အတွေးအမြင်

စစ်တပ်ပြိုလဲနိုင်ခြေ၊ အာဏာလေဟာနယ်နှင့် နိုင်ငံတကာကြားဝင်ရေး

မြန်မာ့ပြဿနာကို စစ်တပ်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား သုံးပွင့်ဆိုင်ပြဿနာအဖြစ် ရှုမြင်ခဲ့ကြပြီး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြင့် ဖြေရှင်းရန် ကြိုးပမ်းခဲ့ဖူးသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စားပွဲဝိုင်းကိုပင် သုံးနားညီတြိဂံပုံစံ ပုံဖော်ခဲ့သည်ကို အရပ်သားအစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တွေ့မြင်ခဲ့ရသည်။  

သို့သော် လက်တွေ့တွင် ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်အာဏာကို ထိန်းချုပ်ခဲ့ဖူးပြီး၊ တိုင်းပြည်၏ သယံဇာတအရင်းအမြစ်အားလုံးကို စိတ်တိုင်းကျသုံးစွဲလျက် လက်နက်၊ အာဏာ၊ ကိုယ်ကျိုးစီးပွားတို့ကို စနစ်တကျ တည်ဆောက်ခဲ့သော စစ်တပ်နှင့် ကျန်အစုအဖွဲ့ နှစ်ခု နှိုင်းယှဉ်လျှင် အချိုးမညီ တြိဂံပုံစံသာ ဖြစ်သည်။ 

မည်သို့ပင်ဆိုစေ ယခုအခါ စစ်တပ်သည် မြန်မာပြည်သူများအတွက် ငြိမ်းချမ်းရေးနှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး၏ အန္တရာယ်ဖြစ်နေပေပြီ။

ရာစုနှစ်ထက်ဝက်နီးပါး အာဏာထိန်းချုပ်ထားပြီးမှ လွန်ခဲ့သော ၅ နှစ်က ရွေးကောက်ခံအရပ်သားတစ်ပိုင်းအစိုးရလက်အောက် ပြန်လည်ရောက်ရှိသွား၍ စစ်ခေါင်းဆောင်များသည် ၎င်းတို့၏ အာဏာရမက် ဆန္ဒကို ချိုးနှိမ်ဖြေသိမ့်နိုင်ခြင်း မရှိပေ။ တိုင်းပြည်ပျက်သုဉ်းနိုင်သော်လည်း အာဏာကို လက်မလွှတ်တမ်း သိမ်းယူလိုက်ကြသည်။   

အမှန်စင်စစ် မြန်မာ့ပြဿနာသည် ဒီမိုကရေစီကျင့်သုံးမှုဆိုင်ရာ ပြဿနာမဟုတ်၊ တိုင်းရင်းသားများ လိုချင်သော ဖက်ဒရယ်အုပ်ချုပ်ရေးနှင့် တန်းတူအခွင့်အရေးအတွက် နိုင်ငံရေးအဖြေမရှာနိုင်သည့် ပြဿနာမဟုတ်ပါ၊ အာဏာရမက်ဆန္ဒကြီးသည့် စစ်ခေါင်းဆောင်တစ်သိုက်၏ နိုင်ငံရေးအာဏာချုပ်ကိုင်လိုမှုတွင်သာ အရင်းခံခြင်း ဖြစ်သည်။  

ထိုအချက်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်နှင့်အတူ ပိုမိုရှင်းလင်းကွဲပြားသွားပြီ ဖြစ်သည်။ 

ယခုတစ်ကြိမ် အာဏာသိမ်းမှုကြောင့် စစ်တပ်သည် နိုင်ငံတစ်ခု၏ မရှိမဖြစ်အင်္ဂါရပ် နိုင်ငံတော်ကာကွယ်ရေးတပ်ဖွဲ့ဆိုသည့် ဂုဏ်ထူးဝိသေသ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ၎င်း၏ မူလတာဝန်ဖြစ်သော နိုင်ငံနယ်နိမိတ် တည်တံ့ခိုင်မြဲရေးနှင့် ပြည်သူ့ဘဝလုံခြုံငြိမ်းချမ်းရေးကို ကာကွယ်ခြင်းထက် ပြည်သူကို ခြိမ်းခြောက်အန္တရာယ်ပေးနေသော လက်နက်ကိုင်အင်အားစု တစ်ခု ဖြစ်လာသည်။ 

