ဆောင်းပါး

အာဏာသိမ်းမှုကြောင့်  တိုးတိတ်လာသည့် မြန်မာတို့၏ ကမ္ဘာ့ဖလား အားပေးသံ

အရှေ့အလယ်ပိုင်းဒေသ၊ ကာတာနိုင်ငံတွင် ကျင်းပနေသည့် ကမ္ဘာ့ဖလားပွဲအကြောင်း နိုင်ငံတကာ ဘော်လုံးပရိသတ် အားတက်သရော အားပေး၊ ဝေဖန်၊ ငြင်းခုန်နေကြချိန်တွင် စစ်တပ်၏ အာဏာသိမ်းခံထားရသည့် မြန်မာနိုင်ငံမှ ပရိသတ်အသံမှာ တိတ်ဆိတ်လျက်ရှိနေသည်။

၄ နှစ်လျှင်တစ်ကြိမ်ကျင်းပသည့် ကမ္ဘာ့ဖလားဘော်လုံးပွဲသည် ဘော်လုံးဝါသနာအိုးများအတွက် ရင်ခုန်စရာပွဲတော်တစ်ခု၊ အပမ်းဖြေဖျော်ဖြေပွဲကြီးတစ်ခုလည်းဖြစ်သည်။ သို့သော် ယခုနှစ် ကမ္ဘာ့ဖလား ဘော်လုံးပွဲကာလတွင် မြန်မာပရိသတ်  လူမစုံတော့ဘဲ ရင်ခုန်စရာမကောင်းတော့သည့် ပွဲတော်အဖြစ် ပြောင်းလဲသွားသည်။

“ပုံမှန်ဆို ကမ္ဘာ့ဖလားပွဲလာချိန် အရမ်းတက်ကြွနေပြီ ဘော်ဒါတွေနဲ့။ အခု ဘော်လုံးဝါသနာကြီးတဲ့ ဘော်ဒါတွေထဲလည်း စစ်တပ်သတ်လို့၊ စစ်တပ်ပစ်လို့ သေသွားရတဲ့သူတွေရှိခဲ့တယ်။ မတရားအဖမ်းခံ ထောင်ထဲရောက်နေတဲ့ လုံးဝမန်ယူမှ မန်ယူဖန် သူငယ်ချင်းလည်းရှိတယ်။ အခုတစ်ကြိမ် ကမ္ဘာ့ဖလားမှာ သူတို့လည်းမရှိတော့သလို ကျွန်တော့်စိတ်တွေလည်း မပါတော့ဘူး” ဟု ရန်ကုန်မြို့မှ ဘော်လုံးဝါသနာအိုး ကိုဖြိုးက ဆိုသည်။

စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်သူများကို ရမ်းကားပစ်ခတ်နှိမ်နင်းခြင်း၊ “သေရဲတဲ့ကောင် ထွက်ခဲ့” ဟု ပြည်သူကို စစ်ကောင်စီတပ်သားတို့က စိန်ခေါ်ခြင်း၊ နေအိမ်ခြံဝန်းများတွင် တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာများကို ရိုက်ခွဲဖျက်ဆီးခြင်း အပါအဝင် အကြမ်းဖက်မှုများကြောင့် ပြည်သူ့လွတ်လပ်မှု ဆုံးရှုံးနေသည်။

ထို့ကြောင့် TV ဖန်သားပြင်ပေါ်မှ ဘော်လုံးပွဲထက် စစ်ကောင်စီ လက်နက်ကိုင်များ၏ ဘေးရန်မှ လွတ်မြောက်ရေးက ပိုအရေးကြီးနေသည်။ TV မှ ဘော်လုံးပွဲကြေညာသူ၏ အသံအစား စစ်ကားသံကိုသာ ပိုမိုအာရုံစိုက်နေကြရသည်။

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘော်လုံးပွဲစဉ်များကို တိတ်ဆိတ်စွာအားပေးနေကြသည့် ရန်ကုန်မြို့မှ ဘော်လုံးဝါသနာရှင်များ
 

လွတ်လပ်ခဲ့သော အတိတ်က ကမ္ဘာ့ဖလား

ယခင်ကမ္ဘာ့ဖလားဘော်လုံးပွဲတွင် လွတ်လပ်စွာငြင်းခုန်ခဲ့ရသည့်အချိန်သည် ၂၀၂၂ တွင် အတိတ်အဖြစ်သာ ကျန်ရစ်ခဲ့ပြီဟု လီဗာပူးလ်အသင်း၏ အမာခံပရိသတ် ကိုမြတ်သူက ဆိုသည်။ 

