ဆောင်းပါးလေ့လာသုံးသပ်ချက်

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် ယာယီအပစ်ရပ်စဲမှုမှ သတိပြုသင့်သော အချက်များ

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်  (AA) အကြား တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် နိုဝင် ဘာလ ၂၄ ရက်နေ့မှ စတင်ပြီး အပစ်ရပ်လိုက်သည်ဟု နှစ်ဖက်စလုံးက ထုတ်ပြန်လာပါသည်။ လွန်ခဲ့သော စက်တင်ဘာလ အလယ်ပိုင်းတွင် AA ဒု-စစ်ဦးစီးချုပ် ညိုထွန်းအောင်က လူမှုကွန်ရက်မှတစ်ဆင့် “အဆုံးသတ် တိုက်ပွဲအချိန် ရောက်ပြီ” ဟု ပြည်သူကို တပ်လှန့် အသိပေးခဲ့ပြီးမှ ရုတ်တရက် ထွက်ပေါ်လာသော အဆိုပါ အပစ်ရပ်သတင်းကြောင့် ပြည်သူများ မျက်စိလည်ခဲ့ကြသည်။

ဤတစ်ကြိမ် အပစ်အခတ်ရပ်ခြင်းကို “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်ရပ်စဲခြင်း” (Humanitarian Ceasefire) ဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းသမားများကို ထုတ်ဖော်ပြောဆိုခဲ့သည်။

AA ၏ ထုတ်ဖော်ပြောဆိုချက်များကို လေ့လာရာတွင် (၁) ၂၀၂၀ အပစ်ရပ်စဉ်ကကဲ့သို့ပင် နှုတ်ဖြင့် သဘောတူညီကြပြီး စာဖြင့် နှစ်ဖက်လက်မှတ်ရေးထိုး သဘောတူညီမှုမျိုး မရှိခြင်း၊ (၂) ယာယီအပစ်ရပ်ခြင်းသာ ဖြစ်ပြီး၊ နှစ်ဖက်တပ်များ ရောက်ရှိသောနေရာများတွင် ဆက်လက်တပ်စွဲထားခြင်း၊ (၃) AA ၏ နိုင်ငံရေးရပ်တည်ချက်မှာ မူလအတိုင်း အပြောင်းအလဲမရှိ ဆိုသည့်အချက်များ ပါဝင်သည်။   

အပစ်ရပ်စဲခြင်း လတ်တလောအကြောင်းရင်းကို “ရခိုင်ပြည်သူတွေအတွက် အဓိကအကျဆုံးက စားနပ်ရိက္ခာ၊ ဆေးဝါးတွေနဲ့ စပါးရိတ်သိမ်းရာသီမှာ စပါးရိတ်သိမ်းနိုင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ ရက္ခိုင့်တပ်တော်အနေနဲ့ ပြည်သူလူထုအကျိုးစီးပွားကို မဏ္ဍိုင်ပြုလို့ အဓိကထားရှေ့ရှုပြီး မြန်မာ့တပ်မတော်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်ရပ်မှုတစ်ခုကို အလွတ်သဘော လုပ်ဆောင်ခဲ့ပါတယ်” ဟု ခိုင်သုခက ပြောသည်။ 

သို့သော် ယခုတစ်ကြိမ် ယာယီအပစ်ရပ်စဲခြင်းကို “လူသားချင်းစာနာထောက်ထားမှု” ဟု AA က ဖော်ညွန်းခဲ့ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ပထမအကြိမ်အပစ်ရပ်ခြင်းနှင့် မတူသလို၊ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ၁၉၈၈ ခုနှစ်နောက်ပိုင်း အပစ်ရပ်စဲခြင်းများနှင့်လည်း ကွဲပြားခြားနားနေကြောင်း လေ့လာတွေ့ရှိရသည်။

ယခင်နှင့် ယခု အပစ်ရပ်စဲမှုတွင် တူညီချက်တစ်ခုရှိပါသည်။ ယင်းမှာ ဂျပန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံထားရသူ၊ နီပွန်ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှု ဖြစ်သည်ဟု AA က ထုတ်ဖော်ပြောဆိုထားပါသည်။

