သတင်း

ထီးချိုင့်တွင် မီးရှို့စစ်တပ်က ၈၇ နှစ်အရွယ် အမျိုးသားကို အနီးကပ်ပစ်သတ်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မြောက်ပိုင်းတွင် စစ်တပ်က အသက် ၈၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို အနီးကပ် ပစ်သတ်ပြီး အလောင်းကို ဖွဲပုံအတွင်း ထည့်သွားကြောင်း ဒေသခံများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ယမန်နေ့ (ဒီဇင်ဘာ ၈) နေ့လယ်တွင် စစ်ရှောင်လာသော အင်းတိန်ရွာဇာတိ အသက် ၈၇ နှစ်အရွယ် ဦးစိန်မောင်သည် ဇီးသောင်ရွာအနီး စစ်ကြောင်းနှင့်တိုးပြီး ဦးခေါင်းကို တေ့၍ ပစ်သတ်ခံရခြင်း ဖြစ်သည် ဟု ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံမှ သိရသည်။

“သူ့ရွာသားတွေ မီးရှို့ခံရတော့ စစ်ရှောင်နေကြတာ၊ အဲ့ဒါ စရိတ်သွားပို့တာ။ ဇီးသောင်ရွာထဲက မီးရှို့ပြီး ထွက်လာတဲ့စစ်တပ်နဲ့ ရွာထိပ်တံတားမှာ တွေ့ပြီးတော့ အဘိုးကို ပစ်သတ်ထားခဲ့တာ။ အလောင်းကို ဖွဲပုံထဲမှာ ထိုးမြှုပ်ထားခဲ့တာ” ဟု ထီးချိုင့်မြို့နယ်ပအဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဦးစိန်မောင် ယူဆောင်လာသည့် ပိုက်ဆံ ကျပ် လေးသိန်းခွဲကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ယူဆောင် သွားကြောင်း သေဆုံးသူ၏ မိသားစုဝင်များကို ကိုးကား၍ ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ထွက်သွားပြီးနောက် ဇီးသောင်ရွာသို့ အခြေအနေပြန်လာကြည့်သည့် ရွာခံများက ဦးစိန်မောင်၏ အလောင်းကို ရွာထိပ်ရှိ ဖွဲပုံအတွင်းမှ တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ဘယ်ဘက်ဦးခေါင်းခွံ တစ်ခြမ်း ပွင့်လုနီးပါး အနီးကပ် ပစ်ခတ်ခံထားရခြင်းဖြစ်သည်။

ဦးစိန်မောင်၏ ရုပ်အလောင်းကို ယမန်နေ့ ညနေက ဇီးသောင်ရွာမှာပင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ဦးစိန်မောင်ကို ပစ်သတ်ခဲ့သည့်စစ်ကြောင်းမှာ နိုဝင်ဘာလကုန်ခန့်မှ စတင်၍  ထီးချိုင့်မြို့နယ် မြောက်ပိုင်းရွာများကို စီးနင်းမီးရှို့နေသည့် စစ်ကောင်စီ တပ်မ ၈၈၊ ခြေမြန်တပ်ရင်း (ခမရ) ၄၁၅ မှ ဗိုလ်မှူးသန်းဇော်ဝင်း ဦးဆောင် သည့်တပ်ဖွဲ့ဖြစ်ကြောင်း ထီးချိုင့်မြို့နယ်ပအဖက ယမန်နေ့က ထုတ်ပြန်သည်။

ရုပ်အလောင်းတွေ့ရှိခဲ့သည့် ဇီးသောင်ရွာသည်လည်း ဒီဇင်ဘာ ၇ ညက မီးရှို့ခံရပြီး အိမ်ခြေ ၁၁၆ လုံး မီးလောင်ခဲ့ကြောင်း သိရသည်။

ကျေးရွာများကို စီးနင်းကာ မီးရှို့နေသည့် စစ်တပ်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ မအူပင်ရွာ တွင်လည်း နိုဝင် ဘာ ၃၀ ရက်က အသက် ၅၀နှင့် ၆၀ ကြားရှိ သက်ကြီးအမျိုးသား ၃ ဦးကို အနီးကပ် ပစ်ခတ် သတ်ဖြတ်ခဲ့သည်။

စစ်ကိုင်းအထက်ပိုင်း အင်းတော်၊ ကသာနှင့် ထီးချိုင့်မြို့မှ ထွက်လာသည့် စစ်ကြောင်းများက မြို့မြောက်ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းများခွဲပြီး နိုဝင်ဘာလကုန်ပိုင်းမှ စတင်၍ ဆက်တိုက် စီးနင်း မီးရှို့နေခြင်းဖြစ်သည်။

