
အာဏာသိမ်းပြီးပေါ်ပေါက်လာသော တိုက်ပွဲများတွင် အစွမ်းမပြနိုင်သော သံချပ်ကာယာဉ်တချို့ ရန်ကုန်မြို့လမ်းမများပေါ် ရောက်လာပြန်သည်။ လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး ပစ်ခတ်ရန် အသင့်ပြင်ထားသော စစ်သားများက ထိုယာဉ်ပေါ်သို့ တက်လိုက်၊ ဆင်းလိုက် လုပ်ကြသည်ကို ရန်ကုန်မြို့တော်တွင် နေထိုင်သူတို့ မကြာသေးခင် ရက်ပိုင်းအတွင်းက တွေ့လိုက်ရသည်။
ရန်ကုန်မြို့တွင် ပြောက်ကျားဆန္ဒပြမှုများ၊ လူထုဟောပြောမှုများ မကြာခဏ ပြုလုပ်နေသူ ကိုနန်းလင်းက အာဏာသိမ်းတပ်သည် ရန်ကုန်တွင် အင်အားကြီးမားသည်ဟု အများမြင်စေရန် ကြိုးစားနေခြင်းဖြစ်သည်ဟု မှတ်ချက်ပြုသည်။
“အလှုပ်ပြတယ်။ အဲဒါကို ကြီးကြီးမားမား သတင်းထုတ်တယ်။ ရန်ကုန်ကို ပိုပြီး လုံခြုံရေးတင်းကျပ်တယ်ဆိုတာမျိုး၊ လူထုကို မလှုပ်ရဲအောင် လုပ်နေတယ်။ စစ်တပ်မှာ ဖြန့်ကြက်နိုင်စွမ်း အဲ့လောက် မရှိတော့ဘူး” ဟု တက္ကသိုလ်ကျောင်းသားဟောင်းများအင်အားစုမှ ကိုနန်းလင်းက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်စခန်းအများအပြား တိုက်ခိုက် သိမ်းပိုက်ခံရခြင်းကဲ့သို့ မကြုံစဖူးအရေးနိမ့်မှုနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်က ရန်ကုန်မြို့တွင် လှည့်လည်အင်အားပြခြင်း၊ လူဖမ်းခြင်းများ လုပ်ပြလာသည်။
ရန်ကုန်တွင် ကင်းလှည့်ခြင်း
လှည့်ကင်းမော်တော်ယာဉ်များကို ယခင်ထက် ပိုတွေ့လာရသည်၊ လှည့်ကင်းပတ်ရာတွင် ယာဉ်နှင့်လူအင်အား ပိုများလာသည်ကို တွေ့ရသည်ဟု ရန်ကုန်မြို့တွင် နေထိုင်သူ ၁၀ ဦးထက်မနည်းက ပြောသည်။
၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်၏ စစ်ဆေးမှုများ နည်းပါးသွားသော်လည်း နိုဝင်ဘာဒုတိယပတ်မှစ၍ ပြန်လည်တင်းကျပ်လာသည်ဟု ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သည့် အသက်၂၀ ကျော်အရွယ် ကိုသုတက ပြောသည်။
လှည့်ကင်းကားများတွင် ရေတပ်ယူနီဖောင်းဝတ် စစ်သားများကိုပင် တွေ့လာရသည်၊ လမ်းပေါ်တွင် သဲအိတ်ကာ တည်ဆောက်ထားသည့် ယာယီစခန်းများတွင်လည်း အင်အားများလားသည်ဟု ကိုသုတက ပြောသည်။
“တပ်စွဲထားတဲ့နေရာတွေမှာ အရင်က တစ်ယောက်နှစ်ယောက် ရှိရာကနေ ခုအင်အားထပ်ဖြည့်ထားတယ်၊ အသင့်အနေအထားနဲ့ ကင်းစောင့်နေတယ်” ဟု သူက ပြောသည်။
နိုဝင်ဘာ ၂၆ ရက်နေ့ မနက် ၄ နာရီ၊ ည ၇ နာရီတို့တွင် မြောက်ဥက္ကလာပမြို့နယ်အတွင်း စစ်ကား ၃ စီး၊ ရဲကား ၂ စီး လှည့်လည်နေသည်၊ လက်နက်ကိုင်အင်အား ၂၅ ဦးခန့် ပါဝင်သည်ဟု ထိုမြို့နယ်နေ ကိုစိုးက ပြောသည်။
