သတင်း

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ပွဲထုတ်ရန် ထိုင်းက တိတ်တဆိတ်စီစဉ်နေ

မြန်မာ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးဝဏ္ဏမောင်လွင်ကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် ပေးတွေ့ရန် အိမ်နီးချင်း ထိုင်းနိုင်ငံအစိုးရက တိတ်တဆိတ်စီစဉ်နေကြောင်း သံတမန်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။ 

အဆိုပါ အစည်းအဝေးကို လာမည့် ဒီဇင်ဘာ ၂၂ တွင် ပြုလုပ်ရန် အာဏာသိမ်း ဗိုလ်ချုပ်ကြီးဟောင်း ဝန်ကြီးချုပ်ပရာယုဦးဆောင်သော ထိုင်းအစိုးရက စီစဉ်နေခြင်းဖြစ်ကာ ကြိုတင်ညှိနှိုင်းခြင်းမပြုဘဲ တစ်နိုင်ငံတည်းသဘောဆန္ဒဖြင့် ပြုလုပ်နေခြင်းကြောင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် သဘောထားကွဲလွဲနေကြောင်းလည်း သိရသည်။ 

ကမ္ဘောဒီးယားနိုင်ငံတွင် နောက်ဆုံးကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက် အမှတ် (၉) တွင် အာဆီယံထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးကိုယ်စားပြု တက်ရောက်ခွင့်ပိတ်ပင်ထားသည့် ဆုံးဖြတ်ချက်ကို ဆက်လက်ကျင့်သုံးသွားမည် ဟု ဖော်ပြထားသည်။ 

ထိုကဲ့သို့ဆုံးဖြတ်ကြောင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အပါအဝင် ၎င်း၏ စစ်ကောင်စီဝန်ကြီးအဖွဲ့က အာဆီယံအစည်းအဝေးများကို တက်ခွင့်မရသည်မှာ ယမန်နှစ်ကတည်းကဖြစ်သည်။ 

ထို့အပြင် အာဆီယံထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်အမှတ် (၁၃) တွင် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေးအပါအဝင် အာဆီယံနိုင်ငံများ၏ မြန်မာ့အရေး “တူညီဆန္ဒ ၅ ရပ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်နေမှုအား ကုလသမဂ္ဂနှင့် အာဆီယံပြင်ပ မိတ်ဖက်နိုင်ငံများက ထောက်ခံပံ့ပိုးရန် တောင်းဆိုသည်” ဟုလည်း ပါရှိသည်။ 

ထိုသို့ ဆုံးဖြတ်ထားပါလျက် ထိုင်းနိုင်ငံသည် အာဆီယံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်ကာ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးတစ်ခုကို ၎င်းတို့အစီအစဉ်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။

အဆိုပါအစည်းအဝေးနှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် Myanmar Now အနေဖြင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် အာဆီယံနိုင်ငံခြားရေးဌာနအချို့ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။​

ထိုင်းနိုင်ငံ၏လုပ်ရပ်သည် လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည့် အင်ဒိုနီးရှားနိုင်ငံ၏ မြန်မာ့အရေး ဦးဆောင်ဖြေရှင်းရန် လတ်တလော ကြိုးပမ်းနေမှုများကို အနှောင့်အယှက်ဖြစ်စေသဖြင့် ဦးဝဏ္ဏမောင်လွင် တက်ရောက်မည့် ထိုအစည်းအဝေးကို အင်ဒိုနီးရှား တက်မည် မဟုတ်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။​

အခြား အာဆီယံနိုင်ငံများဖြစ်သော မလေးရှား၊ စင်္ကာပူ၊ ဘရူနိုင်း စသည့်နိုင်ငံများလည်း တက်ရောက်ရန် မသေချာကြောင်း သိရှိရသည်။ 

သို့သော် ထိုအစည်းအဝေးကို မဲခေါင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်နိုင်ဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များလည်း ရှိသည်။

မြန်မာအရေး ထိရောက်စွာ ဖြေရှင်းနိုင်ရန် အင်ဒိုနီးရှားအစိုးရသည် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများ၏ ထောက်ခံမှုကို အပြည့်အဝရရှိရန် ကြိုးပမ်းလျက်ရှိရာ မကြာသေးခင်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi သည် မြန်မာ့အိမ်နီးချင်းလည်းဖြစ် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးလည်းဖြစ်သော အိန္ဒိယနိုင်ငံအား မြန်မာအရေးတွင် အာဆီယံဦးဆောင်မှုနောက်ကို လိုက်ရန် ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့အတူ မကြာသေးခင်က ကျင်းပခဲ့သော အာဆီယံ – အီးယူ အစည်းအဝေးအတွင်း မြန်မာအရေးဖြေရှင်းရာ၌ အာဆီယံ၏ ကြိုးပမ်းမှုများကို ထောက်ခံပံ့ပိုးရန် ဥရောပ သမ္မဂ္ဂ (EU) ဘက်က သဘောတူခဲ့ကြောင်း သိရှိရသည်။​

အင်ဒိုနီးရှားနိုင်ငံသည် လာမည့် ဇန်နဝါရီလမှစတင်ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာကို ကမ္ဘောဒီးယားနိုင်ငံမှ လွှဲပြောင်းယူကာ အာဆီယံကို တစ်နှစ်တာ ဦးဆောင်ရတော့မည်ဖြစ်ပြီး၊ အရှေ့တောင်အာရှနိုင်ငံများအသင်းတွင် ထိပ်ဆုံး၌ရှိနေသော မြန်မာပြဿနာကို ကိုင်တွယ်ရမည်ဖြစ်သည်။ 

မြန်မာစစ်တပ်နှင့် အစဉ်တစိုက် ဖက်လဲတကင်းဆက်ဆံရေးရှိသည့် အိမ်နီးချင်းထိုင်းနိုင်ငံသည် တစ်နှစ်နီးပါး လစ်လပ်ထားခဲ့ရာမှ ယခုလဆန်းပိုင်း၌ ရန်ကုန်ရှိသံရုံးတွင် တာဝန်ထမ်းဆောင်ရန် သံအမတ်သစ်ခန့်အပ်ခဲ့သည်။ 

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးအသစ်ဖြစ်သူ Mongkol Visitstump သည် ဒီဇင်ဘာ ၈ ရက်က နေပြည်တော်၌ အာဏာသိမ်းခေါင်းဆောင်ထံ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့ပြီး စစ်ကောင်စီတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ 

အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံများ အပါအဝင် အရှေ့တောင်အာရှနိုင်ငံအချို့က သံတမန်အဆင့် လျှော့ချခြင်း သို့မဟုတ် အစားထိုးခန့်အပ်ခြင်း မပြုဘဲ လစ်လပ်ထားခြင်းတို့ဖြင့် စစ်ကောင်စီကို ဖယ်ကြဉ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button