထိုဖြစ်ရပ်နှစ်ခု တစ်နေ့တည်းဖြစ်ခဲ့ခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ပါ။ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ရလဒ်ကို မျှော်မှန်းထားသော စစ်ကောင်စီသည် ကမ္ဘာ့မိသားစုကြီး၏ ဆန္ဒသဘောထားကို ဆန့်ကျင်ပြသရန် ရည်ရွယ်လျက် နိုဝင်ဘာ (၃၀) ရက်နေ့ ချမှတ်ရန် သတ်မှတ်ထားသော စီရင်ချက်ကို ဒီဇင်ဘာလ (၆) ရက်နေ့သို့ အချိန်ကိုက် ရွှေ့ဆိုင်းပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
ကုလသမဂ္ဂက နိုဝင်ဘာ (၄) ရက်စွဲတပ် ထုတ်ပြန်ထားသည့် တရားဝင်အသိအမှတ်ပြုထားသော အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံအကြီးအကဲများနှင့် နိုင်ငံခြားရေးဝန်ကြီးများစာရင်း (Head of State, Head of Government and Minister for Foreign Affairs) တွင် မြန်မာနိုင်ငံ၏ နိုင်ငံအကြီးအကဲ ဦးဝင်းမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟုသာ ဖော်ပြထားသည်။

နိုင်ငံတကာအသိုင်းအဝိုင်းက လက်မခံနိုင်သော “လူလိမ်” စစ်ခေါင်းဆောင်
အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ အစိုးရများကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံဆက်ဆံခဲ့သော ဖြစ်စဉ်ဖြစ်ရပ်များ မကြာသေးခင် အချိန်ကာလအထိ ရှိခဲ့သည်။ မြန်မာနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ်သည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ပြီး၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံဆက်ဆံခဲ့ကြသည်။
မင်းအောင်လှိုင်ကို နိုင်ငံတကာက အဘယ်ကြောင့် လက်မခံနိုင်ဖြစ်ရသနည်း။ အဖြေမှာ သူသည် “လူလိမ်” စစ်ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းကြောင့် ဖြစ်သည်။
ထိုအချက်ကို လေ့လာရာတွင် အာဏာသိမ်းမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ “အာဏာထိန်း” တာပါဟု ကမ္ဘာကို လိမ်ညာခဲ့ခြင်းက မင်းအောင်လှိုင်ကို လက်မခံနိုင်သော အချက်များထဲက ပထမဆုံးအချက် ဖြစ်နိုင်ပါသည်။ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ပါလျက် နိုင်ငံတကာသို့ ဗြောင်ကျကျ လိမ်ညာခဲ့၊ လိမ်ညာနေသော “လူလိမ်” ကို နိုင်ငံအကြီးအကဲအဖြစ် မည်ကဲ့သို့ လက်ခံမည်နည်း။
သာမန်လူပုဂ္ဂိုလ်တစ်ဦး၏ လိမ်ညာမှုကိုပင် လူ့အဖွဲ့အစည်းက လက်မခံနိုင်သော ရိုးရှင်းသည့် လောကပါလ ကျင့်ဝတ်စံနှုန်းကို ဖောက်ဖျက်ကျူးလွန်ခဲ့ပြီး၊ နိုင်ငံအကြီးအကဲဖြစ်ချင်နေသော မင်းအောင်လှိုင်ကို လူ့ကျင့်ဝတ်နှင့် လူ့ဂုဏ်သိက္ခာ၏ ကြီးမြတ်မှုကို တန်ဖိုးထားသော ဘယ်နိုင်ငံအကြီးအကဲကမှ လက်ခံပြီး၊ တန်းတူနေရာပေး ဆက်ဆံချင်မည် မဟုတ်ပါ။