“ဗီဒီယိုရိုက်နေသလားတောင် အောင့်မေ့ရတယ်၊ လုံးဝ အထူးနှိမ်နှင်းရေးတပ်ဖွဲ့ပုံစံမျိုးလို။ သာမန်တွေ့ရတဲ့ စစ်သားပုံစံမျိုး မဟုတ်ဘူး။ သူတို့ကျ စမတ်ကျကျလှည့်တာ။ ဓာတ်ပုံရိုက်တဲ့သူလည်း ပါတယ်။ နည်းနည်းလူများတဲ့နေရာကျရင် ရပ်လိုက်တယ် သေနတ်တွေနဲ့ သူတို့ အင်အားများပါတယ်ပေါ့” ဟု ပြောသည်။
ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် စစ်ကောင်စီတပ်၏ သံချပ်ကာယာဉ်များမှာ တော်လှန်ရေးအဖွဲ့များ၏ လက်ချက်ကြောင့် ပျက်စီးသွားခြင်း၊ သိမ်းဆည်းခံရခြင်းတို့နှင့် ရင်ဆိုင်နေရသည်။

အင်အားပြမှုကို အချိန်ကိုက် ဝါဒဖြန့်ခြင်း
၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်ရန် တစ်ရက်အလို နိုဝင်ဘာ ၂၆ တွင် သံချပ်ကာယာဉ်များ၊ စစ်ကားများနှင့် တိုက်ပွဲဝင်ရန် အသင့်အနေအထားဖြစ်နေသော စစ်ကောင်စီလက်နက်ကိုင်များက ရန်ကုန်မြို့တွင် ကင်းလှည့်နေဟန် ရိုက်ကူးထားသည့် ဓာတ်ပုံများပေါ်ထွက်လာသည်။
ရန်ကုန်တွင် စစ်သားများက ရှေ့တန်းစစ်မြေပြင်ကဲ့သို့ မဟုတ်ဘဲ စစ်ယူနီဖောင်းကို အပြည့်အစုံ ဝတ်ဆင်ထားကြသည်။ အထက်ပါ ဓာတ်ပုံများတွင်မူ စစ်သားများ၏ ဝတ်စုံမှာ အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲ့ဝင် ယူနီဖောင်းများနှင့် ဆင်တူနေသည်။
အဆိုပါပုံများကို စစ်တပ်ဝါဒဖြန့် အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများတွင် တစ်ပြိုင်တည်းဖော်ပြကြသည်၊ ဓာတ်ပုံများတွင် သံချပ်ကာကား၂ စီး၊ Double Cup အမျိုးအစား စစ်ကား ၅ စီး၊ Faw ကားအမျိုးအစား စစ်ကား ၅ စီး၊ ရေကြောင်းကင်းလှည့်ရေယာဉ် ၂ စီးတို့ကို တွေ့ရသည်။
နိုဝင်ဘာ ၂၁ တွင်လည်း ရန်ကုန်မြို့တွင်း သံချပ်ကာကား ၂ စီးဖြင့် ညဘက် လှည့်လည်နေသာ စစ်ကောင်စီလက်နက်ကိုင်တို့၏ ဓာတ်ပုံနှင့် ရုပ်သံများကို အွန်လိုင်းတွင် ဖြန့်ဝေခဲ့သေးသည်။ ထို ၂ ရက်လုံးတွင် ဖော်ပြခဲ့သော ဝတ်စုံပြည့်လှည့်လည်မှု မှတ်တမ်းဓာတ်ပုံနှင့် ရုပ်သံများကို ရှုထောင့်စုံမှ ရိုက်ကူးထားကြောင်း တွေ့ရသည်။
နိုဝင်ဘာ ၂၈ တွင် ရန်ကုန်တိုင်းအတွင်းရှိ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို ရိက္ခာပို့ပေးနေကြောင်း စစ်တပ်ဝါဒဖြန့် စာမျက်နှာများတွင် ဖော်ပြကြသည်။ မြို့နယ်အတိအကျ ဖော်ပြထားခြင်းမရှိသော်လည်း ဖော်ပြပါ ဓာတ်ပုံများအရ နေရာ ၇ ခုထက်မနည်းကို သွားရောက် ပို့ပေးကြောင်း ခန့်မှန်းရသည်။

ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် တပ်စွဲခြင်း
အောက်တိုဘာ ၂၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေးစတင်သည့် တစ်ပတ်အတွင်း ရန်ကုန်မြို့တွင် သိသာသည့် ပြောင်းလဲမှု မရှိသေးပေ။