“ပြင်သစ်ဖလားရတဲ့ ၂၀၁၈ တုန်းက ဘော်လုံးပွဲညနက်တွေပြီးရင် လမ်းမတွေပေါ်မှာ ဘောပွဲကြည့်ပြီး ပြန်လာကြတဲ့လူအုပ်ကြီးက ငြင်းကြခုန်ကြနဲ့။ အခုတော့ အဲ့ဒီအချိန်တွေ မရှိတော့ဘူး။ ငြင်းခဲ့ခုန်ခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း အကုန်မရှိကြတော့ဘူးဗျ” ဟု ပြောသည်။

အာဏာသိမ်းစစ်အုပ်စုသည် ယင်းတို့ အာဏာတည်မြဲရေးအတွက် လုံခြုံရေးအကြောင်းပြကာ  ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်နှင့် လူ ၅ ဦးနှင့်အထက် ပိုမိုစုဝေးလျှင် ပုဒ်မ ၁၄၄ ဖြင့် တရားစွဲဆိုနိုင်သည့် အမိန့်များလည်း ထုတ်ပြန်ထားသည်။ ထိုအမိန့်များ ယခုအချိန်ထိ ရှိနေဆဲဖြစ်သည့်အတွက်လည်း လက်ဘက်ရည်ဆိုင်များ၊ ဘီယာဆိုင်များတွင် ကမ္ဘာ့ဖလားပွဲ သွားရောက်ကြည့်ရှုသူများမှာ ည ၁၀ နာရီကျော်လာလျှင် မရှိကြတော့ပေ။

“အင်တာနက်ကလည်း မဝယ်နိုင်ဘူး။ ဝိုင်ဖိုင်လည်း မတပ်နိုင်ဘူး။ ဘော်လုံးဝါသနာက အရမ်းကြီးတော့ ညအစောပိုင်းပြတဲ့ ပွဲတွေလောက်တော့ လက်ဘက်ရည်ဆိုင်မှာ သွားကြည့်ဖြစ်တယ်။ ဒါပေမယ့် အပြီးမကြည့်ရတာတွေ များပါတယ်။ ပွဲမပြီးခင်ပြန်ရတာပေါ့။ လက်ဖက်ရည်ဆိုင်တိုင်းလည်း အာဏာမသိမ်းခင်ကလို မပြတော့ဘူးဗျ” ဟု ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင်နေထိုင်သည့် ဘော်လုံးဝါသနာအိုး တစ်ယောက်က ဆိုသည်။

လက်ဘက်ရည်ဆိုင်များ၊ ဘီယာဆိုင်များတွင် သွားရောက်ကြည့်ရှုရန် ကန့်သတ်ချက်များရှိနေသလို အိမ်တွင် ရုပ်သံမှကြည့်ရန်မှာလည်း  ကမ္ဘာ့ဖလားဘော်လုံးပွဲ ထုတ်လွင့်ပြသသည့် ရုပ်သံလိုင်းမှာ စစ်တပ်နှင့် ဆက်နွယ်နေသဖြင့်   သပိတ်မှောက်ထားသည်ဟု ရန်ကုန်မြို့မှ ဝါသနာရှင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့က အာဏာစသိမ်းကတည်းက သပိတ်မှောက်ထားကြတဲ့ Sky Net ကိုလည်း ဆက်မ ကြည့်တော့ဘူး။ ဝိုင်ဖိုင်ချိတ်ထားတဲ့ မိုင်တဲလ်အင်တာနက်ကိုပါ ဖြုတ်ပစ်လိုက်တာ။ ဆိုတော့ စကိုင်းနက်က မကြည့်ဘူး။ သပိတ်မှောက်ထားတဲ့ ဘာတစ်ခုမှ မကြည့်ဘူး” ဟု ဆိုသည်။

