သတင်း

အမ်းတိုက်ပွဲ ဆက်ပြင်းထန်နေ၊ စစ်သားများ မကွေးတိုင်းထဲ ထွက်ပြေး

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် စစ်ကောင်စီက ကြည်း၊ ရေ ၊ လေတပ်များဖြင့် ခုခံစစ်ဆင်နေပြီး တပ်ဖွဲ့ဝင်တချို့သည် နယ်မြေထိစပ်နေသော မကွေးတိုင်းအတွင်းသို့ ထွက်ပြေးခဲ့ကြသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့နယ်ရှိ စစ်စခန်းများကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သည် နယ်မြေထိစပ်နေသည့် မကွေးတိုင်းဘက်သို့ ထွက်ပြေးသွားကြသည်။

မတ် ၂၄ ရက်က စတင်တိုက်ခိုက်ခဲ့ပြီးနောက် မတ် ၂၆ ရက်တွင် နပခအနီးရှိ ထောက်ပို့တပ်ရင်းတစ်ခုနှင့် ခြေမြန်တပ်ရင်း (ခမရ) ၃၇၂ တို့သည် နပခဌာနချုပ်သို့ ဆုတ်ခွာသွားကြသည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိတွင် AA သည် အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအနီးရှိ တောဟိန်းတောင်ဗျူဟာနှင့် အနီးဝန်းကျင်စခန်းတချို့ကို ထိုးစစ်ဆင်နေကြောင်း၊ နပခနှင့် တစ်မိုင်ခန့်အကွာ စစ်မြေပြင်အင်ဂျင်နီယာတပ် (GE) ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မနေ့က ည ၁၀ နာရီလောက်အထိတော့ လေယာဉ်ရော၊ ရေယာဉ်ရော၊ ကုန်းကြောင်းကပင် တောက်လျှောက် လက်နက်ကြီးနဲ့ပစ်တာ ရှိပါတယ်။ အထူးသဖြင့်တော့ နတ်စင်တောင်နောက်ကျော၊ ပြီးရင် GE တပ် တောင်တန်းတွေကိုပေါ့။ အဲဒီဘက်မှာ AA က စစ်မျက်နှာဖွင့်ထားတဲ့အတွက် လှမ်းပြီးပစ်တာရှိတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ၎င်းက ဆိုသည်။

တောဟိန်းတောင်ဗျူဟာနှင့် အနီးအနားရှိစခန်းတချို့ကို အပြီးသတ်သိမ်းနိုင်ရန် ကြိုးပမ်းနေကြောင်းသာ AA က ထုတ်ပြန်ထားသော်လည်း GE တပ်ပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေမှုကို ဖော်ပြခြင်း မရှိပေ။

အလားတူ အမ်းမြို့နယ်၊ ကဇုကိုင်းအနီးရှိ မြေပုံမြို့နယ်၊ စညှင်းကျေးရွာအရှေ့ဘက်ရှိ စစ်ကောင်စီ ပွိုင့်(၂၅၇) စခန်းကို တိုက်ခိုက်နေကြောင်း AA က ဆိုသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်စခန်းများတည်နေရာပြမြေပုံ။

ထိုစခန်းသည် စစ်ကောင်စီ၏ ရှေ့တန်းအမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ အောက်တွင်ရှိသော နည်းဗျူဟာ အမှတ် (၃) စခန်းဖြစ်သည်။

ထိုစခန်းမကျစေရေးအတွက် လေကြောင်းပစ်ကူများဖြင့် ခုခံ ကာကွယ်နေကြောင်း၊ ထိုးစစ်ကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း အရှိန်မြှင့်လျက်ရှိသောကြောင့် တိုက်ပွဲများပြင်းထန်နေကြောင်း AA ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AA သည် ရခိုင်ပြည်နယ်ရှိ မြို့နယ်အရေအတွက် ထက်ဝက်ခန့် သိမ်းပိုက်ထားပြီးဖြစ်သဖြင့် အမ်းမြို့ကို သိမ်းရန် ကြိုးပမ်းလာရာ မြို့တွင်းတိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများအသက်အန္တရာယ် စိုးရိမ်နေသည်။