ထို့ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်ရပ်စဲခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာတွင် လက်ခံကျင့်သုံးလျက်ရှိသော အသုံးအနှုန်းများ၏ အဓိပ္ပာယ်ကို  သိရှိလေ့လာနိုင်ရန် ပထမဦးစွာ ဖော်ပြပြီး၊ စစ်ကောင်စီနှင့် AA တို့ လုပ်ဆောင်ခဲ့သော အပစ်ရပ်စဲပုံနှင့် ချိန်ထိုးလေ့လာကာ သတိပြုသင့်သော အချက်များကို တင်ပြသွားပါမည်။

နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်စဲမှုပုံစံများ

မြန်မာနိုင်ငံမှာကဲ့သို့ပင် ကမ္ဘာ့အနှံ့အပြားတွင် လက်နက်ကိုင်ပဋိပက္ခများ ပုံသဏ္ဌာန်မျိုးစုံဖြင့် ဖြစ်ပွားခဲ့၊ ဖြစ်ပွားဆဲရှိရာ အဆိုပါ ပဋိပက္ခများအတွင်း ပိတ်မိနေသော ပြည်သူများကို ကယ်ဆယ်နိုင်ရန် သို့မဟုတ် စားနပ်ရိက္ခာ၊ ဆေးဝါးထောက်ပံ့ကူညီနိုင်ရန် ပဋိပက္ခဖြစ်ပွားနေသော နှစ်ဖက် လက်နက်ကိုင် အဖွဲ့များအကြား အခိုက်အတန့် အားဖြင့် ပစ်ခတ်မှုရပ်စဲပေးကြသော သာဓကများ ရှိပါသည်။

ထိုကဲ့သို့ အပစ်ရပ်စဲမှုပုံသဏ္ဌာန်အမျိုးမျိုးတွင် သုံးစွဲကြသော အသုံးအနှုန်းများ၏ အနက်အဓိပ္ပာယ်များနှင့် သဘောသဘာဝကို ကုလသမဂ္ဂ၏ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရုံး (OCHA) က ဖွင့်ဆိုရှင်းပြထားပါသည်။

OCHA က လက်ခံထားသော အသုံးအနှုန်းများမှာ အပစ်အခတ်ရပ်စဲခြင်း (Ceasefire)၊ ရန်ပြုမှုများ ရပ်ဆိုင်း ခြင်း (Cessation of Hostilities)၊ ရန်ပြုမှုများ ယာယီရပ်ဆိုင်းခြင်း (Temporary Cessation of Hostilities)၊ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ယာယီဆိုင်းငံ့ခြင်း (Humanitarian Pause)၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စင်္ကြန် (Humanitarian Corridor)၊ တိတ်ဆိတ်ငြိမ်သက်သော နေ့များ (Days of Tranquility)၊ နှင့် ပဋိပက္ခလျော့ချရေး အစီအမံများ De-confliction Arrangements တို့ ဖြစ်ပါသည်။

အထက်ပါ အသုံးအနှုန်းများ၏အဓိပ္ပာယ်များမှာ ဆင်တူယိုးမှားဖြစ်နေသော်လည်း လက်တွေ့လုပ်ဆောင်ချက် များတွင် ကွဲပြားမှုများ ရှိပါသည်။ ထို့ကြောင့် အသုံးအနှုန်းတစ်ခုချင်းစီ၏ အဓိပ္ပာယ်များကို သိရှိထားရန် လိုအပ်သဖြင့်  လေ့လာနိုင်ရန်  အောက်ပါဇယားတွင် ဖော်ပြထားပါသည်။

OCHA မှာ ဖွင့်ဆိုထားသော ပဋိပက္ခရပ်စဲရေးဆိုင်ရာ အသုံးအနှုန်းများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ

အထက်ပါ ဝေါဟာရများနှင့် အနက်အဓိပ္ပာယ်များကို ခြုံငုံမိစေသော နိုင်ငံတကာတွင် တွင်ကျယ်သည့် အသုံး အနှုန်းတစ်ခုမှာ “လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လက်လှမ်းမီရေး (Humanitarian Access) ဖြစ်သည်။  