ထိုကဲ့သို့ ဘော်လုံးဝါသနာရှင်များက စစ်အာဏာရှင်ကို သပိတ်မှောက်သကဲ့ မြန်မာ့လက်ရွေးစင် ဘော်လုံးသမားအချို့လည်း စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြသည်။သပိတ်မှောက်ရာတွင် မပါဝင်လျှင်လည်း ဘော်လုံးပွဲ တိုက်ရိုက်ကြည့်ရှုနိုင်ရန် မသေချာပေ။ အဘယ်ကြောင့် ဆိုသော် မြို့နယ်အများစုတွင် လျှပ်စစ်ဓာတ်အား ပုံမှန်မရသောကြောင့် ဖြစ်သည်။


စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်သရုပ်ဖော်ဆန္ဒပြနေကြသည့် မြန်မာ့လက်ရွေးစဉ် အားကစားသမားအချို့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့ လမ်းမပေါ်တွင် တွေ့ရစဉ်
 

 ကမ္ဘာ့ဖလားနှင့် တော်လှန် APP များ

စစ်ကောင်စီကို ခုခံတော်လှန်နေသည့် PDF များနှင့် အမျိုးသားကာကွယ်ရေးအစိုးရ – NUG ကို ထောက်ပံ့ပေးနိုင်ရန်အတွက် အသက် ၂၀ ဝန်းကျင်လူငယ်များက  အွန်လိုင်းကြော်ငြာမှ ဝင်ငွေရနိုင်သော App များကို  အာဏာသိမ်းပြီး လအနည်းငယ်အကြာတွင်   စတင် ရေးဆွဲထုတ်လုပ်လာကြသည်။ 

၂၀၂၁ အောက်တိုဘာလထုတ် Play2Donate သည်   ၂၅ နှစ်အရွယ် လူငယ် ၂ ဦးဖြင့်စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဂိမ်းရေးဆွဲသည့်လူငယ် ၇ ဦးအထိရှိလာသည်၊ အခြားတည်ထောင်သူ  နှင့် ဦးစီးလုပ်ကိုင်နေသူ ၆ ဦးအထိရှိလာသည်။ ထိုလူငယ်များက ယခု ကျင်းပနေသည့် ကမ္ဘာ့ဖလားဘော်လုံးပွဲများကို သူတို့ဖန်တီးထားသည့် APP များမှ ကြည့်နိုင်အောင်လည်း ဖန်တီးလာကြသည်။

“PDF တွေကို ထောက်ပံ့ချင်တာ၊ ကိုယ်ပိုင်ငွေနဲ့ မလောက်ကြတော့ ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် မြေပြင်မှာရှိတဲ့ PDF တွေကို လက်နက်တွေတပ်ဆင်ပေးချင်တာကြောင့် လုပ်ဖြစ်ခဲ့တာပါ” ဟု Play2Donate ကို စတင်ခဲ့သူများထဲမှတစ်ဦးဖြစ်သော ဆူဇန်က ဆိုသည်

Nway Oo Video App နှင့် Telegram ချယ်နယ်များမှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်သည့် yallamm.club, Youth Sports Media, Chill with C2D တို့ကလည်း ကမ္ဘာ့ဖလား ပရိသတ်များကို ဝန်ဆောင်မှု ပေးသည့်နည်းဖြင့် ကြော်ငြာခများ ရရှိနေသည်။

စစ်အုပ်စုကို ဆန့်ကျင်နေသောပြည်သူများထဲမှ ဘော်လုံးဝါသနာအိုးတို့သည် အထက်ပါနည်းလမ်းများကို အသုံးပြု၍ တော်လှန်ရေးတွင် ပါဝင်နေကြခြင်းဖြစ်သည်။

လူငယ်များ ဖန်တီးထားသည့် Play2Donate APP
 

အင်္ဂလန်၊ ပြင်သစ်၊ ပေါ်တူဂီ၊ ဂျာမဏီ၊ ဂျပန်နှင့် တောင်ကိုရီးယားအသင်းတို့ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်များသည် Play2Donate ၌သာမက အခြား Nway Oo Video, Youth Sports နှင့် အခြားသော အားကစား App များတွင်ပါ ကြည့်ရှုသူအရေအတွက် ပုံမှန်ထက်ပိုမိုများပြားကြောင်း App ရေးဆွဲသူများက ဆိုကြသည်။  