စစ်တပ်က မြန်မာပြည်သူများ၏ အန္တရာယ်ဖြစ်လာသည်ဆိုသော အချက်ကို မြန်မာ့နိုင်ငံရေး လေ့လာသော နိုင်ငံတကာပညာရှင်များ မြင်တွေ့လာသည်။ ၎င်းတို့ အစဉ်အလာအရ လက်ခံထားသော စစ်တပ်သည် လက်နက်ကိုင်အဖွဲ့ပေါင်း ဒါဇင်နှင့်ချီ ရှိနေသည့် နိုင်ငံကို မပြိုကွဲအောင်စုစည်းထားသော တစ်ခုတည်းသော အင်စတီကျူးရှင်းဟူသည့် အချက်ကို စတင် သံသယဝင်လာကြပြီ ဖြစ်သည်။  

၂၀၂၂ အောက်တိုဘာ ၇ ရက်နေ့က တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း တွေ့ရသော စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားသူများ (ဓာတ်ပုံ – GSCB)

ပြောင်းလဲလာသော နိုင်မြင်းလောင်းမည့် နိုင်ငံတကာအမြင်များ

မြန်မာစစ်တပ် ပြိုကွဲတော့မည်လား ခေါင်းစဉ်ဖြင့် အမေရိကန်အခြေစိုက် ဩဇာကြီးမားသော နိုင်ငံတကာရေးရာနှင့် မူဝါဒရေးရာ အကြံပေးအဖွဲ့ကြီးဖြစ်သည့် Center for Strategic and International Studies (CSIS) ၏ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ Michael Martin က ဇွန်လ ၂၁ ရက်နေ့က ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့သည်။ 

မြန်မာစစ်တပ်၏ တိုက်ပွဲတိုင်း ရှုံးနိမ့်မှုများ၊ စစ်အခြေစိုက်စခန်းအပြင်ဘက် ပြည်သူများအကြား ပေါ်ပေါ်ထင်ထင် မသွားလာရဲသည့် အခြေအနေ၊ စစ်တပ်ကို စွန့်ခွာထွက်ပြေးမှု များပြားနေခြင်းနှင့် တိုင်းပြည်၏ နယ်မြေတစ်ဝက်ခန့်သာ ထိန်းချုပ်နိုင်စွမ်းရှိမှု အခြေအနေများကို လေ့လာထောက်ပြထားသည်။    

ကမ္ဘာကျော် The Economist သတင်းစာကြီးကပင် NUG ကို ပိုမိုကူညီရန် ထိုက်တန်သည် ခေါင်းစဉ်ဖြင့် NUG ကို အသိအမှတ်ပြုပြီး၊ ငွေကြေးကူညီခြင်းဖြင့် ပထမဆုံး ခြေလှမ်းစသင့်သည်ဟု ဩဂုတ်လ ၈ ရက်နေ့တွင် တိုက်တွန်းရေးသားလာသည်။   

မြန်မာစစ်ခေါင်းဆောင်များနှင့် ဆက်ဆံခဲ့ဖူးသူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Scot Marciel ကလည်း မြန်မာ့တော်လှန်ရေး အောင်မြင်ဖို့ ကူညီရန် အချိန်ကျပြီ ခေါင်းစဉ်ဖြင့် ဩဂုတ် လ ၂၂ ရက်နေ့တွင် USIP (United State Institute of Peace) အင်တာနက်စာမျက်နှာတွင် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့သည်။ 

၎င်းက မြန်မာပြည်သူများ၏ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ရေး အောင်မြင်ရန် နိုင်ငံတကာ ကူညီရန် လိုအပ်ပြီး မြန်မာ့ပြဿနာဖြေရှင်းရေးမှာ စစ်တပ်သည် “ဆွေးနွေးဖက်ကိုယ်စားလှယ်” မဟုတ်၊ အာဆီယံ “တူညီဆန္ဒ ၅ ရပ်” သည် စကတည်းက သေဆုံးနှင့်ပြီ (Death on arrival) ဟု ပြတ်သားစွာ ဝေဖန်ထောက်ပြခဲ့သည်။  