နိုဝင်ဘာ ၁၁ နောက်ပိုင်းတွင်မူ စစ်တပ်က စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများတွင် ဝင်ရောက်တပ်စွဲလာသည်ဟု ရန်ကုန်တိုင်းအတွင်း စစ်တပ်လှုပ်ရှားမှုများကို စောင့်ကြည့်ဖော်ပြပေးနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) သို့ သတင်းအချက်အလက် ထောက်ပံ့နေသည့်အဖွဲ့ Rangoon Scout Network – RSN က ပြောသည်။
ရန်ကုန်တိုင်းအတွင်း အုပ်ကြီး ခေါ် အုပ်ချုပ်ရေးမှူးများကို မကြာသေးမီက ခေါ်ယူပြီး ရန်ကုန်တွင် အင်အားပြမှုအစီအစဉ်အတွက် ပြင်ဆင်လာသည်ဟု RSN အဖွဲ့မှ ဂျော့ချ်က ပြောသည်။
“၁၂ ရက်နေ့မှာ တစ်တိုင်းလုံးအနေအထားနဲ့ အုပ်ကြီးတွေကအစ အစည်းအဝေးတွေခေါ်ပြီး အဲဒီနောက် ကျောင်းတွေမှာ တပ်စွဲတယ်၊ ပေါ်တာဆွဲတယ်ဆိုပြီး အဖမ်းအဆီးသတင်းတွေ အများကြီး ထွက်လာတယ်” ဟု သူက ပြောသည်။
RSN အဖွဲ့ ရရှိသည့် သတင်းများအရ နိုဝင်ဘာ ၁၆ မှ ၂၂ ထိ တစ်ပတ်အတွင်း မြို့နယ် ၁၇ ခုရှိ စာသင်ကျောင်း ၄၉ ကျောင်းတွင် ယာယီတပ်စွဲခဲ့သည်ဟု သိရသည်။ ထိုစာရင်းတွင် ဘုန်းကြီးကျောင်းနှင့် ဘုရားဝင်းတို့အတွင်း တပ်စွဲမှုကို ထည့်သွင်းမထားပေ။ စာသင်ကျောင်းများတွင် နာရီအနည်းငယ် တပ်စွဲပြီး ပြန်ဆုတ်သွားတတ်ကြသည်ဟု ဒေသခံများသတင်းရင်းမြစ်များက ပြောသည်။
“ဖြစ်နိုင်တာက သူတို့စခန်းချလို့ကောင်းမယ့် နေရာရှာတာဖြစ်နိုင်သလို ရည်ရွယ်ချက်ရှိရှိ၊ အင်အားများတယ်ဆိုတဲ့ပုံစံ ကောလာဟလတွေဖြစ်အောင် လုပ်တာမျိုးဖြစ်နိုင်တယ်” ဟု ဂျော့ချ်က ဆိုသည်။
စစ်ကောင်စီတပ်သည် အာဏာသိမ်းမှုအစောပိုင်းကာလ ကျောင်းများပြန်ဖွင့်နိုင်ရန် ကြိုးပမ်းစဉ်က စာသင်ကျောင်းများအတွင်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ပို့ထားလေ့ရှိသော်လည်း နောက်ပိုင်း ပြန်ရုပ်သွားခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ရန်ကုန်မြို့ကိုလည်း တော်လှန်ရေးအင်အားစုများ ဝင်လာနိုင်သည်ဟူသော ကောလာဟလများနှင့်အတူ အချိန်ကိုက် ပြန်တပ်စွဲခြင်းမျိုးဖြစ်သည်ဟုလည်း RSN အဖွဲ့က ပြောသည်။

ငွေညှစ်ခံရမှုများ
စစ်တပ်က ရန်ကုန်တွင် လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးနေသည်ဟူသောသတင်းများ နိုဝင်ဘာဒုတိယပတ်မှစ၍ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။ အာဏာသိမ်းချိန်မှစပြီး နေ့စဉ် ဖမ်းဆီးနေခြင်းဖြစ်သော်လည်း မကြာသေးမီက အဖမ်းအဆီးများမှာ ပေါ်တာဆွဲသည့် ဖမ်းဆီးမှုမျိုးဖြစ်သည်ဟု ဆိုကြသည်။
