သတင်း

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က လက်နက်ကြီးဖြင့် တိုက်ခိုက်

ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ (ဧပြီ ၉) ညပိုင်းတွင် ရခိုင်ပြည်နယ်တောင်ပိုင်း အမ်းမြို့မှ တစ်မိုင်ခန့်အကွာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒေသအတွင်းတိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) က  ယမန်နေ့ (ဧပြီ ၉) ညပိုင်းတွင် ရခိုင်ပြည်နယ်တောင်ပိုင်း အမ်းမြို့မှ တစ်မိုင်ခန့်အကွာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒေသအတွင်းတိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

ည ၇ နာရီခွဲခန့်တွင် နပခကို လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးဟု အမ်းစစ်ရေးအခြေအနေ စောင့်ကြည့်သူတစ်ဦးက Myanmar Now ကို ပြောသည်။

“(နပခ) မှာ လက်နက်ကြီးတွေပေါက်ကွဲမှုတွေရှိတယ်လို့ အနီးအနားကလူတွေက ပြောကြပါတယ်။ မြေပြင်မှာ ရှိနေတဲ့ AA တပ်ဖွဲ့ဝင်တွေကို ကျွန်တော်တို့ ဆက်သွယ်ကြည့်တော့လည်း လှမ်းပစ်တာရှိတယ်လို့ သိရတယ်” ဟု AA နှင့်လည်း နီးစပ်သော ထိုသူက ဆိုသည်။

အလားတူ ယမန်နေ့က အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအနီးရှိ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) လက်အောက်ခံ တောဟိန်းတောင်ဗျူဟာတွင်လည်း တိုက်ပွဲပြင်းထန်နေသလို နပခအနီးဝန်းကျင် နတ်စင်တောင်အနီး တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီဘက်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူတို့ဖြင့် ခုခံစစ်ဆင်နွှဲနေကြောင်း ၎င်းက ဆက်ပြောသည်။

ရက္ခိုင့်တပ်တော် (AA) ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်သားများ။ (ဓာတ်ပုံ – AA)

“နပခရယ်၊ တိုင်းဆေးရုံရယ်၊ ပဲပဒုံစစ်ဆေးရေးဂိတ်က စစ်သားတွေဟာ ထွက်ပြေးနေကြတယ်။ တချို့က AA နဲ့ နဂိုကပင် အဆက်အသွယ်ရတာမရှိ၊ အထဲမှာလည်း တင်းကျပ်မှုရှိလို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထွက်ပြေးတာရှိတယ်။ အဓိကတော့ နပခကို AA က လက်နက်ကြီးနဲ့ ပစ်ခတ်မှုရှိလာတဲ့အခါ နပခဟာ ခြိမ်းခြောက်ခံရမှုရှိလာလို့ စစ်ကောင်စီတပ်သားတွေဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီး ထွက်ပြေးနေရတာကို ကျွန်တော်တို့သိရတယ်”

မင်းပြားနှင့် လတ်တလောဖြစ်ပွားနေသော အမ်းမြို့နယ် တိုက်ပွဲများအတွင်း စစ်ရှုံးလာသည့် စစ်သားများသည် နယ်မြေထိစပ်နေသော မကွေးတိုင်းအတွင်းနှင့် နီးစပ်ရာဒေသများသို့ ထွက်ပြေးမှုများရှိနေရာ စစ်သား ၆ ဦးကို AA ၏ မဟာမိတ်အဖွဲ့ဖြစ်သော လူထုတော်လှန်ရေးမဟာမိတ် (PRA-Magway) အဖွဲ့က ဖမ်းမိခဲ့သည်။

အမ်းမြို့နယ်အတွင်း စစ်တပ်နှင့် AA တို့သည် မတ် ၂၄ ရက်မှ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်သည် မြို့နယ်အစပ်လမ်းများကို ပိတ်လိုက်ပြီး ၎င်းတို့ ထောက်ပို့လမ်းကြောင်းအဖြစ် အမ်း-ပဒါန်းလမ်းကို အသုံးပြုနေ၍ အဆိုပါလမ်းကို AA က ဧပြီ ၂ ရက်မှစကာ အကန့်အသတ်မရှိ ပိတ်ထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီကို လက်နက်ကိုင်တပ်အများအပြား တိုက်ခိုက်နေကြသော်လည်း မည်သည့်လက်နက်ကိုင်တပ်ဖွဲ့ကမျှ စစ်ကောင်စီတပ်၏ တိုင်းစစ်ဌာနချုပ်ကို ခြိမ်းခြောက်နိုင်ခြင်း၊ သိမ်းပိုက်နိုင်ခြင်းမရှိသေးပေ။

AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရရှိခဲ့ပါက တိုင်းစစ်ဌာနချုပ်တစ်ခုကို သိမ်းပိုက်ရရှိသော ပထမဆုံးသောလက်နက်ကိုင်တပ်ဖွဲ့ဖြစ်လာမည်။

နပခကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုသည် စစ်ပွဲကာလအတွင်း သိပ်ထူးဆန်းသည့်ကိစ္စမဟုတ်ဘဲ တိုက်ပွဲများ ဆက်ပြင်းထန်နေကြောင်း AA ၏ ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

“လက်ရှိတိုက်ပွဲအခြေအနေကတော့ ဘူးသီးတောင်၊ မောင်တောဘက်မှာ တိုက်ပွဲပြင်းထန်နေတယ်။ နောက် အမ်းဘက်မှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်” ဟု သူက ဆိုသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ကို ၂၀၂၄ မတ်လ ၈ ရက်နေ့က သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – AA)

အရပ်သားထိခိုက်မှုများ

စစ်ရေးပြင်းထန်နေသည့် အမ်းမြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်သဖြင့် ကြောင်ဖြူကွင်းရွာမှ အသက် ၉ နှစ်အရွယ် မောင်ဆန်းလင်းထွန်း သေဆုံးကာ ဒိုင်ကလေကျေးရွာတွင်လည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသမီးတစ်ဦးနှင့် လူငယ်သုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း အထက်ပါ အမ်းဒေသခံက ပြောသည်။

အလားတူ သံတွဲမြို့နယ်တွင် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ရေတပ်က လက်နက်ကြီးဖြင့် ပစ်သဖြင့် လူငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားသည်ဟု သံတွဲဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ပြင် ယနေ့ (ဧပြီ ၁၀) နံနက် ၈ နာရီခွဲခန့်ကလည်း ရမ်းဗြဲ-မာန်အောင်ရေလက်ကြားတွင် ရပ်ထားသည့် စစ်ရေယာဉ်က လက်နက်ကြီးပစ်သဖြင့် ရမ်းဗြဲမြို့နယ်၊ ရွာသာယာကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ဒေါ်အေးသန်းမြင့် လက်နက်ကြီးထိမှန်ခဲ့ပြီး ဆေးကုသနေစဉ် သေဆုံးသွားသည်။

အလားတူ ထိုစစ်ရေယာဉ်က ထပ်မံပစ်ခတ်မှုကြောင့် ရမ်းဗြဲမြို့နယ်၊ ပုညဝတီရွာမှ ဒေါ်လှိုင်လှိုင်ကြူဆိုသူမှာ လည်ပင်း၊ လက်၊ ခြေတို့တွင် ဒဏ်ရာပြင်းထန်စွာရရှိသွားသည်ဟု ရမ်းဗြဲဒေသခံတစ်ဦးကလည်း ပြောသည်။

“တိုက်ပွဲမရှိဘဲနဲ့ ပစ်တာကတော့ တစ်ဖက်သတ် လူတွေကို လက်တည့်စမ်းတဲ့သဘောမျိုးပေါ့။ လူတွေရဲ့ အကျိုးစီးပွားကို ထည့်တွက်ခြင်းမရှိဘဲနဲ့ ထင်သလိုပစ်နေတာက ဘယ်ကောင်းပါ့မလဲ။ ဒါကတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စတွေ” ဟု ၎င်းက ဆိုသည်။

ကချင်ပြည်နယ်၊ လိုင်ဇာတွင် လူဆယ်ဂဏန်းဖြင့် ၂၀၀၉၊ ဧပြီ ၁၀ တွင် စတင်တည်ထောင်ခဲ့သော AA သည် ယနေ့ ဧပြီ ၁၀ ရက်တွင် ၁၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကာ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ တရားဝင်ပြောဆိုချက်အရ အင်အား ၄၀၀၀၀ ရှိလာသည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။

စစ်တွေ၊ ကျောက်ဖြူကဲ့သို့ စစ်ကောင်စီထိန်းချုပ်နယ်မြေတွင် ပိတ်မိနေသော အရပ်သားပြည်သူများအနေဖြင့် အဆင်ပြေသည့်နည်းလမ်းဖြင့် လွတ်မြောက်နယ်မြေများတွင် နေထိုင်ရန် အကြံပြုလိုသည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယနေ့ကျရောက်သည့် ရက္ခိုင့်တပ်တော်နေ့တွင် ထုတ်ပြန်သော သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားသည်။

“အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်စရာတွေကို ပြင်ဆင်ရပါမယ်” ဟု တပ်မှူးချုပ်က ဆိုသည်။

၂၀၀၉ မှ ၂၀၁၉ ဧပြီပထမပတ်အထိ ရက္ခိုင့်တပ်မတော် (AA)ဟုလည်းကောင်း၊ ၂၀၁၉ ဧပြီ ၁၀ မှ ၂၀၂၄ ဧပြီ ၉ ရက်အထိ ရက္ခိုင့်တပ်တော် (AA) ဟုလည်းကောင်း ပြောင်းလဲသုံးစွဲလာရာမှာ ၂၀၂၄ ယနေ့တွင် အာရက္ခတပ်တော် (AA) ဟု စတင်ပြောင်းလဲသုံးစွဲသည်။

Show More

Related Articles

Back to top button