သတင်း

မောင်တောခရိုင် စစ်စခန်းများကို AA သိမ်းပိုက်

မြို့ ၉ မြို့ သိမ်းထားသည့် AA က ဘူးသီးတောင်နှင့် မောင်တောတို့ကို အပြင်းအထန်ထိုးစစ်ဆင်နေသလို တောင်ကုတ်၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲတို့တွင်လည်း စစ်ရိပ်သန်းလာသည်ဟု ဒေသခံများက ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောခရိုင်မှ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်နေရာ စစ်သားရာနှင့်ချီ လက်နက်ချကြသည်ဟု သိရသည်။

AA တပ်ဖွဲ့များက လပေါင်းများစွာ ပိတ်ဆို့ ဖြတ်တောက်ထားသည့် မောင်တောမြို့နယ်၊ တမန်းသား ရဲကင်းစခန်းကို မတ်၂၅ ရက်တွင် သိမ်းပိုက်လိုက်ရာ အင်အား ၁၀၀ ခန့်ရှိ စစ်သားများက တစ်ဖက်နိုင်ငံဘက်သို့ ထွက်မပြေးခဲ့ဘဲ AA ထံ လက်နက်ချခဲ့ကြသည်။

အလားတူ ဖေဖော်ဝါရီ ၂၄ ရက်မှ စ၍ တစ်လကျော်ကြာ ထိုးစစ်ဆင်ခဲ့သော ဘူးသီးတောင်မြို့ အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ခြေမြန်တပ်ရင်း အမှတ် (၅၅၂) စခန်းကို မတ်၂၅ ရက်နေ့ မွန်းတည့်ချိန်တွင် AA က အပြီးသတ်သိမ်းပိုက်ခဲ့သည်။

အဆိုပါ စခန်းကို မြေပြင်စစ်ကြောင်း၊ လေကြောင်းတို့ဖြင့် အပြင်းအထန် ခုခံနေသည့်ကြားမှ တိုက်ခိုက်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု AA က ယမန်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

လက်နက်ခဲယမ်း၊ စစ်ကောင်စီတပ်အလောင်းများနှင့်အတူ လက်နက်ချအညံ့ခံသူတချို့ကို လက်ရဖမ်းဆီးမိခဲ့သလို ထွက်ပြေးနေသူများကို လိုက်လံဖမ်းဆီးလျက်ရှိသည်ဟု ဆိုသည်။

ရခိုင်အလယ်ပိုင်း အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ခံဖြစ်သော စကခ (၁၅) သည် ဘူးသီးတောင်မြို့တွင် အခြေစိုက်ပြီး AA သိမ်းပိုက်ရရှိသည့် ခမရ ၅၅၂ အပါအဝင် ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅၊ ၅၅၁ ၊ ၅၆၄၊ ၅၆၅ တပ်ရင်းများ၊ ခြေလျင်တပ်ရင်း (ခလရ) ၂၃၃၊ ၂၃၄၊ ၂၆၃၊ အမြောက်တပ်ရင်း (အမတ) ၃၇၈ တို့ ရှိကြသည်။

 ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့ သင်္ဘောဆိပ်ကို ၂၀၂၁ ဇွန်လအတွင်းက တွေ့ရစဉ်။​ (ဓာတ်ပုံ – Myanmar Now)

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့ရှိ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးတို့တွင် အခြေစိုက်သော ခြေမြန်တပ်ရင်း ၁၀ ရင်းလုံးကို ဇန်နဝါရီလဆန်းမှ ဖေဖော်ဝါရီ ၇ ရက်အတွင်း AA က သိမ်းခဲ့ပြီးဖြစ်သည်။

နပခလက်အောက်ခံများဖြစ်သော စကခ (၅) သည် တောင်ကုတ်တွင်လည်းကောင်း၊ စကခ (၁၅) သည် ဘူးသီးတောင်တွင်လည်းကောင်း အခြေစိုက်သည်။

စကခ၏ လက်အောက်ခံ ခြေမြန်တပ်ရင်းများသည် မူလဖွဲ့စည်းပုံအရ စစ်အင်အား ၈၇၅ ဦး အထိ ရှိသော်လည်း တိုက်ပွဲသတင်းဖော်ပြချက်များအရ အင်အား ၂၀၀ နီးပါးခန့်သာ ရှိသည်ကို တွေ့ရသည်။

လက်ရှိတွင် မောင်တောမြို့နယ်အတွင်း ကြိမ်ချောင်း၊ ကျီးကန်းပြင်၊ မြို့သူကြီး နခခ(၅)၊ မောရဝတီ၊ အင်းဒင်၊ အလယ်သံကျော်စသည့် စစ်တပ်စခန်းများကို တိုက်ခိုက်ရန်ကျန်သေးကြောင်း ဒေသခံများက ပြောကြသည်။