ပေါ်တာဆိုသည်မှာ အရပ်သားများကို စစ်မြေပြင်တွင် အထမ်းသမားအဖြစ် အသုံးချခြင်းကို ခေါ်ဆိုသည်။
ဖမ်းဆီးခံရပြီး သတင်းပျောက်သွားသည်ဟူသည့် သတင်းများကို အတည်မပြုနိုင်သော်လည်း ဖမ်းဆီးငွေညှစ်ခံရပြီး ပြန်လွတ်လာသူ အများအပြားရှိခဲ့သည်ကို အတည်ပြုနိုင်သည်ဟု ဒေသခံ ၃ ဦးက ပြောသည်။
Rangoon Scout Network – RSN အဖွဲ့ထံမှ ရရှိသော သတင်းအချက်များအရ လမ်းပေါ် တွေ့သူကို ဖမ်းခေါ်ပြီး စစ်ကားပေါ် ခေါ်တင်သွားသည်ဟု နိုဝင်လာ ၂၈ ထိ သတင်းပို့လာသည့်ဖြစ်စဉ် ၈၇ ခု ရှိခဲ့သည်။ ထိုအဖမ်းအဆီးမျိုးမှာ ရန်ကုန်တိုင်းအတွင်းမှ မြို့နယ် ၂၈ ခုတွင် ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ ထိုစာရင်းတွင် ကျောက်တံတားနှင့် လမ်းမတော်ကဲ့သို့ ရန်ကုန်မြို့လယ် မြို့နယ်များပင် ပါဝင်သည်။
သာကေတ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပနှင့် ကမာရွတ်မြို့နယ်များအတွင်း ဖမ်းဆီးခံရမှုဖြစ်စဉ်တချို့ကို ဒေသခံအမျိုးသား ၄ ဦးထံမှ အတည်ပြုနိုင်သည်။
“ညဘက် ၁၁ လောက်မှာ လူငယ် ၂ ဦး ပါသွားတာ။ သတင်းလိုက်လို့မရဘူး၊ ပြီးခဲ့တဲ့ တစ်ပတ်လောက်က ဖြစ်တာ၊ ဘယ်မှစုံစမ်းမရ မေးမရဘူး” ဟု သာကေတမြို့နယ်တွင် နေထိုင်သူ သက်လတ်ပိုင်းအမျိုးသားက ပြောသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် သက်လတ်ပိုင်း ပျံကျအလုပ်သမားအမျိုးသား ၃ ဦး ည ၈ နာရီခွဲအချိန် ဈေးသွားဝယ်စဉ် စစ်တပ်ကင်းလှည့်ယာဉ်နှင့် တိုးပြီး ဖမ်းဆီးခံရသည်။ တစ်ဦးလျှင် ကျပ် ၃ သိန်းခန့်ဖြင့် မိသားစုက သွားထုတ်လာရသည်။
အလားတူ နိုဝင်ဘာလဆန်းက မြောက်ဒဂုံမြို့နယ်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော လူငယ် ၇ ဦးကို မှောင်ရိပ်ခိုသည်ဆိုကာ ဖမ်းခေါ်ခံရမှု၊ ကမာရွတ်မြို့နယ်တွင် နိုဝင်ဘာလလယ်က လူငယ် ၄ ဦး ဖမ်းခံရမှုတို့ ဖြစ်ပေါ်ခဲ့ပြီး ပြန်လွတ်လာရန် တစ်ဦးလျှင် ငွေကျပ် ၃ သိန်းခန့်ဖြင့် မိသားစုက သွားထုတ်ရသည်ဟု သိရသည်။
ဒဂုံမြို့နယ် တပ်မတော်ခန်းမအနီး ကတုတ်ကျင်းများ တူးနေသည်ဟု ဒေသခံတို့က နိုဝင်ဘာ ၁၁ တွင် သတင်းပို့ကြောင်း RSN အဖွဲ့က ပြောသည်။
စစ်ကောင်စီက အခြေခံအလုပ်သမားအများစု နေထိုင်ကြသည့် လှိုင်သာယာ၊ ရွှေပြည်သာကဲ့သို့ မြို့နယ်များတွင် ဘေးတွဲဆိုင်ကယ် ကယ်ရီသမားများကို သတင်းပေးအဖြစ် သုံးနေသည်ဟု တက္ကသိုလ်ကျောင်းသားဟောင်းများအဖွဲ့ထံမှ သိရသည်။

လုံခြုံရေးတိုး ခံစစ်ပြင်ခြင်း
၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြသူတို့ကို ပစ်သတ်ရာမှ နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာသည်။ ခုခံသူတို့ကို စစ်ကောင်စီက အကြမ်းဖက်သမားဟု သုံးနှုန်းလေ့ရှိသည်။
