သတင်း

နိုင်ကျဉ်းလွတ်ရေးကူညီရန် အာဆီယံ ဥက္ကဋ္ဌသစ်ထံ ကျောင်းသားအဖွဲ့များ မေတ္တာရပ်ခံ

မြန်မနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများ၊ သေဒဏ်သတ်မှတ်ခံထားရသူများ လွတ်မြောက်ရေး အကူအညီပေးရန် ၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ အင်ဒိုးနီးရှား၏ သမ္မတ Joko Widodoထံ ကျောင်းသားအဖွဲ့အစည်း ၁၀၀ နီးပါးက မေတ္တာရပ်ခံလိုက်သည်။

မြန်မာ၊ ထိုင်း၊ နီပေါနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ကျောင်းသားသမဂ္ဂ၊ ကျောင်းသားအဖွဲ့အစည်း ၉၆ ဖွဲ့က ဒီဇင်ဘာ ၂၁ ရက်စွဲဖြင့် အိတ်ဖွင့် ပေးစာပို့ခဲ့ခြင်းဖြစ်သည်။

ထိုစာတွင် သေဒဏ် ချမှတ်ထားသည့် တက္ကသိုလ်ကျောင်းသား ၇ ဦးနှင့် နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးရေး စစ်ကောင်စီကို ဖိအားပေး အရေးယူဆောင်ရွက်ရန် ဖော်ပြထားသည်။

ထို့အတူ အာဆီယံ၏ တောင်းဆိုချက်များကို လိုက်နာရန် ပျက်ကွက်သည့် စစ်ကောင်စီကို ယခုထက် ပြင်းပြင်းထန်ထန် ပိတ်ဆို့အရေးယူရန်လည်း တောင်းဆိုထားသည်။

၂၀၂၁ ဧပြီတွင် ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးက အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ လူသားချင်းစာနာမှုအကူအညီများပေးရန်၊ စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တွေ့ဆုံဆွေးနွေးရန် အပါအဝင် မြန်မာနှင့် ပတ်သက်သည့် ဘုံ သဘောတူညီချက် ၅ ရပ် ချမှတ်ထားခဲ့သော်လည်း တစ်နှစ်ခွဲကျော်ကြာသည်အထိ စိုးစဉ်းမျှ အကောင်အထည်မပေါ်သေးပေ။

ထိုအခြေအနေတွင် အထက်ပါ ကျောင်းသားအဖွဲ့အစည်းများက အာဆီယံ ဥက္ကဋ္ဌသစ်ဖြစ်လာမည့် အင်ဒိုနီးရှားကို စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ကြိုးပမ်းနေသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့နှင့် အမြန်ဆုံး ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်ရန် ထိုအိတ်ဖွင့်ပေးစာတွင် တစ်ပါတည်း တိုက်တွန်းထားသည်။

ဆုံးဖြတ်ချက်များကို မျက်ကွက်ပြုထားသည့် စစ်ကောင်စီကို အာဆီယံက သေချာပေါက် အရေးယူရန် လိုအပ်နေသည်ဟု အင်ဒိုနီးရှားသမ္မတထံ အိတ်ဖွင့်ပေးစာပို့သည့် အဖွဲ့အစည်းများအနက် တစ်ခုဖြစ်သည့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ကျောင်းသားဟောင်းများအင်အားစုကို ဦးဆောင်သူ ကိုနန်းလင်းက ပြောသည်။

“အာဆီယံမှာ တာဝန်ရှိတယ်ဆိုတာ ထောက်ပြလိုတာဖြစ်ပါတယ်” ဟု သူက ပြောသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း စစ်ကောင်စီက ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေသလို ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီရေးလှုပ်ရှားသူများကို ပုဒ်မျိုးစုံဖြင့် ထောင်ဒဏ်များ ချမှတ်နေသည်။

ထို့အတူ ထင်ရှားသည့် နိုင်ငံရေးသမား ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခ) ဦးကျော်မင်းယု၊ NLD အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် အခြားအရပ်သားနှစ်ဦးကို ဇူလိုင်လကုန်ပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း၌ စစ်ကောင်စီက တိတ်တဆိတ်ကွက်မျက်ခဲ့သည်။