“အင်္ဂလန်ပွဲကတော့ ပိုများတယ်။ အင်္ဂလန်မှာ မန်ယူဖန်များတာကိုး။ အရင် ပရီးမီးယားလိဂ်မှာလည်း မန်ယူနဲ့ အာဆင်နယ်တွေ့တဲ့ပွဲတွေမှာ တစ်ညတည်း သိန်း ၂၀ လောက်ရခဲ့တာမျိုးရှိတယ်။ အခု ကမ္ဘာ့ဖလားမှာပြင်သစ်ပွဲလည်း ကြည့်သူများတယ်။ အလှူငွေပိုရတယ်ပေါ့” ဟု Play2Donate မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

သို့သော် Google က ကြော်ငြာနှင့်ပတ်သက်သော စံချိန်စံနှုန်းစည်းကမ်းသတ်မှတ်ချက်များကြောင့် တစ်ခါတရံတွင် ကြော်ငြာများပိတ်ခံရခြင်းမျိုးလည်းရှိသည်။“အခုရက်ပိုင်း Google က  Android ကို ကြော်ငြာပိတ်ထားရတော့ ငွေတော့အရနည်းတယ်။ Android သာ ကြော်ငြာဝင်ရင် ကမ္ဘာ့ဖလားမှာ ငွေပိုရမယ်” ဟု Play2Donate မှ ဆူဇန်က ဆက်ပြောသည်။

ဘော်လုံးပွဲစဉ်တစ်ခုပြီးဆုံးသည်အထိကြည့်ရှုပါက ကြော်ငြာခပိုရနိုင်သည်။ ကြော်ငြာတစ်ခုလျှင်  ၅ ကျပ်မှ အများဆုံး   ၆၀ အထိရကြောင်း သူက ဆက်လက်ပြောသည်။

“Google ကြော်ငြာတွေချည်းပဲထိုင်ကြည့်ရင်လည်း မယုံသင်္ကာဖြစ်လာမှာစိုးလို့ ဂိမ်းပုံစံမျိုးနဲ့စလုပ်ခဲ့တာ၊ မြန်မာငွေ ၃၀ ကျပ်ထိရဖို့ VPN တည်နေရာက US location ဖြစ်မှရတာ။ ဘော်လုံးပွဲဆိုတော့ ကြော်ငြာတွေဝင်တာ သိပ်မသိသာတော့ဘူး” ဟုလည်း ပြောသည်။

Android ဖုန်းဖြင့်ကြည့်သည့် ကြော်ငြာတစ်ခုသည်  ၅ ကျပ်မှ ၃၀ အထိ ဝင်ငွေရသည်။  iOS မိုဘိုင်းပစ္စည်းများဖြင့် ကြည့်ရှုမည်ဆိုပါက  ၁၅ ကျပ်မှ   ၆၀ အထိရရှိသည်။ သို့သော်လည်း ပရိသတ်အများစုမှာ Android ဖုန်း အသုံးပြုသူများဖြစ်ကြသည်။

ကမ္ဘာ့ဖလားဘော်လုံးပွဲ ကြည့်နိုင်ပြီး တော်လှန်ရေးအတွက် ဝင်ငွေရှာနိုင်သည့်  App များပါ မြန်မာလူငယ်များ တီထွင်လာကြသည်။

ဘော်လုံးပွဲကြည့်ရင်း တိတ်ဆိတ်စွာ တော်လှန်ခြင်း

အာဏာသိမ်းပြီးနောက် စစ်အုပ်စုကို ဆန့်ကျင်ရန်အတွက် ဝင်ငွေရရှိသည့် အင်တာနက်ကိုအခြေခံသည့် Application များနှင့် အွန်လိုင်းချယ်နယ်များစွာ ထွက်ပေါ်လာသည်။ Click2Donate သည် အာဏာသိမ်းပြီးနောက်ပိုင်း အစောဆုံးထွက်ပေါ်လာသည့် တော်လှန်ရေးရန်ပုံငွေရှာပေးသည့် App တစ်ခုဖြစ်လာခဲ့သည်။ 

ရန်ပုံငွေရှာသူတို့က အားကစားသီးသန့်ရုပ်သံလိုင်းများ ကြည့်ရှုနိုင်မည့် App များ ထုတ်လုပ်လာခဲ့သည်။ Application ဒေါင်းလုဒ်လုပ်၍ သုံးစွဲရသည့် တော်လှန်ရေးချယ်နယ်များ၊ Telegram မှတဆင့် ကြည့်ရှုနိုင်သည့် ချယ်နယ်များပါ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ အာဏာသိမ်းစစ်အုပ်စုကိုဆန့်ကျင်သည့် ဘော်လုံးဝါသနာအိုး အချို့သည်ပင် အဆိုပါ App များကို အသုံးပြု၍ ကမ္ဘာ့ဖလားပွဲစဉ်များကို ကြည့်ရှုကြသည်။ 