လက်နက်ကိုင်ခုခံလိုသူတို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံမှ စစ်ပညာနှင့် လက်နက်အကူအညီ ရယူထားကြသည်။ ခုခံသူများနှင့် ထိုအဖွဲ့များ ပူးပေါင်းပြီး တိုက်ပွဲဖော်လျက်ရှိရာ စစ်ကောင်စီတပ်သားတချို့သည် တော်လှန်ရေးအဖွဲ့များထံတွင် တစ်ဦးချင်း ပူးပေါင်းလာသလို တစ်ဦးထက်ပိုပြီး ဆက်သွယ် ပူးပေါင်းလာသူများလည်း ရှိသည်။
အခိုင်အမာစခန်းကြီးများကို ဒရုန်းအသုံးပြုပြီး ဗုံးအရေအတွက် အများအပြားချကာ လက်နက်ကိုင်အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင်သည့် ၁၀၂၇ စစ်ဆင်ရေးကာလ တစ်လအတွင်းမှာပင် တပ်ရင်းလိုက်လက်နက်ချသည့် ဖြစ်ရပ် ၃ ကြိမ် ပေါ်ပေါက်လာသည်။
နှိပ်ကွပ်ခံနေရသည့် ပြည်သူအများအပြားက တပ်ရင်းလိုက်လက်နက်ချမှုများကို ဝမ်းသာအားရ ကြိုဆိုချိန်တွင် စစ်ကောင်စီက ထိုဖြစ်ရပ်များကို သတင်းအမှောင်ချထားသည်။
တစ်ချိန်တည်းမှာပင် “အကြမ်းဖက်သမားများက” သတင်းမှားများ ထုတ်ပြန်နေသည်ဟူသော ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောဆိုချက်ကို စစ်ကောင်စီက နိုဝင်ဘာ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်သည်။
“အကြမ်းဖက်အဖွဲ့များအနေနဲ့ အခုလို အခြေအနေမျိုးမှာ ကောလဟလသတင်းများဖြန့်ချိခြင်း၊ သူတို့ အနိုင်ရနေသယောင် ဖြန့်ချိခြင်းများ ဆောင်ရွက်ပြီး လုပ်ဆောင်နေတာရှိပါတယ်” ဟု စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထိုကဲ့သို့ ဝါဒဖြန့်ချိပြီး ရန်ကုန်တွင် လုံခြုံရေးအစီမံများတိုးလုပ်လာသော်လည်း ရန်ကုန်တိုင်းတစ်တိုင်းလုံးအနေဖြင့်မူ စစ်ကောင်စီတပ်အင်အား ယခင်ကကဲ့သို့ မများတော့ကြောင်း ရန်ကုန်မြို့ခံများနှင့် တော်လှန်ရေးအင်အားစုတချို့က သုံး သပ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ယခုလအတွင်း စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ၊ PDF များ စစ်ရေးပြင်းထန်နေပြီး စစ်ကောင်စီက တပ်စခန်း ၂၀၀ ကျော် လက်လွှတ်ထားရသည်။
ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းတွင်လည်း ထိတွေ့တိုက်ပွဲများ မပြတ်ရှိနေရာ စစ်ကောင်စီက ၎င်းတို့ ထိန်းချုပ်နိုင်နေသေးသည့် မြို့ကြီးများကို ခံစစ်ပြင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ကိုနန်းလင်းက ဆိုသည်။