ထိုင်းနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင်သည် ထိုကဲ့သို့ ကမ္ဘာကို လိမ်ညာမှုမျိုး မပြုမူခဲ့ဘဲ အာဏာသိမ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲပြဋ္ဌာန်းခြင်း၊ ရွေးကောက်ပွဲကျင်းပခြင်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံခြင်းဖြင့် အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးဘဝမှ ရွေးကောက်ခံ အရပ်သားဝန်ကြီးချုပ်ဘဝသို့ အဆင့်ဆင့်ကူးပြောင်းခဲ့သည်။ ထိုဖြစ်စဉ်အားလုံးတွင် ထိုင်းပြည်သူများ၏ လက်ခံမှုနှင့် တရားမျှတမှုဆိုင်ရာ မေးခွန်းပေါင်းများစွာ ရှိသော်ငြားလည်း နိုင်ငံတကာအသိုင်းအဝိုင်းက ထိုကိစ္စကို ထိုင်းပြည်သူများကသာ ဖြေရှင်းရမှာဖြစ်ပြီး စစ်ခေါင်းဆောင်ကို ရွေးကောက်ခံဝန်ကြီးချုပ်အဖြစ် လက်ခံခဲ့သည်။ မင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ်ကို အားကျဟန်ရှိသော်လည်း မြန်မာပြည်သူများ၏ ပြင်းထန်သောဆန့်ကျင်မှုကိုမူ ကြိုတင်တွက်ဆနိုင်ခဲ့ခြင်း မရှိခဲ့ပါ။

အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသော လက်နက်မဲ့ ပြည်သူများကို စစ်မြေပြင်သုံးလက်နက်များ၊ ကျည်အစစ်များဖြင့် လူမြင်ကွင်း အကြမ်းဖက်သတ်ဖြတ် နှိမ်နင်းခဲ့သည်။ ဒီဇင်ဘာလ (၅) ရက်နေ့က ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ဆန္ဒပြလူငယ်များကို စစ်ကားနှင့် ဝင်ရောက်တိုက်သတ် ဖြိုခွင်းချိန်အထိ ကျူးလွန်မှုပေါင်းများစွာကို ဓာတ်ပုံ၊ ဗီဒီယို သက်သေအထောက်အထားများစွာ ရှိပါလျက် နေ့စဉ် နိုင်ငံပိုင်သတင်းစာများ၊ ရုပ်သံလိုင်းများကနေ မင်းအောင်လှိုင်နှင့် စစ်ကောင်စီ လိမ်ညာပြောဆိုနေခြင်းက ဒုတိယအချက် ဖြစ်သည်။
အဖွဲ့ဝင်မြန်မာနိုင်ငံအရေး ကြားဝင်ညှိနှိုင်းဖြေရှင်းရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ခေါင်းဆောင်များက မင်းအောင်လှိုင်ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့သို့ ဧပြီလ (၂၄) ရက်နေ့တွင် ခေါ်ယူညှိနှိုင်းခဲ့သည်၊ အာဆီယံ “တူညီဆန္ဒ ၅ ချက်” ကို အကောင်အထည်ဖော်ရန် သူကိုယ်တိုင် သဘောတူခဲ့သည်။ သို့သော် အာဆီယံခေါင်းဆောင်များအားလုံးကို လိမ်ညာ ကတိပေးခဲ့ပြီး ယနေ့အချိန်ထိ အကောင်အထည်မဖော်ခဲ့ခြင်းက တတိယအချက် ဖြစ်သည်။
ထို့ကြောင့် အာဆီယံထိပ်သီးအစည်းအဝေးများ၊ အာဆီယံနှင့် မိတ်ဖက်နိုင်ငံများအကြား ထိပ်သီးအစည်းအဝေးပွဲများအားလုံးတွင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့် သို့မဟုတ် စစ်ကောင်စီ၏ နိုင်ငံရေးရာထူး ရယူထားသူ မည်သူမျှ တက်ရောက်ခွင့်မရှိဟု အာဆီယံခေါင်းဆောင်များက အရေးယူပိတ်ပင်ခဲ့သည်။