“တော်လှန်ရေးအတွက် ဝင်ငွေရတဲ့လင့်တွေကနေ ပွဲတိုင်းကို ကြည့်ဖြစ်တယ်။ စကိုင်းနက်ကို Boycott လုပ်လိုက်ပြီးကတည်းက ဖုန်း App နဲ့ တယ်လီဂရမ်လင့်တွေကနေပဲ ကြည့်တော့တယ်။ အင်တာနက်မကောင်းတော့ တယ်လီဂရမ်မကောင်းရင် နွေဦးဗွီဒီယိုလင့်ကိုပြေးလိုက်နဲ့ အဲ့လိုပဲ ကြည့်ပါတယ်” ဟု ရန်ကုန်မြို့တွင်နေသည့် မန်ချက်စတာယူနိုက်တက်နှင့် အင်္ဂလန်အသင်းကို အားပေးသည့်ပရိသတ်တစ်ဦးက ဆိုသည်။ 

အာဏာသိမ်းစစ်အုပ်စုသည် အင်တာနက်အမြန်နှုန်းလျှော့ချခြင်း၊ လျှပ်စစ်မီးအချိန်မှန် မပေးတော့ခြင်းတို့ဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက်ကျူးလွန်နေသော်လည်း စစ်ကောင်စီကိုလက်မခံသည့် ပြည်သူများက ရရာနည်းဖြင့် တော်လှန်နေကြခြင်းဖြစ်သည်။

လေးနှစ်တစ်ကြိမ်ကျင်းပသည့် ယခုတစ်ခေါက် ကာတာနိုင်ငံမှ ကမ္ဘာ့ဖလားပြိုင်ပွဲသည် မြန်မာပြည်မှ ဘော်လုံးဝါသနာအိုးပြည်သူများအတွက် စစ်အာဏာရှင်ကိုတော်လှန်ရာတွင် အသုံးချသည့် နည်းလမ်းများစွာမှ နည်းလမ်းတစ်ခုဖြစ်လာသည်။ 

အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားရသည့် အကျဉ်းသားများထဲတွင်လည်း ဘော်လုံးဝါသနာအိုးများစွာ ပါဝင်နေသည်။ သို့သော် အချို့သော ဘော်လုံးဝါသနာအိုးပြည်သူများမှာမူ မြန်မာစစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် သေဆုံးသွားခဲ့ကြပြီဖြစ်သည်။ 

“ပုံမှန် ကလစ်တယ်ဗျ ကျွန်တော်ကတော့။ ဒါက ဝင်ငွေရမယ်ဆိုတာ သိတယ်။ ဒါပေမယ့် ဒီတစ်ခါ ကမ္ဘာ့ဖလားတော့ ကျွန်တော် မကြည့်ဘူး။ ကျွန်တော်တို့နိုင်ငံကလည်း လူ့အခွင့်အရေး ချိုးဖောက်ခံရနေရတာလေ။ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့နိုင်ငံက ကိုယ့်လိုပဲ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့အခြားနိုင်ငံတစ်ခုမှာလုပ်တဲ့ ဒီလိုပွဲကို အားပေးစရာမရှိဘူး။ ဒါကြောင့် တော်လှန် World Cup ဆိုတဲ့ကမ်ပိန်းအစီအစဉ်ကနေ လက်မှတ်တွေဝယ်ပြီး အာဏာရှင်ကို ဆန့်ကျင်တယ်” ဟု မန္တလေးမြို့နေ ဘော်လုံးဝါသနာအိုးဖြစ်သူ ကိုချမ်းက ဆိုသည်။ 

မြို့ပေါ်မှ ဘော်လုံးပရိသတ်များသာမက တောတွင်းရောက် PDF များကလည်း ကမ္ဘာ့ဖလားကြည့်ကာ တော်လှန်ရေးအတွက် ဝင်ငွေရှာကြသည်။
 