မြန်မာကို အမျိုးသားညီညွတ်ရေးအစိုးရ အုပ်ချုပ်ရန် အဆင်သင့်ဖြစ်ပြီလား ခေါင်းစဉ်ဖြင့် အာဏာမသိမ်းခင် အရပ်သားအစိုးရနှင့် လွှတ်တော်ကို အကြံပေးခဲ့ဖူးသူ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကျွမ်းကျင်ပညာရှင် Philipp Annawitt က စက်တင်ဘာလ ၆ ရက်နေ့ The Diplomat တွင် ၎င်း၏ ဆောင်းပါးကို “တော်လှန်ရေးအင်အားစုများ စစ်တပ်ကို နိုင်ခြေရှိနေပြီ ဆိုသည့်အချက်ကို နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများ တဖြည်းဖြည်း သဘောပေါက်လာနေပြီ” ဟု အစချီ ရေးသားခဲ့သည်။ 

Philipp Annawitt သည် NUG ၏ စွမ်းဆောင်ရည်နှင့် လိုအပ်ချက်များကို လေ့လာရန် International IDEA (Institute for Democracy and Electoral Assistance) ၏ အဖွဲ့တစ်ခုကို ဦးဆောင်ခဲ့သည်ဟု ဆိုသည်။  

၎င်း၏တွေ့ရှိချက်များအရ (၁) NUG ကို ပြည်သူလူထုက ၎င်းတို့အစိုးရအဖြစ် သစ္စာခံထားခြင်း၊ (၂) NUG တွင် စိုးမိုးထိန်းချုပ်နယ်မြေများ ရှိနေခြင်း၊ (၃) ထိုဒေသများရှိ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်း စာနာမှုအထောက်အပံ့၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ရရှိနိုင်သမျှ အရင်းအမြစ်များဖြင့် အစိုးရတစ်ရပ်၏ ပြည်သူဝန်ဆောင်မှု ပေးနေခြင်း၊ (၄) အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေး အစီအစဉ်များကို တိုင်းရင်းသားများနှင့် ညှိနှိုင်းဆွေးနွေးသဘောတ ချမှတ်ထားနိုင်ခြင်း၊ (၅) တိုင်းရင်းသားများ ပါဝင်သော National Unity Consultative Council (NUCC) တွင် နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုများ (Political Dialogues) ရှိနေခြင်း တို့ကြောင့် NUG သည် အစိုးရအဖြစ် နိုင်ငံကို အုပ်ချုပ်ရန် အဆင်သင့်ဖြစ်နေပြီဟု ဆိုသည်။ 

ထို့ကြောင့် NUG ကို နိုင်ငံတကာက အသိအမှတ်ပြုသင့်ပြီး ယခုထက် အကူအညီများ ပေးသင့်ကြောင်း Philipp Annawitt က သုံးသပ်ထားသည်။

ယခုလပိုင်းအတွင်း အထက်ပါ နိုင်မြင်းလောင်းမည့် နိုင်ငံတကာအမြင်များ ပြောင်းလဲလာခြင်းက အဘယ်ကြောင့်နည်း။ မြန်မာ့ပြဿနာက မည်သည့်လားရာကို ဦးတည်နေပြီး၊ မည်မျှစိုးရိမ်စရာ ဖြစ်လာသနည်း။

အလယ်ပုံ ၂ – ၂၀၂၂ အောက်တိုဘာ ၅ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု အစီအစဉ်ကို ၆၀၆ ရက်မြောက်နေ့အဖြစ် ပြုလုပ်ခဲ့ကြသည် (ဓာတ်ပုံ – GSCB)

စစ်တပ်ပြိုကွဲနိုင်ခြေနှင့် အာဏာလေဟာနယ် ပြဿနာ 

အထက်က နိုင်ငံတကာပညာရှင်များ သုံးသပ်သကဲ့သို့ မြန်မာစစ်တပ်၏ အင်အား၊ တိုက်ခိုက်ရေး စွမ်းရည်၊ အထက်အောက် အမိန့်နာခံမှု ပြိုကွဲလာနေခြင်းကို လွန်ခဲ့သော တစ်နှစ်ခွဲကာလအတွင်း အထင်အရှား တွေ့မြင်လာရသည်က အမှန်ပင် ဖြစ်သည်။ 