ထိုအသုံးအနှုန်းတွင် အဓိပ္ပာယ်နှစ်မျိုး သက်ရောက်မှုရှိသည်။ ပထမ အဓိပ္ပာယ်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးသည့် အဖွဲ့အစည်းများက ၎င်းတို့အကူအညီပေးရမည့် ပဋိပက္ခအကြား ပိတ်မိနေသော အရပ်သားပြည်သူများထံ သွားရောက်ကူညီနိုင်ရေးဖြစ်သည်။ ဒုတိယအဓိပ္ပာယ်မှာ ပဋိပက္ခ ဒေသအတွင်းရှိ အရပ်သားပြည်သူများက လူသားချင်း စာနာထောက်ထားမှု အကူအညီများနှင့် ဝန်ဆောင်မှုများကို လက်လှမ်း မီနိုင်ရေးတို့ ဖြစ်သည်။ 


ထို့အတွက် ကနဦး ကြိုတင်လိုအပ်ချက်မှာ ထိုအဖွဲ့အစည်းများက အကူအညီ လိုအပ်နေသော လူအုပ်စုများထံ အဟန့်အတား အနှောက်အယှက်မရှိ အပြည့်အဝ သွားရောက်ကူညီ နိုင်ရေး ဖြစ်သည်။  


ကြားဝင်ဆောင်ရွက်သော အဖွဲ့အစည်းများနှင့် နိုင်ငံတကာ ကျင့်ဝတ်စံနှုန်းများ၏ အရေးပါမှု


လက်နက်ကိုင်ပဋိပက္ခများ၏ သဘောသဘာဝအရ နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများသည် ကိုယ်စီ ရည် မှန်းချက်များနှင့် အကျိုးစီးပွားများ ရှိကြသည်။ ပဋိပက္ခဖြစ်ပွားခြင်း အခြေခံအကြောင်းရင်း အမျိုးမျိုး ရှိတတ် ကြသော်လည်း တူညီချက်မှာ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု လုံးဝမရှိကြခြင်း ဖြစ်သည်။  


ထိုကြောင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး ကြိုးပမ်းမှုများကို ကြားခံအဖွဲ့အစည်းများက လုပ်ဆောင်ကြလေ့ရှိပြီး၊ ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့တစ်ခုခုက ဦးစီးဦးဆောင် လုပ်ဆောင်၍ မရနိုင်ပါ။ 


နိုင်ငံတကာရှိ လက်နက်ကိုင်ပဋိပက္ခဒေသများတွင် ထိုကဲ့သို့ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေး ကြားခံအဖွဲ့အစည်းများအဖြစ် ကုလသမဂ္ဂနှင့် သက်ဆိုင်ရာလက်အောက်ခံအဖွဲ့များ၊ နိုင်ငံတကာ ကြက်ခြေနီအသင်း (ICRC)၊ လူသားချင်းစာနာမှုဆိုင်ရာ ဆွေးနွေးမှုစင်တာ (Centre for Humanitarian Dialogue – HD) စသည့်တို့မှာ ထင်ရှားကြပြီး၊ ပဋိပက္ခဖြစ်ပွားရာ ဒေသအခြေစိုက် အဖွဲ့အစည်းများကလည်း လုပ်ဆောင်လေ့ ရှိကြသည်။


ထိုအဖွဲ့အစည်းများသည် ပဋိပက္ခဖြစ်ပွားနေသော လက်နက်ကိုင်အဖွဲ့ တစ်ခုနှင့် တစုံတရာ ပတ်သက်ဆက်နွယ် မှုမရှိရဘဲ လွတ်လပ်မှုရှိရခြင်း (Independence)၊ တစ်ဘက်ဘက်ကို ဦးစားမပေးရဘဲ တိကျစွာကြားနေရခြင်း (Impartiality) စသည့် နိုင်ငံတကာက လက်ခံထားသော ကျင့်ဝတ်စံနှုန်းများကို တိကျစွာလိုက်နာရပြီး၊ ထိုသို့ လိုက်နာဆောင်ရွက်လျက်ရှိကြောင်း ပွင့်လင်းမြင်သာမှု (Transparency) လည်း ရှိရပါသည်။ 