နောက်တန်းမှ ထောက်ပို့များ

လူငယ်များ တီထွင်ထားကြသည့် App များနှင့် Telegram ချယ်နယ်လင့်များအသုံးပြုလျှင် ဖမ်းဆီးခံရနိုင်သည်ဟု စစ်အုပ်စုက ပြောဆိုထားသည့်ကြားမှ VPN App များဖြင့် ချိတ်ဆက်ပြီး ကမ္ဘာ့ဖလားပွဲစဉ်များကို ကြည့်ရှုနေကြပြီး နောက်ကွယ်မှ တော်လှန်နေသော ထောက်ပို့ပြည်သူများလည်း ရှိနေသည်။ 

“ပွဲတိုင်းနီးပါးကိုတော့ Play2Donate ရဲ့ Nway Oo Video app နဲ့ Chillwithp2d website ကနေ VPN နဲ့ ကြည့်ဖြစ်တယ်။ တစ်ခါတလေ အစောပိုင်းကန်တဲ့ အုပ်စုပွဲတွေမှာ ညနေပိုင်းအပြင်ရောက်နေလို့ ကားပေါ်မှာဆိုရင်တောင် Mobile Data နဲ့ ၁၀မိနစ် ၁၅မိနစ်လောက် ကြည့်ဖြစ်ပါတယ်။ ထောက်ပို့ဝင်ငွေ ရစေချင်လို့ပါ။ အဲ့ဒါနဲ့အဆင်မပြေရင် Youth Sports Mediaရဲ့ ဝဘ်ဆိုက်တွေကနေ ကြည့်ဖြစ်ပါတယ်” ဟု မုံရွာမြို့မှ အာဆင်နယ်အသင်း၏ အမာခံပရိသတ်တစ်ဦးက ပြောသည်။ 

“VPN နဲ့မှ ကြော်ငြာတက် ဝင်ငွေရတာမို့ VPNကို မဖြစ်မနေသုံးပေးပါတယ်။ တချို့ညနက်ပွဲတွေကိုတော့ မကြည့်ဖြစ်ရင်လည်း ပွဲမစခင်ဖွင့်ထားပေးလိုက်တော့ တော်လှန်ရေးအတွက် ဝင်ငွေရတယ်လေ၊

ကျွန်တော်ကတော့ ကိုယ်တတ်နိုင်တဲ့နည်းလမ်းကနေ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတာပါ” ဟု အထက်ပါ မုံရွာမြို့ခံ ဘော်လုံးဝါသနာပါသူက ပြောသည်။တော်လှန်ရေးထောက်ပို့အတွက် အဆိုပါ App များ၊ ဝဘ်ဆိုက်များမှတဆင့် အခြား နိုင်ငံတကာ ဘော်လုံးပွဲများနှင့် ကမ္ဘာ့ဖလားပွဲ နေ့စဉ်ပုံမှန်ကြည့်ရှုသူများတွင် အမျိုးသမီးပရိသတ်များလည်း ပါဝင်သည်။

“တော်လှန်ရေးအတွက်ဝင်ငွေရအောင် နွေဦး App တို့ Yoth Sports တို့ကနေ ကြည့်တယ်။ ကြော်ငြာလေးတွေဝင်တာတော့ စိတ်ရှည်ရတယ်။ လိုင်းမကောင်းတာလည်း စိတ်ရှည်ရတယ်” ဟု ရန်ကုန်မြို့နေ မန်ချက်စတာယူနိုက်တက်နှင့် အင်္ဂလန်အသင်း၏ အမာခံ ပရိသတ်ဖြစ်သူ မခိုင်က ပြောသည်။

တော်လှန်ရေးထောက်ပို့ App များ၊ ဝဘ်ဆိုက်များမှတဆင့် ဘော်လုံးပွဲပုံမှန် ကြည့်ရှုသူဦးရေမှာ နေ့စဉ် ၃၀,၀၀၀ ဝန်းကျင်ရှိနေကြောင်း အဆိုပါ Application ရေးဆွဲသူအချို့ထံမှသိရသည်။ ထို APP များကို သုံးပြီး ကြည့်ရှုသူများတွင် ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်မှ ဘော်လုံးဝါသနာအိုး ကိုဖြိုးလည်းပါဝင်သည်။ သူက ဘော်လုံးပွဲလည်းကြည့် ထောက်ပို့လည်းလုပ်သည်ဟုဆိုသည်။