နိုင်ငံအနှံ့ စစ်မျက်နှာများစွာ ဖွင့်၍ ပြည်သူ့ခုခံတော်လှန်စစ်ကို တစ်နှစ်ခွဲကျော် မရပ်မနား ရင်ဆိုင်လာရပြီး၊ စစ်မျက်နှာတိုင်းတွင် အရပ်သားပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ခြင်းကလွဲပြီး၊ စစ်တပ် တစ်ခု၏ စစ်မြေပြင် စစ်စည်းကမ်းကျင့်ဝတ် (Rule of Engagement) အတိုင်း တိုက်စွမ်းရည် ပြသနိုင်ခြင်းမရှိဘဲ သိသာထင်ရှားစွာ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည်။   

တစ်ဖက်တွင် ပြည်သူများ၏ လက်နက်ဆွဲကိုင်တော်လှန်မှု အရှိန်အဟုန် တစ်နေ့တခြား အားကောင်းလာသဖြင့် စစ်တပ်၏ထိန်းချုပ်စိုးမိုးနိုင်စွမ်းမရှိသော နယ်မြေများစွာတွင် အာဏာလေဟာနယ်များ နိုင်ငံအနှံ့ ပေါ်ထွန်းလာနေသည်ကို တွေ့မြင်လာရသည်။ 

ထိုအခြေအနေကို နားလည်စပြုလာသော နိုင်ငံတကာအသိုက်အဝန်းက စစ်တပ်ပြိုကျသွားနိုင်မှု၊ ပေါ်ပေါက်လာမည့် အာဏာလေဟာနယ်၏ အန္တရာယ်ကြီးမားမှုတို့ကို စတင်တွက်ဆ ခံစားမိလာဟန် တူသည်။ 

အမှန်စင်စစ် အာဏာလေဟာနယ်သည် လအတန်ကြာကတည်းက ဖြစ်ပေါ်လာနေသည်၊ စစ်ကိုင်းတိုင်းဒေသကြီး၏ အခြေအနေသည် အကောင်းဆုံးဥပမာ ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများ လုံးဝမရှိခဲ့သော ငြိမ်းချမ်းသည့် ထိုဒေသ၏ လုံခြုံရေးကို စစ်တပ်က အာဏာမသိမ်းမီအထိ လုံးဝထိန်းချုပ်စိုးမိုးထားသည်။ 

တစ်နှစ်ခွဲအတွင်း ထိုအခြေအနေသည် လုံးဝပြောင်းလဲသွားကာ စစ်ကိုင်းတိုင်းဒေသကြီးသည် စစ်တပ် မထိန်းချုပ်နိုင်သော ဒေသဖြစ်လာပြီး၊ နယ်မြေပြန်လည်ထိန်းချုပ်စိုးမိုးနိုင်ရန်နှင့် PDF များ အခြေမချနိုင်ရန် လူအဖွဲ့အစည်းငယ်များစွာ အခြေချနေထိုင်ရာ ရာနှင့်ချီသော ကျေးရွာများကို အလွန်ရက်စက်သော မီးရှို့အပြောင်ရှင်းလင်းသည့် စစ်နည်းဗျူဟာ (Scorched-earth Campaign) ကို ကျင့်သုံးနေသည်။ 