သို့မှသာ ကြားဝင် ဆောင်ရွက်သော အဖွဲ့အစည်းသည် ပဋိပက္ခဖြစ်ပွားနေသော နှစ်ဘက်လုံးနှင့် ဆက်သွယ် ညှိနှိုင်းနိုင်မည်ဖြစ်ပြီး၊ နှစ်ဘက်စလုံး၏ ယုံကြည်မှုကို ရရှိမည်ဖြစ်သည်။ အဆိုပါ အခြေအနေကို မရရှိသရွေ့ ကြားဝင် ဆောင်ရွက်၍ မရနိုင်သလို၊ ကြားဝင်ဆောင်ရွက်မှုတိုင်းလည်း မအောင်မြင်တတ်ပါ။


လက်တွေ့အကောင်အထည်ဖော်မှုတွင် ကြုံတွေ့ရသော အခက်အခဲများ


လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားရာဒေသ မြေပြင်တွင် လူသားချင်းစာနာထောက်ထား မှုအကူအညီများ ပေးရာတွင် လက်တွေ့စိန်ခေါ်မှုများ များစွာရှိနေတတ်ပါသည်။ 


ပထမစိန်ခေါ်မှုမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးမည့် ကြားခံအဖွဲ့အစည်းများ၏ လုံခြုံရေးကို မည်သူက အကာအကွယ်ပေးမည်နည်း ဆိုသည့်အချက်ဖြစ်သည်။ ထိုအကာအကွယ်ကို ပဋိပက္ခဖြစ်နေ သော လက်နက်ကိုင်အဖွဲ့ တစ်ခုခုထံမှ ရယူရန် မဖြစ်နိုင်ပါ။ 


ထို့ကြောင့် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များ၏ အပစ်ရပ် ကတိကဝတ်ကို မချိုးဖောက်ရန် အလွန်အရေးကြီး သည်။ ချိုးဖောက်ခဲ့ပါက ကြားခံအဖွဲ့အစည်းများ၏ လူသားချင်းစာနာမှု အကူအညီပေးနေသော မြေပြင်က လူ ပုဂ္ဂိုလ်များ လုံခြုံရေးကို အကာအကွယ်ပေးနိုင်မည့် လုံခြုံရေးအင်အားနှင့် အစီအမံရှိထားရန် လိုအပ်သည်။


ဒုတိယ စိန်ခေါ်မှုမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရပ်သားပြည်သူများထံ မရောက်ရှိဘဲ လက်နက်ကိုင်အဖွဲ့တစ်ခုခုက ထိန်းချုပ်သွားသည့် အန္တရာယ်ဖြစ်သည်။ ထို့အတွက် အကူအညီပေးသည့် ကြားခံ အဖွဲ့အစည်းများက အကူအညီပေးခြင်းအပေါ် အစအဆုံးစောင့်ကြည့်စီမံခန့်ခွဲနိုင်သော အခြေအနေရှိရမည် ဖြစ် သည်။


တတိယ စိန်ခေါ်ချက်မှာ အကူအညီပေးရေးကို အချိန်အကန့်အသတ်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်သည်။ အပစ်ရပ်စဲခြင်းသည် ယာယီသာဖြစ်သဖြင့် တိုက်ပွဲများ အချိန်မရွေး ပြန်လည် ဖြစ်ပွားနိုင်သည်။ ထို့ကြောင့် ကြားခံ အဖွဲ့အစည်းများအတွက် အချိန်ဖိအား (Time Pressure) ရှိနေပြီး၊ ပဋိပက္ခဒေသမှ ပြန်လည်ဆုတ်ခွာခြင်း ဗျူဟာ (Exit Strategy) ရှိထားရန် လိုအပ်သည်။ 