သို့သော်လည်း စစ်ကောင်စီတပ်က မြို့ပတ်ပတ်လည်မှ ဝိုင်းရံပိတ်ဆို့ထားသည်ဟု အထက်ပါ အမ်းဒေသခံက ပြောသည်။

“မြို့ပေါ်မှာ ပြည်သူလူထု ၉၀ ရာခိုင်နှုန်းလောက် ရှိသေးတယ်။ သွားလာလို့မရဘူး။ စစ်ကောင်စီက အကုန်လုံးကို ပိတ်ထားတာ။ မြို့ပတ်ပတ်လည်ကို လုံခြုံရေးတင်းကျပ်ထားတယ်။ အမ်းမြို့မှာက စစ်တပ်ဧရိယာချည်းပဲ။ အဓိကတော့ သူတို့က ပြည်သူလူထုကို လူသားဒိုင်းကာထားတာ” ဟု ၎င်းက ဆိုသည်။

မတ် ၂၆ မှစတင်ကာ စစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားလာရာ စစ်တပ်သည် အမ်းမြို့နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသော မိုင် ၆၀ ကျော် ရှည်လျားသည့် ကားလမ်းများတွင် စစ်အင်အားတိုးချဲ့ခြင်း၊ တပ်ပြောင်းနှင့် ထောက်ပို့လမ်းကြောင်းအဖြစ် အသုံးပြုနေသည်ဟု AA ဘက်က ဆိုသည်။

ထို့ကြောင့် ဒေသနှစ်ခု အဓိက ဆက်သွယ်ထားရာ အမ်း-ပဒါန်းလမ်းကို ပိတ်လိုက်ကြောင်း AA က ဧပြီ ၂ တွင် ကြေညာသည်။

ထိုလမ်းသည် စစ်ကောင်စီ အသုံးပြုနေသောလမ်းဖြစ်သည်ဟု အထက်ပါ အမ်းဒေသခံက ပြောသည်။

ရခိုင်-မကွေးနယ်စပ်ပြမြေပုံဖြစ်သည်။

“စစ်ကောင်စီက ကုန်းကြောင်း၊ ရေကြောင်းကို စပိတ်ထားတုန်းက အမ်း-တပ်တောင်၊ စစ်တွေ-အမ်းရယ်၊ အမ်း-မအီရယ် သုံးလမ်းကို စစ်ကောင်စီက ပိတ်ထားပြီးတော့ အမ်း-ပဒါန်းလမ်းကို ဖွင့်ထားတာ။ အခု AA က ပိတ်တော့ ကောင်းတယ်လို့ ပြောလို့ရတယ်။ သူတို့ (စစ်ကောင်စီ) အတွက် လမ်းတစ်လမ်းပဲ ထားပြီး ကျန်တဲ့ ပြည်သူတွေအတွက် ကုန်းလမ်း၊ ရေလမ်း စစ်ကောင်စီက ပိတ်ထားပြီးဖြစ်လို့လေ” ဟု ပြောသည်။

“သူတို့အတွက်ပဲ အဓိက ဖွင့်ထားတာ အဲ့လမ်းက။ ပြည်သူသွားလာလို့ရတဲ့လမ်းမဟုတ်ဘူး။ စစ်ကောင်စီအတွက် အဓိက လမ်းတစ်လမ်းပဲ”

မတ်လ ၂၆ ရက်နေ့နှင့် ၂၈ ရက်နေ့တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သားဆယ်ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။ 

ရခိုင်တွင် စစ်ရှုံးပြီး ပြေးလာသူများ

အမ်းဒေသတိုက်ပွဲများအတွင်း စစ်ရှုံးလာပြီးနောက် မကွေးနှင့် နီးစပ်ရာဒေသများသို့ ထွက်ပြေးမှုများရှိလာရာ ဧပြီ ၁ ရက်က ခမရ (၃၄၆) မှ တပ်ဖွဲ့ဝင် လေးဦးနှင့် မတ် ၂ ရက်တွင် မင်းပြားမြို့နယ်ရှိ အမှတ် (၉) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ ထွက်ပြေးလာသော ခလရ ၆၃ မှ စစ်သား ၂ ဦးတို့ကို မကွေးတိုင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့က ဖမ်းမိခဲ့သည်။