“ရန်ကုန်ကိုလည်း သူတို့ စစ်ဆင်ရေးလုံခြုံရေး အစီအမံတွေလုပ်နေတယ်။ ပိုပြီးတိုးလာတယ်ဆိုတာ အမှန်ပါပဲ။ စစ်ရေးအရ တောင်ပိုင်းကလည်း စစ်ပူလာတော့ မြို့ပြတွေကို ခံစစ်ပြင်ပြီး ထိန်းချုပ်ဖို့ ကြိုးစားတယ်။ ဟန်ကိုယ့်ဖို့ပေါ့ဗျာ။ ရန်သူကိုကျွန်တော်တို့ အထင်မသေးပါဘူး။ ဒါပေမဲ့ အားနည်းနေပြီ။ သူ့အနေနဲ့ မာဂုဏ်တော့ ရှိသေးတော့ လူထုကို ဖြဲခြောက်ပြတာ” ဟု ပြောသည်။

လမ်းပေါ်တွင် အုပ်စုလိုက် တွေ့ရသည့် ယာဉ်ထိန်းရဲများက မော်တော်ယာဉ်များကို တားဆီး စစ်ဆေးတတ်ပြီး အဆိုပါရဲအုပ်စုနှင့် မလှမ်းမကမ်းတွင် စစ်သားများ ရှိနေတတ်သည်ဟု ရန်ကုန်မှ သတင်းသမားတစ်ဦးက ပြောသည်။
မြို့ပြပြောက်ကျားအဖွဲ့များ၏ အနီးကပ် ပစ်ခတ်တိုက်ခိုက်မည်ကို စိုးရိမ်ကြသဖြင့် ယာဉ်ထိန်းရဲများကို လုံခြုံရေး ပေးထားခြင်း ဖြစ်နိုင်သည်၊ မော်တော်ယာဉ်မောင်းတချို့ထံမှ ခြိမ်းခြောက်ရရှိသည့်ငွေကို
ယာဉ်ထိန်းရဲများနှင့် စစ်သားများ ခွဲဝေသုံးစွဲဖွယ်ရှိသည်ဟု သူက ယူဆသည်။
လမ်းဆုံတချို့တွင် တည်ဆောက်ထားသော အထပ်မြင့် ကင်းတဲပေါ်မှ ယူနီဖောင်းဝတ် သက်ကြီး အမျိုးသားတစ်ဦး အောက်သို့ ဆင်းလာစဉ် အခြားတစ်ဦးက တွဲကူဖေးမထားရသည်ကို တွေ့ခဲ့ဖူးသည်၊ ရန်ကုန်တွင် တပ်ဖြန့်ထားရန် အင်အား မလုံလောက်သဖြင့် စစ်မှုထမ်းဟောင်းတို့ကို ခေါ်သုံးထားခြင်း ဖြစ်နိုင်သည်ဟု သူက ဆိုသည်။
မြို့နယ်အချို့ရှိ ရပ်ကျေးအုပ်ချုပ်ရေးနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့သည် အုပ်ချုပ်ရေးရုံး ဝန်းကျင်တွင် ကင်းစောင့်နေပြီး CCTV ကင်မရာများလည်း ထပ်တိုးတပ်ဆင်ထားသည်ဟု သိရသည်။
ကင်မရာများသည် ရုပ်သံမှတ်တမ်းဟောင်းများကို ပြန်လည် ကြည့်ရှုလေ့လာရုံအတွက်သာ မဟုတ်ဘဲ
ရဲစခန်း သို့မဟုတ် အုပ်ချုပ်ရေးမှူးရုံးများမှနေ၍ ရပ်ကွက်အတွင်း မြင်ကွင်းကို တိုက်ရိုက် စောင့်ကြည့်လေ့လာရန်အတွက်လည်း အသုံးဝင်သည်။
မြောက်ဥက္ကလာမြို့နယ်နေ ကိုစိုးက စစ်ကောင်စီလက်နက်ကိုင်များ တင်ဆောင်လာသည့် ကင်းလှည့်ယာဉ် ရပ်ကွက်အတွင်း လာမည်ဆိုပါက အဆိုပါ အုပ်ချုပ်ရေး အဖွဲ့ဝင်များက လမ်းရှင်း ပေးထားရသည်ဟု ပြောသည်။
“ကျွန်တော်တို့နားကရုံးဆို CCTV အလုံး ၃၀ တပ်ထားတယ်။ ရုံးနားမရောက်ခင် နေရာတွေပါ တပ်ထားတာ၊ ပတ်ပတ်လည်။ မီးသတ်တစ်ယောက် ရာအိမ်မှူးတွေကို ရုံးနားမှာ စောင့်ခိုင်းထားတယ်” ဟု ကိုစိုးက ပြောသည်။
အုပ်ချုပ်ရေးအဖွဲ့ဝင်တို့သည် ရပ်ကွက်အတွင်း ဖြစ်ရပ်များကို စုံစမ်းထောက်လှမ်းပြီး အထက်သို့ အစီရင်ခံရသူများ ဖြစ်လာသည်ဟု ဆိုသည်။
“ထူးခြားဖြစ်စဉ်ပေ့ါ၊ ရပ်ကွက်ထဲ လူစိမ်းဘယ်သူလာလဲကအစ (အထက်ကို အစီရင်ခံရတယ်)။ ကျန်တဲ့သူ လုံခြုံရေး မဟုတ်ဘူး၊ သူတို့လုံခြုံရေး သူတို့လိုက်လုပ်နေတာ” ဟု ကိုစိုးက ပြောလိုက်သည်။