စတုတ္တ စိန်ခေါ်ချက်မှာ  လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရာတွင် နယ်မြေကန့်သတ်မှုကို နှစ်ဘက် လက်နက်ကိုင်အဖွဲ့များက သတ်မှတ်လေ့ရှိပြီး၊ အင်အားကြီးမှု၊ နယ်မြေထိန်းချုပ်ထားနိုင်မှုနှင့် စစ်ရေး မဟာ ဗျူဟာအရ အဓိကကျသော နယ်မြေများကို ဝင်ထွက်ခွင့်မပေးဘဲ ဆက်လက်ပိတ်ဆို့ထားမှု စသည့် မြေပြင် အခြေအနေများအရ လုပ်ဆောင်ကြသဖြင့် အမှန်တကယ် စစ်ဘေးဒုက္ခကြုံတွေ့နေသော ပြည်သူများအားလုံး ကို အကူအညီပေးနိုင်မှု မရှိဘဲ အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နိုင်ကြခြင်း ဖြစ်သည်။


ပဥ္စမ စိန်ခေါ်မှုမှာ ပဋိပက္ခဖြစ်ပွားရာ ဒေသတစ်ခုလုံး သို့မဟုတ် နိုင်ငံတစ်ခုလုံးခြုံပြီး ရေရှည်အပစ်ရပ်စဲခြင်းနှင့် စစ် ဘေးဒုက္ခသည်အားလုံးထံ အကူအညီများ တပြေးညီရောက်ရှိရေးအတွက် သေချာခိုင်မာစေရန်အတွက် လူသား ချင်းစာနာမှုအကူအညီပေးရေး အစီအစဥ်ကို နိုင်ငံတကာဥပဒေတစ်ရပ်ရပ် (International Legal Mechanism) ကို အခြေခံခြင်းနှင့် ကုသလမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာ၏ နိုင်ငံရေးအရထောက်ခံမှု (International Political Support) ခိုင်မာအားကောင်းစွာရရှိရေး ဖြစ်သည်။ 


စစ်ကောင်စီ – AA အပစ်ရပ်စဲပုံနှင့် ချိန်ထိုးလေ့လာသုံးသပ်ခြင်း 


ဤဆောင်းပါး၏ အစပိုင်းတွင် AA သည် စစ်ကောင်စီနှင့် အပစ်ရပ်စဲခြင်း သဘောတူညီမှု ပြုလုပ်ခဲ့ရာတွင် AA ဖက်က ထုတ်ဖော်ပြောဆိုခဲ့သော အချက် ၃ ချက်ကို ဖော်ပြခဲ့ပြီးဖြစ်သည်။ အဆိုပါ ၃ ချက်လုံးမှာ အမှန်စင်စစ် ပထမအကြိမ် အပစ်ရပ်စဲစဥ်က ပုံသဏ္ဌာန်နှင့် ကွာခြားမှုမရှိပေ။   ထို့ကြောင့် ပထမအကြိမ် အပစ်ရပ်စဲမှု ပျက်ပြယ်သွားသကဲ့သို့ ယခု ဒုတိယအကြိမ် အပစ်ရပ်စဲမှုလည်း အချိန်မရွေး ပျက်ပြယ်သွားနိုင်ပါ သည်။ 


ပထမအကြိမ် အပစ်ရပ်စဲစဥ်က ကြားဝင်ခဲ့သူမှာလည်း ဆာဆာကာဝါပင်ဖြစ်၍ ကြားဝင် စေ့စပ်ညှိနှိုင်းသူ အပြောင်းအလဲ မရှိခဲ့ပါ။ ဆာဆာကာဝါ၏ ဆောင်ရွက်ချက်ကို ဂျပန်အစိုးရက တစုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိပုံမှာလည်း အတူတူပင် မပြောင်းမလဲ တွေ့ရှိရသည်။


ထို့ကြောင့် ဆာဆာကာဝါ၏ ရခိုင်အရေး ကြားဝင်ဆောင်ရွက်နေမှုအပေါ် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တာဝန်ဖြင့် လုပ်ဆောင်ခြင်းလား၊ ဆာဆာကာဝါ၏ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကို အသုံးချပြီး ကြားဝင်စေ့စပ်ခြင်းလား ရှင်းလင်းမှု မရှိပါ။ ဒုတိယအချက်က ပို၍ဖြစ်နိုင်ခြေ များပါသည်။ 