ဖမ်းဆီးခံရသူများသည် လက်နက်များသယ်ဆောင်လာခြင်းမရှိဘဲ အရပ်ဝတ်များဖြင့် သွားလာနေခြင်းဖြစ်ပြီး မသင်္ကာသဖြင့် စစ်ဆေးစဉ် စစ်ရှုံးပြီး ထွက်ပြေးလာသည့် စစ်သားများဖြစ်ကြောင်း သိရသည်ဟု PRA-Magway (People’s Revolution Alliance) အဖွဲ့၏ စစ်ရေးတာဝန်ခံ ကိုနောင်သူရိန်က ဆိုသည်။

“ပထမ ၂ ယောက်ကတော့ စေတုတ္တရာထဲမှာ မိတာ၊ နောက် ၄ ယောက်ကတော့ ငဖဲမြို့နယ်ထဲမှာ မိတာပါ့၊ သူတို့ လေးယောက်ကတော့ စစ်တိုက်ဖို့ စုဖွဲ့တဲ့အချိန် နပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ကနေ ထွက်ပြေးလာတာလို့ သိရတယ်။ နောက်ထပ် ၅ ယောက်တစ်ဖွဲ့ ထပ်ထွက်ပြေးပေမဲ့ ပြန်ဖမ်းခံရတယ်လို့ သိရတယ်”

ဖမ်းဆီးခံရသူများမှာ လက်နက်ကြီးဌာနမှ ဒုတပ်ကြပ်တစ်ဦးနှင့် တပ်သားအဆင့်များဖြစ်ကြောင်း သိရသည်။

အဆိုပါ ၆ ဦးလုံးကို စစ်ဆေးမေးမြန်းနေပြီး လိုအပ်ပါက AA ထံ လွှဲပြောင်းသွားမည်ဟု ဆိုသည်။

အမ်းတိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားလေးဦးကို ဖမ်းဆီးမိစဉ်။ (ဓာတ်ပုံ-PRA) 

ထို့ပြင် မကွေးနှင့် ရခိုင်ပြည်နယ်စပ်တွင် လှုပ်ရှားသည့် ကျောင်းသားလက်ရုံးတပ် (SAF) ကလည်း ယခင်လက အမှတ် (၉) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ ထွက်ပြေးလာသည့် စစ်တွေမြို့ရဲတပ်ရင်း အမှတ် (၃၆) မှ ရဲတပ်ကြပ်ကြီးမျိုးဇော်ကို ဖမ်းဆီးရရှိခဲ့ပြီး AA ထံ လွှဲပြောင်းပေးခဲ့ဖူးသည်။

AA နှင့် နီးစပ်သည့်၊ မကွေးတိုင်းတွင် အခြေစိုက်သည့် လူထုတော်လှန်ရေးမဟာမိတ် (PRA-Magway) သည် ငဖဲမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းရန် တိုက်တွန်းထားပြီး စစ်ကောင်စီယန္တရားလည်ပတ်ရန် ကူညီနေသည့် ဌာနဆိုင်ရာဝန်ထမ်းများလည်း နုတ်ထွက်ကြရန် PRA က သတိပေးထားသည်။

AA သည် ဧပြီ ၁ မှ စတင်ကာ ဘူးသီးတောင်မြို့ရှိ စကခ (၁၅) လက်အောက်ခံ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ခမရ (၅၅၂) တပ်ရင်းကို မတ်၂၅ တွင် အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်သည်။

အလားတူ မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို AA က ဆက်လက်ထိုးစစ်ဆင်နေပြီး တစ်လနီးပါးကြာ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေသည့် ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကိုလည်း ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေသည်ဟု AA က ယမန်နေ့တွင် ထုတ်ပြန်သည်။

AA သည် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားပြီး တစ်ဖက်တွင် စစ်ကောင်စီကလည်း ထိုမြို့နယ်များကို လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်သဖြင့် အရပ်သားသေဆုံး၊ ဒဏ်ရာရရှိမှု မြင့်တက်လာနေသည်။

၂၀၂၃ နိုဝင်ဘာ ၁၃ မှ စတင်သော AA နှင့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့လည်း ရာချီ ထွက်ပြေးခဲ့ဖူးပြီး သက်ဆိုင်ရာနိုင်ငံများက အကြိမ်ကြိမ်ပြန်ပို့ခဲ့ရသည်။

Show More

Related Articles

Back to top button