ခြုံ၍ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသော ကမ္ဘာ့အဖွဲ့အစည်းကြီးဖြစ်သည့် ကုလသမဂ္ဂနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် အာဆီယံ နှစ်ခုစလုံးက စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုကြပေ။ စစ်တပ်က မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်နေခြင်းကို မည်သို့မျှ လက်ခံနိုင်ခြင်းမရှိကြောင်း ကမ္ဘာ့အသိုက်အဝန်းတစ်ခုလုံးက တညီတညွတ်တည်း ပြသခဲ့ပြီ ဖြစ်သည်။
အစိုးရအဖြစ် အသိအမှတ်ပြုမှုဆိုင်ရာ နိုင်ငံတကာစံနှုန်းများနှင့် ချိန်ထိုးတိုင်းတာခြင်း
နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံကို အသိအမှတ်ပြုခြင်း (Recognition of State) နှင့် အစိုးရကို အသိအမှတ်ပြုခြင်း (Recognition of Government) ဟူ၍ နှစ်မျိုးခွဲခြားထားသည်ကို တွေ့ရှိရသည်။ ၁၉၃၃ ခုနှစ် ဥရုဂွေးနိုင်ငံ Montevideo မြို့တွင် ကျင်းပခဲ့သော Montevideo Convention on the Rights and Duties of States က နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းဆိုင်ရာ စံနှုန်း (၄) ခုကို သဘောတူချမှတ်ခဲ့ပြီး၊ နိုင်ငံတကာဥပဒေများတွင် လက်ရှိအချိန်အထိ သုံးစွဲလျက်ရှိသည်။ ထိုစံနှုန်းများမှာ (၁) အတည်တကျနေထိုင်သော လူဦးရေရှိခြင်း၊ (၂) သတ်မှတ်ထားသော နယ်နိမိတ်ရှိခြင်း၊ (၃) အစိုးရတစ်ရပ်ရှိခြင်းနှင့် (၄) အခြားနိုင်ငံများနှင့် သဘောတူစာချုပ်များ ရေးထိုးနိုင်စွမ်းရှိခြင်း တို့ဖြစ်သည်။
လေ့လာမှုများအရ နိုင်ငံကို အသိအမှတ်ပြုခြင်းစံနှုန်းများကိုသာ အတိအကျသတ်မှတ်ထားခြင်းရှိပြီး၊ အစိုးရကို အသိအမှတ်ပြုခြင်းသည် နိုင်ငံတကာဥပဒေများတွင် တိကျသော စံနှုန်းသတ်မှတ်ချက်များ မရှိဘဲ၊ ဥပဒေဆိုင်ရာ ပြဿနာထက် နိုင်ငံရေးဆိုင်ရာ ပြဿနာအဖြစ် သတ်မှတ်ပြီး၊ နိုင်ငံတစ်ခုချင်းစီက ၎င်းတို့အစိုးရ၏ မူဝါဒသဘောထားအပေါ် မူတည်ဆုံးဖြတ်ကြလေ့ရှိသည်ဟု ပညာရှင်များက သုံးသပ်ကြသည်။
သို့သော် အစိုးရတစ်ရပ်ကို အသိအမှတ်ပြုသင့် မပြုသင့် ပြဿနာကို စဉ်းစားကြသည့်အခါ နိုင်ငံကို အသိအမှတ်ပြုခြင်းစံနှုန်း (၄) ခုပေါ်တွင် အခြေပြုထားသည်ကို လေ့လာတွေ့ရှိရသည်။ ၎င်းတို့မှာ (၁) ပြည်သူများ၏ လက်ခံမှုနှင့် နာခံမှု ရှိမရှိ၊ (၂) နိုင်ငံပိုင်နက်နယ်မြေ ထိန်းချုပ်နိုင်မှု ရှိမရှိ (၃) တရားဥပဒေနှင့်အညီ အာဏာရယူထားခြင်း ရှိမရှိ နှင့် (၄) နိုင်ငံတကာသဘောတူစာချုပ်များကို လက်မှတ်ရေးထိုးနိုင်စွမ်း ရှိမရှိ စသည့် အချက် (၄) ချက်ကို နိုင်ငံတကာက မဖြစ်မနေ ထည့်သွင်းစဉ်းစားကြကြောင်း လေ့လာတွေ့ရှိရသည်။
ဤနေရာတွင် သတိပြုသင့်သည်မှာ နိုင်ငံတစ်ခုကို အသိအမှတ်ပြုခြင်းဆိုင်ရာ စံနှုန်း (၄) ခု ချမှတ်ခဲ့သော ၁၉၃၃ ခုနှစ် အချိန်ကာလသည် ကမ္ဘာပေါ်တွင် ကိုလိုနီနယ်ချဲ့စနစ် လွမ်းမိုးမှုအားကောင်းနေဆဲဖြစ်ပြီး၊ မည်သည့်နည်းလမ်းဖြင့် အာဏာရသည်ဖြစ်စေ အစိုးရအဖြစ် အသိအမှတ်ပြုသော အစဉ်အလာများ ရှိခဲ့သည်။ ယနေ့အချိန်ထိလည်း ထိုအစဉ်အလာကြောင့် အာဏာသိမ်းအစိုးရများကို လက်ခံကြသော ဖြစ်ရပ်များ ရှိနေဆဲဖြစ်သည်။