တစ်ပြိုင်တည်းမှာပင် ဆာဆာကာဝါသည် စစ်ကောင်စီနှင့် AA နှစ်ဖက်စလုံးက ယုံကြည်လက်ခံမှုကို အထိုက်အလျောက် ရရှိထားသည့်အတွက် ထိုကဲ့သို့ ကြားဝင်ဆောင်ရွက် နိုင်သူအဖြစ် ရှုမြင်နိုင်သလို၊ တစ်ဖက်တွင် မင်းအောင်လှိုင်နှင့် ပိုမိုနီးစပ်ရင်းနှီးကျွမ်းဝင်မှုက လွတ်လပ်မှုနှင့် ဘက်မလိုက်ဘဲ ကြားနေဆောင်ရွက်မှု ဆိုသည့် နိုင်ငံတကာက လက်ခံထားသော လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ကျင့်ဝတ်စံနှုန်းများအရ အငြင်း ပွားစရာ ပုဂ္ဂိုလ် ဖြစ်နေပြန်ပါသည်။    


ဆာဆာကာဝါသည် ပုဂ္ဂိုလ်ရေးအရ နှစ်ဖက်စလုံး၏ ယုံကြည်လက်ခံမှုကြောင့် ကြားဝင်စေ့စပ်ခဲ့သော်လည်း၊ အပစ်ရပ်စဲပြီးနောက် ၎င်းကိုယ်တိုင်ဦးဆောင်မည့် သို့မဟုတ် ၎င်း၏ ကြားဝင်စေ့စပ်မှုရလဒ်များကို အကောင် အထည်ဖော်ပေးမည့် ကြားခံအဖွဲ့အစည်းကို မတွေ့ရှိရပေ။ 


ထို့အတူ အပစ်ရပ်စဲပြီးနောက် လူသားချင်းစာနာမှုဆိုင်ရာ မည်သည့်အကူအညီများကို ရခိုင်ဒေသက ပဋိပက္ခ ဖြစ်ပွားရာနေရာများသို့ ဆာဆာကာဝါ၏ နိပွန်ဖောင် ဒေးရှင်းကဖြစ်စေ၊ ဂျပန်အစိုးရကဖြစ်စေ၊ အာဆီယံနှင့် အခြားသော နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များက ဖြစ်စေ ပေးပို့နိုင်ခဲ့သည့် အထောက်အထားများ ယနေ့ အချိန်ထိ မတွေ့ရှိရသေးပါ။


ယင်းအစား စစ်ကောင်စီက AA နှင့် တိုက်ပွဲဖြစ်ပွားစဥ်ကာလတစ်လျှောက် ဖြတ်လေးဖြတ် ဗျူဟာကို ကျင့်သုံးပြီး၊ တိုက်ပွဲဖြစ်ပွားရာ အရပ်ဒေသများတွင် နေထိုင်သော ပြည်သူများကိုပါ စားနပ်ရိက္ခာနှင့် ဆေးဝါးဖြတ်တောက် ပြီး အတိဒုက္ခခံစားရစေရန် ကုန်းလမ်း ရေလမ်းများအားလုံး ပိတ်ဆို့ဖြတ်တောက်ခဲ့မှုကို ပြန်လည်ဖွင့်လှစ်ပေး ခဲ့ခြင်း သတင်းများကသာ လွှမ်းမိုးထားသည်။ 


စစ်ကောင်စီ၏ ထိုကဲ့သို့


ဖြတ်လေးဖြတ်ဗျူဟာသည် ပဋိပက္ခအတွင်း ပိတ်မိနေသော အရပ်သားပြည်သူများကို သိမ်းကျုံးပြီး အစားအစာဖြတ်တောက် သတ်ဖြတ်ရန် ကြိုးပမ်းမှု ဖြစ်သည်၊ 


နိုင်ငံတကာရာဇဝတ်ခုံရုံး၏ ရောမကျင့်ထုံးဥပဒေ (Rome Statute) ပုဒ်မ (၇/၁) လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှု (Crimes against Humanity) ၏ ပုဒ်မခွဲ (ဇ) အရ ရခိုင်လူမျိုးများအပေါ် နိုင်ငံရေးနှင့် လူမျိုးရေးအရ အကြမ်းဖက် ဖိနှိပ်ရက်စက်ခြင်း (Persecution) ကျူးလွန်ရာမြောက်သည်။ 