“Play2Donate ကတော့ ကြော်ငြာတွေအစပိုင်းဝင်ပြီးရင် VPN ပိတ်ကြည့်ချင်လည်း ကြည့်ကြပါပြောပေမယ့် ကျွန်တော်ကတော့ မပိတ်ဘူးဗျ။ သည်းခံပြီး အဆုံးထိကြည့်တယ်။ ဘော်လုံးပွဲလည်းကြည့်ရတယ်။ ထောက်ပို့လည်းဖြစ်တယ်” ဟု သူက ပြောသည်။

Nway Oo Video app တွင် ကမ္ဘာ့ဖလား ဘော်လုံးပွဲကြည့်နေသည့် အမျိုးသမီးတစ်ဦး
 

ရှေ့တန်းရောက် ဘော်လုံးဝါသနာရှင်

မြန်မာပြည်တွင် စစ်အာဏာသိမ်းယူမှုသာမရှိခဲ့လျှင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် – BPLA ကို တည်ထောင်သူ တက်ကြွလှုပ်ရှား နိုင်ငံရေးသမား၊ ကဗျာဆရာတဖြစ်လဲ မန်ချက်စတာယူနိုက်တက်၏ အမာခံပရိသတ် မောင်ဆောင်းခသည် သူ၏ မိတ်ဆွေများနှင့် ကမ္ဘာ့ဖလားပွဲစဉ်ကို ကြည့်ရှုနေမည်မှာ အသေအချာဖြစ်သည်။ 

ယခုတော့ ကမ္ဘာ့ဖလားပွဲကျင်းပနေချိန်တွင် ဘော်လုံးဝါသနာအိုး မောင်ဆောင်းခသည် တောတွင်းတစ်နေရာတွင် သူ၏တပ်ဖွဲ့မှ ရဲဘော်များနှင့်အတူ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည်။

“စစ်တပ်သာ အာဏာမသိမ်းခဲ့ရင် ဒီအချိန် ရန်ကုန်မှာ ကမ္ဘာ့ဖလားပွဲကြည့်နေမှာပေါ့။ သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေး အရက်ဆိုင်၊ ဘီယာဆိုင်မှာဖြစ်ဖြစ် ချိန်းပြီး ဘော်လုံးပွဲကြည့်နေမှာ။ နိုင်ငံအသင်းဆိုတာ ကလပ်အသင်းတွေကို အခြေခံတာဆိုတော့ ကိုယ်ကြိုက်တဲ့ဘယ်ကလပ်အသင်းက ဘယ်ကစားသမား ဘယ်နိုင်ငံကိုယ်စားပြုပါဝင်မလဲဆိုပြီး အားပေးဖြစ်မယ်။ ငြင်းကြ၊ ခုံကြနဲ့ပေါ့” ဟု သူက ဆိုသည်။ 

တပ်ဖွဲ့အတွင်း လိုအပ်သည့်အခြေအနေမှလွဲ၍ အချိန်ပြည့် အင်တာနက်မသုံးရသည့် တင်းကြပ်သည့် စည်းကမ်းလည်းထားရှိသောကြောင့် ဘော်လုံးဝါသနာအိုး မောင်ဆောင်းခနှင့် သူ၏ရဲဘော်များမှာ အကျဉ်းချုံးထားသည့် ကမ္ဘာ့ဖလားပွဲစဉ်များကိုသာ တစ်ခါတရံ ပြန်လည်ကြည့်ရှုဖြစ်ကြသည်။ 

“ကျွန်တော်တို့တွေက ခုချိန် တော်လှန်ရေးထဲမှာရောက်နေကြရတာရော၊ နေ့စဉ်နဲ့အမျှ ပြဿနာတွေ အခက်အခဲတွေကိုရော ဖြေရှင်းနေရတာကြောင့်ရော ဘော်လုံးကိုဝါသနာပါသော်လည်း အရင်အချိန်တွေကလို အလေးမထားဖြစ်ကြတော့ဘူး။ ဒါပေမယ့် တစ်ခါတလေတော့ ကျွန်တော်တို့မှာလည်း အရမ်းစိတ်ပင်ပန်းရချိန်တွေရှိတဲ့အတွက် ကိုယ်ကြိုက်တဲ့ဘော်လုံးပွဲလေး ခဏကြည့်လိုက်ရရင် စိတ်သက်သာရာ ရတာပေါ့” ဟု မောင်းဆောင်းခက ပြောသည်။

တောတွင်းတစ်နေရာတွင် ဘော်လုံးကစားနေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် – BPLA တပ်သားများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button