သို့သော် ပြောင်းလဲလာသော ကမ္ဘာကြီးတွင် ကုလသမဂ္ဂကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများသည် ဥပဒေစိုးမိုးမှုအခြေခံသောစနစ် (Rule-based System) ကို အလေးထားဖော်ဆောင်လာပြီး၊ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းက မည်သည့် နိုင်ငံရေးစနစ် ကျင့်သုံးသည်ဖြစ်စေ၊ သက်ဆိုင်ရာနိုင်ငံ၏ ပြည်သူများက တရားနည်းလမ်းတကျ တင်မြှောက်ပြီး၊ လိုလားစွာ အပ်နှင်းထားသော အခွင့်အာဏာကို ရရှိထားသော အစိုးရများ ဖြစ်ရမည်ဟု အလေးထားလာကြသည်။

ကမ္ဘာကြီးက ဥပဒေစိုးမိုးမှုအခြေခံသောစနစ်ဆီ ရှေးရှုနေချိန် မြန်မာနှင့် အာဖဂန်နစ္စတန်နိုင်ငံများတွင် ရွေးကောက်ခံအစိုးရများကို ဖြုတ်ချပြီး၊ လက်နက်အင်အားဖြင့် အာဏာသိမ်းသော အစိုးရများ ပေါ်ပေါက်လာသည့်အခါ တစ်နိုင်ငံထဲ အစိုးရနှစ်ရပ် အပြိုင်ပေါ်ပေါက်သည့် အခြေအနေနှင့် ကြုံတွေ့လာရသည်။ ထိုအခါ မည်သည့်အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံသင့်သနည်းဆိုသည့် ပြဿနာပေါ်ပေါက်လာပြီး၊ ကုလသမဂ္ဂကဲ့သို့ ကမ္ဘာ့အဖွဲ့အစည်းကြီးက ထိုကိစ္စကို ပြတ်သားစွာ မဆုံးဖြတ်ဘဲ ရွှေ့ဆိုင်းခဲ့သည်။ သို့သော် အာဏာလက်လွှတ်လိုက်ရသော ရွေးကောက်ခံအစိုးရကိုသာ ဆက်လက်အသိအမှတ်ပြုထားသည်။
ထို့ကြောင့် အစိုးရတစ်ရပ်ကို အသိအမှတ်ပြုခြင်းဆိုင်ရာ စံနှုန်းများတွင် စံနှုန်း (၁) ဖြစ်သော “ပြည်သူများ၏ လက်ခံမှုနှင့် နာခံမှု” ကို စစ်ကောင်စီ လုံးဝမရရှိသည်မှာ အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလမှ ယနေ့အချိန်ထိ ပြည်သူများ၏ ဆန့်ကျင်ဆန္ဒပြမှုကို ရင်ဆိုင်နေရသည့်အချက်က သိသာထင်ရှားပါသည်။ ထို့အတူ စံနှုန်း (၃) ဖြစ်သော “တရားဥပဒေနှင့်အညီ အာဏာရယူထားခြင်း ရှိမရှိ” ဆိုသည့် အချက်က စစ်ကောင်စီနှင့် လုံးဝမကိုက်ညီဘဲ အာဏာကို လက်နက်အင်အားသုံးပြီး အတင်းအဓမ္မရယူထားခဲ့ခြင်းက ပေါ်လွင်ထင်ရှားသည်။ စံနှုန်းနံပါတ် (၄) ဖြစ်သော “နိုင်ငံတကာသဘောတူစာချုပ်များကို လက်မှတ်ရေးထိုးနိုင်စွမ်း ရှိမရှိ” ဆိုသည့် အချက်ကလည်း ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့ကြီး တို့၏ ငြင်းပယ်မှုအသီးသီးကို ရင်ဆိုင်ခဲ့ရခြင်းကြောင့် လုံးဝမရှိသည်မှာ ထင်ရှားပါသည်။