ထို့အပြင် အရပ်သားပြည်သူများကို အစုအပြုံလိုက် အပြစ်ပေးခြင်း (Collective Punishment) ဖြစ်သဖြင့် ၁၉၄၉ ခုနှစ် ဂျနီဗာကွန်ဗန်ရှင်းကို ချိုးဖောက်ခြင်း ဖြစ်ပြီး စစ်ရာဇဝတ်မှုလည်း မြောက်သည်။ 


ထိုပြစ်မှုများကို စစ်ကောင်စီသည် ရခိုင်ဒေသတစ်ခုတည်းတွင် ကျူးလွန်နေခြင်းမဟုတ်ဘဲ ယခုအခါ အဆိုးရွားဆုံး ခံစားနေရသော ဒေသများမှာ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးက ပြည်သူများဖြစ်သည်။ ကချင်၊ ကရင်၊ ကရင်နီနှင့် ချင်းကဲ့သို့ တိုင်းရင်းသားဒေသများတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေသည်။


ရခိုင်တွင် အပစ်ရပ်စဲခြင်းကြောင့် စစ်ကောင်စီ ရရှိခဲ့သော အကျိုးအမြတ်များ


မြန်မာတစ်နိုင်ငံလုံးတွင် စစ်မျက်နှာ အများအပြားကို ရင်ဆိုင်နေရသော စစ်ကောင်စီအတွက် AA နှင့် အပစ်ရပ်စဲ လိုက်နိုင်ခြင်းကြောင့် စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေး အကျိုးအမြတ်များ ရရှိသွားသည်။


စစ်ရေးအရ စစ်ကောင်စီသည် ရခိုင်ဒေသတွင် သုံးစွဲနေရသော ၎င်းတို့၏ စစ်အင်အားများကို ချွေတာနိုင်ပြီး၊ စစ်ကိုင်း၊ မကွေး၊ ကချင်၊ ကရင်၊ ကရင်နီနှင့် ချင်းတို့တွင် အကြမ်းဖက်မှုများ တိုး၍ ပြုလုပ်နိုင်မည်ဟု လေ့လာသုံးသပ်မှုများ ရှိနေပါသည်။ 


သံတမန်ရေးအရ အမြတ်ထုတ်နိုင်သည့် အခြေအနေလည်း ရှိနေသည်၊ AA နှင့် အပစ်ရပ်စဲခြင်းကို “လူသားချင်းစာနာထောက်ထားမှု” ခေါင်းစဉ်တပ်ခဲ့ခြင်းသည် အမှုမဲ့မဟုတ်ပါ။ ထိုဖြစ်စဉ်ကို


အပစ်ရပ်စဲခြင်း၊ စေ့စပ်ညှိနှိုင်းခြင်းနှင့် လူသားချင်းစာနာမှုအရ ကုန်းလမ်း ရေလမ်းတို့ကို ပြန်လည်ဖွင့်လှစ်ပေးခြင်းတို့သည် အာဆီယံ “တူညီဆန္ဒ ၅ ရပ်” ကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်ဟု ဆိုကာ အာဆီယံကို သံတမန်ရေးအရ ထပ်မံလှည့်ဖြား ဆွဲဆောင်နိုင်ပါသည်။


AA နှင့်သာမက အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း အပစ်ရပ်ရန်၊ ဆွေးနွေးရန်   ကြိုးပမ်းနေသည်ဟုလည်း အာဆီယံကို  ပြောကောင်း ပြောနိုင်သည်။


ဤသို့ဖြင့်


ရခိုင်တွင် ဖြတ်လေးဖြတ်စစ်ဆင်ရေးနှင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခဲ့သော စစ်ကောင်စီသည် ကိုယ့်ကိုယ်ကိုယ် အလွန်လူသားဆန်သော လုပ်ရပ်ကို လုပ်ဆောင်ခဲ့လေဟန် ဟန်ဆောင်ပြီး၊ ချိုးဖောက်ခဲ့သော ပြစ်မှုများကို ဖုံးကွယ်ယုံမျှမက ကယ်တင်ရှင်သဖွယ် ပြုမူပေလိမ့်မည်။