အလားတူပင် အသက် ၂၀ ကျော်အရွယ် ကျောင်းသား ၇ ဦးကိုလည်း ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဒုဗိုလ်မှူးကြီး (ငြိမ်း) စောမိုးဝင်းပစ်သတ်ခံရမှုတွင် ပါဝင်သည်ဆိုကာ အင်းစိန်ထောင်တွင်း စစ်ခုံရုံးက နိုဝင်ဘာ ၃၀ တွင် သေဒဏ်ချမှတ်ထားသေးသည်။

ဒဂုံတက္ကသိုလ်ကျောင်းသားများဖြစ်သည့် ကိုသူရမောင်မောင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုခန့်ဇင်ဝင်း၊ ကိုဇော်လင်းနိုင်၊ ကိုသက်ပိုင်ဦးနှင့် ကိုခန့်လင်းမောင်မောင်တို့ကို လူသတ်မှု ကျူးလွန်သည်ဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂က/၃၄ ဖြင့် စစ်ကောင်စီက စွပ်စွဲထားခြင်းဖြစ်သည်။

သေဒဏ်ချမှတ်ခံထားရသော ကျောင်းသားများသည် အင်းစိန်ထောင်တွင် ရှိနေပြီး ကျန်းမာရေးကောင်းကြောင်း၊ သေဒဏ်ကျခံနေရသူတို့၏ မိသားစုများက စစ်ကောင်စီထံ ပြစ်ဒဏ်လျှော့ပေါ့ရန် အသနားခံစာ တင်ထားသော်လည်း အကြောင်းမထူးသေးကြောင်း ကျောင်းသားတစ်ဦး၏ မိသားစုဝင်ထံမှ သိရသည်။

“ကျွန်တော်တို့ကတော့ (နိုင်ငံ ၄ နိုင်ငံက ကျောင်းသားတွေ) အခုလိုတောင်းဆိုပေးကြတာ ဝမ်းသာတာပေါ့ဗျာ” ဟု အထက်ပါ မိသားစုဝင်က ပြောသည်။

အာဏာသိမ်း စစ်ကောင်စီအပေါ် မကြာမီ ဥက္ကဋ္ဌသက်တမ်းကုန်ဆုံးတော့မည့် ကမ္ဘောဒီယားနိုင်ငံ၏ ချဉ်းကပ်လုပ်ဆောင်မှုများမှာ အလုပ်မဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် မကြာမီ ဥက္ကဋ္ဌသစ်အဖြစ် တာဝန်ယူမည့် အင်ဒိုနီးရှားနိုင်ငံထံ အာဆီယံ၏ အားနည်းချက်များကို နိုင်ငံ ၄ နိုင်ငံမှ ကျောင်းသား အဖွဲ့များပေါင်း၍ ထောက်ပြ အရေးဆိုခြင်းဖြစ်ကြောင်း ကိုနန်းလင်းက ပြောသည်။

“အာဆီယံလမ်းကြောင်းတွေကလည်း အလုပ်မဖြစ်ဘူး။ အာဆီယံလမ်းကြောင်းတွေကနေ သွေဖည်ပြီးလုပ်နေတဲ့ နိုင်ငံတွေလည်းရှိနေတယ်။ ဒီလိုဆိုရင်တော့ အာဆီယံအပေါ် ယုံကြည်ကိုးစားမှုတွေက ကျဆင်းလာလိမ့်မယ်။ အာဆီယံအနေနဲ့လည်း ပိုပြီးစိန်ခေါ်မှုတွေရှိလာမယ်” ဟု ၎င်းက ဆိုသည်။

မြန်မာစစ်တပ်နှင့် ကာလရှည် နီးကပ်သည့် ဆက်ဆံရေးရှိသည့် အိမ်နီးချင်းထိုင်းနိုင်ငံက အာဆီယံအစည်းအဝေးများမှ ဖယ်ကြဉ်ခြင်းခံထားရသည့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ပွဲထုတ်ရန် တိတ်တဆိတ် စီစဉ်နေသည်ဆိုသော သတင်းများ သံတမန်အသိုင်းအဝိုင်းတွင် ထွက်ပေါ်နေသည်။

ထို့အတူ လက်ရှိ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်၍ စစ်ကောင်စီနှင့် ညှိနှိုင်းမှုများမှာလည်း တစ်နှစ်အတွင်း အချည်းနှီးသာဖြစ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button