စက်တင်ဘာလ ၅ ရက်နေ့ Special Advisory Council-Myanmar က ထုတ်ပြန်ထားသော အစီရင်ခံစာ လေ့လာတွေ့ရှိချက်အရ အာဏာလေဟာနယ်ဖြစ်နေသော နယ်မြေများ ရှေ့ကာလတွင် ပိုမိုများပြားလာနိုင်ပါသည်။ ဒေသန္တရအုပ်ချုပ်ရေးယန္တရားများ ပိုမိုပြိုကျလာမူနှင့်အတူ တစ်ဖွဲ့ဖွဲ့က အုပ်ချုပ်နိုင်စွမ်း မရှိသေးသော အာဏာလေဟာနယ်များတွင် စစ်တပ်သည် ထိန်းချုပ်နိုင်စွမ်းမရှိပါက မီးရှို့ အပြောင်ရှင်း ဖျက်ဆီးမှုများ ပိုမိုပြုလုပ်လာမည် ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတကာပညာရှင်များအကြား စစ်တပ်သည် နိုင်ငံကို စုစည်းထားနိုင်သော တစ်ခုတည်းသော အင်စတီကျူးရှင်းဆိုသည့် အစဉ်အလာ ရှုမြင်ချက်များမှ ခွဲထွက်စပြုလာပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြု တိုက်ရိုက်ထိတွေ့ဆက်ဆံရန်နှင့် မြန်မာပြည်သူများ အရေးပေါ်လိုအပ်နေသော အသက်ကယ်အကူအညီများပေးရန် တိုက်တွန်းအကြံပြုလာကြသည်။ 

စစ်တပ်၏ မီးရှို့အပြောင်ရှင်းသည့် စစ်နည်းဗျူဟာသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု (Crime against Humanity) မြောက်ပြီး၊ ထိုလုပ်ရပ်ကို ဟန့်တားရန်နှင့် မြန်မာပြည်သူတို့၏ အသက်ပေါက်များစွာကို ကယ်တင်ရန် နိုင်ငံတကာအသိုက်အဝန်းတွင် တာဝန်ရှိပြီး၊ NUG ကို ကူညီရန် အရေးတကြီးလိုအပ်ချက်ကို နိုင်ငံတကာပညာရှင်များ ပိုမိုထောက်ပြ တိုက်တွန်းလာခြင်း ဖြစ်သည်။  

ထိုဒေသများသည် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်းနှင့် ရခိုင် စသည့် ပြည်နယ်များ၊ စစ်ကိုင်း၊ မကွေးနှင် မန္တလေးတိုင်းဒေသကြီးထဲက နွားထိုးကြီး၊ မြင်းခြံနှင့် ပခုက္ကူကဲ့သို့ ဗမာလူမျိုးအများစုနေထိုင်သော မြို့နယ်များအထိ ကျယ်ပြန့်သော လက်နက်ကိုင်ခုခံတော်လှန်မှုများ အားကောင်းလျက်ရှိသည်။ 

အာဏာလေဟာနယ် ကျယ်ပြန့်လာသည်နှင့်အမျှ တိုင်းပြည်ပြိုကွဲနိုင်သည့် အန္တရာယ်မြင့်မားလာပြီး၊ ဒေသတွင်းတစ်ခုလုံး ရိုက်ခတ်လာနိုင်သည့် အခြေအနေကို အလျင်အမြန် ထိန်းသိမ်းကိုင်တွယ်နိုင်ရန် အလွန်အရေးကြီးကြောင်း နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဆင်ခြင်သင့်ပါသည်။ 

နိုင်ငံတကာအသိုက်အဝန်းက ကြားဝင်ဆောင်ရွက်ရန် လက်တွန့်နေသော ဖြစ်နိုင်ခြေမှာ စစ်တပ် အမှန်တကယ် ပြိုလဲသွားနိုင်သလား မတွက်ဆနိုင်၍ ဖြစ်နိုင်ပါသည်။ သို့သော် လက်ရှိပင် ပေါ်ပေါက်နေသော အာဏာလေဟာနယ်များကို စနစ်တကျ အစားမထိုးနိုင်ပါက ယင်းသည် ဘာမဆို ဖြစ်လာနိုင်သော အခြေအနေပင် ဖြစ်သည်။

ထိုအခြေအနေကို ကာကွယ်ရန် စနစ်တကျ အစားထိုးဝင်ရောက် ထိန်းသိမ်းနိုင်မည့် အဖွဲ့အစည်းမှာ ပြည်သူ့ယုံကြည်မှုနှင့် ထောက်ခံမှု အပြည့်အဝရထားသော NUG သာရှိသည်။ ထို့ကြောင့် NUG ကို အသိအမှတ်ပြုကြရန် ပို၍တိုက်တွန်းလာခြင်းဟု ရှုမြင်မိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button