စံနှုန်းနံပါတ် (၂) ဖြစ်သော “နိုင်ငံပိုင်နက်နယ်မြေ ထိန်းချုပ်နိုင်မှု ရှိမရှိ” ဆိုသည့်အချက်ကို လေ့လာသည့်အခါ “ထိန်းချုပ်နိုင်မှု” ကို မည်သို့ အဓိပ္ပာယ်သတ်မှတ်မည်နည်းဆိုသည့် မေးခွန်ပေါ်ပေါက်ကာ အငြင်းပွားစရာတချို့ ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် စစ်ကောင်စီသည် နိုင်ငံ၏ မြို့တော်နှင့် အချက်အချာကျသောမြို့ကြီးများကို စစ်အင်အားအသုံးပြု ထိန်းချုပ်ထားနိုင်ခြင်းကလွဲလျှင် နိုင်ငံအနှံ့ စစ်ကောင်စီကို တော်လှန်ပုန်ကန်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြောင့် မြို့ရွာအများအပြားကို ထိန်းချုပ်နိုင်ခြင်း မရှိသည်မှာ ထင်ရှားသည်။
မြို့တော်နှင့် မြို့ကြီးများရှိ အုပ်ချုပ်ရေးယန္တရားများကို စစ်ကောင်စီက ထိန်းချုပ်လည်ပတ်နေသော်လည်း ပြည်သူများက စစ်တပ်၏ စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ခြင်း၊ အခွန်မဆောင်ခြင်း စသည့် ရသည့်နည်းလမ်းများဖြင့် စစ်ကောင်စီကို လက်မခံခြင်း၊ မနာခံခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု မရရှိခြင်း၊ နိုင်ငံအနှံ့ ကျေးလက်နှင့် ဝေးလံသော အရပ်ဒေသများတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ လုံးဝလည်ပတ်နိုင်မှု မရှိတော့ခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်စိုးမိုးထားသည့် နေရာများတွင် အစိုးရအဆက်ဆက် အုပ်ချုပ်ရေးယန္တရား မရှိသလို၊ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်း မရှိခြင်း စသည့် အချက်များကို အသေးစိတ်လေ့လာတွက်ချက်မည်ဆိုပါက နိုင်ငံပိုင်နက်နယ်မြေကို ထိန်းချုပ်ထားနိုင်သော်လည်း အုပ်ချုပ်နိုင်စွမ်းမရှိဟု သုံးသပ်တွေ့ရှိရသည်။
နိဂုံးချုပ်အားဖြင့် စစ်ကောင်စီသည် နိုင်ငံတကာက လက်ခံထားသော အစိုးရတစ်ရပ်ကို အသိအမှတ်ပြုမှုဆိုင်ရာ အခြေခံစံနှုန်း (၄) ခုစလုံးတွင် တစ်ခုမျှ ခိုင်မာအားကောင်းစွာ ရရှိပိုင်ဆိုင်ထားခြင်းမရှိကြောင်း ထင်ရှားပါသည်။ သို့ဖြစ်၍ ကုလသမဂ္ဂနှင့် အာဆီယံကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများက တရားဝင်အစိုးရတစ်ရပ်အဖြစ် အသိအမှတ်မပြုဘဲ ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ ကုလသမဂ္ဂကျဆုံးခန်းက ဤနေရာတွင် ရပ်တန့်မနေပါ။ အာဏာသိမ်းပြီးနောက်ပိုင်း WHO (World Health Organization)၊ ILO (International Labor Organization) စသည့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများက အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမည်ဟု ဆိုကာ စစ်ကောင်စီစေလွှတ်သော ကိုယ်စားလှယ်အဖွဲ့များကို လက်မခံဘဲ ဆိုင်းငံ့ခဲ့သည်။ ယခု အထွေထွေညီလာခံဆုံးဖြတ်ချက်ကြောင့် စစ်ကောင်စီသည် ကုလသမဂ္ဂ၏ မည်သည့်လက်အောက်ခံအဖွဲ့အစည်းတွင်မျှ ကိုယ်စားပြုခွင့် မရရှိတော့ပါ။ စစ်ကောင်စီ၏ တရားဝင်အစိုးရ ဖြစ်မဖြစ်ပုစ္ဆာသည်လည်း ရှင်းလင်းသွားပြီ ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)