တဖန် ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့်မရသော စစ်ကောင်စီသည် AA နှင့် အပစ်ရပ်စဲခြင်းကို အကြောင်းပြပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၅၃၂ ကို အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း ကုလ သမဂ္ဂအသိုင်းအဝန်းတွင် မဲဆွယ်နိုင်ပါသည်။ 


စစ်ကောင်စီကို လိုလားသော အိမ်နီးချင်း ထိုင်းနှင့် တရုတ်တို့ကလည်း ထိုဖြစ်ရပ်အပေါ် တိုးတက်မှုတစ်ခုအဖြစ် အာဆီယံနှင့် ကုလသမဂ္ဂတွင် ကူညီပြီး မဲဆွယ်နိုင်ပါသည်။


စစ်ကောင်စီ၏ သွေးခွဲရေးဗျူဟာ ကျင့်သုံးမှု ရပ်တန့်ရေး အရေးကြီးမှု


ပြည်တွင်းနိုင်ငံရေးတွင် သမိုင်းအစဥ်အဆက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက်မှ တစ်ဖွဲ့နှင့် အဆင်ပြေအောင်ညှိပြီး အခြားအဖွဲ့ကို မီးကုန်ယမ်းကုန် မြေလှန်စနစ်ဖြင့် စစ်ဆင်မည့်  သွေးခွဲရေးဗျူဟာကို အရှိန်မြှင့်ကျင့်သုံးလာမည်။ 


ထို့အတွက်


AA နှင့်အပစ်ရပ်စဲခြင်းအပေါ် ပုံကြီးချဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်းအကြား ထင်ယောင်ထင်မှားဖြစ်ကာ စည်းလုံးညီညွတ်မှု ပြိုကွဲရန် လုပ်ဆောင်မည် ဖြစ်သည်။


ထိုအချက်ကို လက်နက် ကိုင်အဖွဲ့အစည်းများက ကောင်းစွာသိရှိထားကြသော်လည်း၊ ၎င်းတို့အချင်းချင်းအကြား လူမျိုးစုအခြေခံသော မူဝါဒများကြောင့် ညီညွတ်ရေး တည်ဆောက်နိုင်ခြင်းမရှိကြပါ။ 


တိုင်းရင်းသားလူမျိုးစုအလိုက် မိမိလူမျိုးနှင့် နယ်မြေအပေါ်အခြေခံသော စစ်ရေးမူဝါဒများကိုသာ စွဲကိုင် ထားပြီး စစ်ကောင်စီကို ရင်ဆိုင်နေခြင်းထက်၊ တိုင်းပြည်တစ်ခုလုံးကို လွှမ်းခြုံသော စစ်ရေးမူဝါဒများဆီသို့ ရှေ့ရှု နိုင်မှသာ စစ်ကောင်စီ၏ သွေးခွဲစစ်ဆင်ရေး ဗျူဟာ ရပ်တန့်သွားနိုင်မည် ဖြစ်ပြီး၊ စစ်တပ် အင်အားချိနဲ့သွားရန် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ 


ထို သွေးခွဲစစ်ဆင်ရေးဗျူဟာ ရပ်တန့်သွားသည်နှင့် စစ်တပ်၏ အခြေခံကျသော အားနည်းချက်များ အလို အလျောက်ပေါ်ထွက်လာပြီး စစ်မျက်နှာအားလုံးတွင် အရှုံးနှင့်ရင်ဆိုင်လာရမည် ဖြစ်သည်။ အကြောင်းရင်းမှာ စစ်လက်နက်ပစ္စည်း မည်မျှ ကြီးမားစွာပိုင်ဆိုင်ထားပါစေ၊ စစ်သည်အင်အား မရှိပါက စစ်ရှုံးမည်သာ ဖြစ်သည်

Show More

Related Articles

Back to top button