ယနေ့ (ဒီဇင်ဘာ ၉) နံနက်တွင် ပေါက်ပင်ကွေ့ရွာနှင့် သခွတ်ချောင်ရွာအတွင်း စစ်ကောင်စီတပ်များ ရှိနေကြောင်း ထီးချိုင့်မြို့နယ် ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာ ၈ တစ်ရက်တည်းတွင်ပင် မကျီးပင်၊ သစ်မှုံညို၊ ပျဉ်းစု၊ တည်တော၊ သခွတ်ချောင်နှင့် ကျက်သရေချောင်းရွာတို့ မီးရှို့ခံရပြီး အိမ်ခြေ ၆၀ နီးပါး ပျက်စီးခဲ့သည်ဟု ထီးချိုင့်မြို့နယ်ပအဖ အဖွဲ့ဝင်က ပြောသည်။

ထီးချိုင့်မြို့အနီးရှိ သခွတ်ချောင်နှင့် ကျက်သရေချောင်းရွာမှာ သုံးကြိမ်မြောက် မီးရှို့ခံရခြင်း ဖြစ်ကြောင်း စစ်ရှောင်အရေးကူညီနေသူများထံမှသိရသည်။

ထီးချိုင့်မြို့မြောက်ပိုင်းရွာများကို စစ်ကြောင်းများ ဝင်နေသောကြောင့် ကျေးရွာပေါင်း ၁၈ ရွာမှ အိမ်ခြေ ၆၇၄ လုံး ထက်မနည်း ပျက်စီးခဲ့ရကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယနေ့အထိ ရက်သတ္တပတ် နှစ်ပတ်အတွင်း စစ်ကြောင်းထိုးမီးရှို့မှုများကြောင့် ထီးချိုင့်ဒေသခံ ထောင်နှင့်ချီ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ကျေးရွာတချို့မှာလည်း ကြိုတင်စစ်ရှောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

“စစ်ရှောင်တွေကလည်းတော်တော်ကြီးကို လွတ်ရာကျွတ်ရာ ပြေးကြပြီ။ အနီးအနားရွာတွေကလည်း ကြိုတင်ပြင်ဆင်ထားကြရတာပေါ့။ ရှိတဲ့ပစ္စည်းတူးမြှုပ်တဲ့သူက တူးမြှုပ်၊ ခွဲပို့တဲ့သူကပို့နဲ့။ နောက်ဆုံး အိမ်မီးလောင်သွားရင်တောင် နေဖို့ထိုင်ဖို့၊ အဝတ်အစား၊ အိုးခွက်ပန်းကန်လေးကျန်အောင်ဆိုပြီးတော့ အနီးအနားရွာတွေ အကုန်လုံး စီမံနေရတယ်”ဟု စစ်ရှောင်အရေးကူညီပေးနေသည့် အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

ဒေသခံကာကွယ်ရေးအဖွဲ့များနယ်မြေစိုးမိုးပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA)  နယ်မြေများနှင့် ဆက်စပ် နေသည့် ထီးချိုင့်မြို မြောက်ပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းနိုင်ရန် ကြိုးပမ်းနေသည်။

နိုဝင်ဘာလကုန်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး  စစ်တပ် က လေကြောင်းမှ ၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ သည်။ ထို့နောက် မြေပြင်တိုက်ပွဲများ နည်းသွားသော်လည်း ဒေသတွင်း စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း သိရသည်။

ထိုတိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်မှ  ဒီဇင်ဘာ ၄ နှင့်  ၅ တို့တွင် သတင်းထုတ်ပြန်ရာ KIA,PDF တို့ မီးရှို့ဖျက်ဆီးမှုများကြောင့် ကျောက်အိုက်ရွာ၊ ရွှေချောင်းရွာ၊ အလယ်တော၊ အင်းတိန်၊ လေသာရွာတို့မှ နေအိမ်များ ပျက်စီးခဲ့ရကြောင်း ဆိုသည်။

မီးရှို့မှုများမှာမှာ ၎င်းတို့၏လက်ချက်မဟုတ်ဟု ငြင်းလေ့ရှိသည်။

နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၁ ဒသမ ၄ သန်းကျော်ရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက ဒီဇင်ဘာ ၃ တွင် ထုတ်ပြန်ထားသည်။

နေရပ်စွန့်သူများအနက် ၁ ဒသမ ၁ သန်းကျော်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့် ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့်   ထွက်ပြေးနေရခြင်းဖြစ်သည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button