AA သည် ရခိုင်မြောက်ပိုင်းကို အပြီးသတ်သိမ်းနိုင်ရန် လက်ကျန်ဖြစ်သော မောင်တော၊ ဘူးသီးတောင်မြို့နယ်များကို ရရှိရေးအတွက် အပြင်းအထန်ထိုးစစ်ဆင်နေသလို ပြည်နယ်မြို့တော်ကိုလည်း အဘက်ဘက်က ဝိုင်းရံပိတ်ဆို့ထားသည်ဟု သိရသည်။

လက်နက်ချထားသော မောင်တောမြို့နယ်၊ တမန်းသားရဲကင်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA က ထုတ်ပြန်ထားစဉ်။

ဘေးမကင်းသည့် မြို့တော်စစ်တွေ

စစ်ကောင်စီတပ်ကလည်း စစ်တွေမြို့ဝန်းကျင်တွင် လုံခြုံရေးထူထပ်စွာချထားပြီး ညဘက်တွင် တစ်အိမ်တက်ဆင်း ဧည့်စာရင်းစစ်နေကြောင်း မြို့ခံများထံမှ သိရသည်။

မတ် ၂၅ ၊ ည ၁၀ နာရီခန့်တွင် မင်းဂံနှင့် ကန်တော်ကြီးရပ်ကွက်တို့ကို ဧည့်စာရင်းဝင်စစ်သူတို့က ဒေသခံ ၁၅ ဦးကို ရိုက်နှက်ဖမ်းဆီးသွားပြီး အမှတ် (၂) ရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု မြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

“ရဲနဲ့စစ်သားနဲ့ပေါင်းပြီး ဝင်တယ်။ လူမရှိတဲ့အိမ်တွေကို သော့တွေကို ရိုက်ခွဲပြီး ဝင်တယ်။ တချို့အိမ်တွေကျတော့ ဖျက်ဆီးခံရတာတွေရှိတယ်။ ထွက်ပြေးတဲ့လူတွေကို ပစ်ဖို့ဆိုပြီး ပြောခဲ့တယ်။ ၁၂ နာရီခွဲလောက်မှာ သေနတ် သုံးကြိမ် ဖောက်ခဲ့တယ်”

“အဲဒါပြီးတာနဲ့ အိမ်တွေကို ဝင်စစ်တယ်။ တချို့က စစ်သားစုဆောင်းမှာကို ကြောက်ပြီး ထွက်ပြေးကြတယ်။ အဲဒီလူတွေကို ဖမ်းခေါ်သွားတယ်” ဟု ၎င်းက ဆိုသည်။

အလားတူ မတ် ၂၄၊ ည ၉ နာရီခန့်က ဖမ်းသွားသည့် မကျည်းမြိုင်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းနှင့် မိသားစုဝင် ၅ ဦးတို့ကို မည်သည့်နေရာတွင် ချုပ်နှောင်ထားကြောင်း မသိရသေးဟု ဒေသခံနှစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးသိန်းရွှေမောင် (၆၅ နှစ်)၊ သမီးများဖြစ်သော မပန်းနုခိုင် (၃၃ နှစ်)၊ မခိုင်ခိုင်(ခ)မြတ်နှင်းခိုင် (၃၈ နှစ်)၊ သားမက်များဖြစ်သော ကိုဘိုဘိုနိုင် (၃၉ နှစ်)၊ ကိုသားငယ် (၃၅ နှစ်) နှင့် မြေးဖြစ်သူ မသိင်္ဂီအောင် (၁၉ နှစ်) တို့ ဖြစ်ကြသည်။

လက်ရှိတွင် စစ်တွေမြို့ ဒေသခံအများစုသည် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ ​ဘေးလွတ်မည်ဟု ယူဆရသည့် နေရာများထံ ထွက်ပြေးသွားကြသည်ဟု မြို့ခံနောက်တစ်ဦးက ဆိုသည်။

“ကျန်လိုက်တဲ့လူတွေလည်း ထွက်ပြေးဖို့ မလွယ်တော့ဘူး။ ထွက်ပေါက်၊ ဝင်ပေါက်တွေမှာ သူတို့တွေ အချိန်ပြည့် စောင့်ကြည့်နေတာ” ဟု သူက ဆိုသည်။

AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။

ရခိုင်တောင်ပိုင်း တောင်ကုတ်၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲတို့တွင်လည်း စစ်ငွေ့စစ်ရိပ်သန်းလာနေပြီဟု ဒေသခံများထံမှ သိရသည်။

ထို့အတူ တစ်လနီးပါး ဝိုင်းရံပိတ်ဆို့ထားပြီး အတိုင်းအတာတစ်ခုထိ သိမ်းပိုက်ရယူထားပြီဖြစ်သော မောင်တောမြို့ရှိ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကိုလည်း အပြီးသတ်သိမ်းနိုင်ရေးအတွက် ထိုးစစ်ကို ဆက်လက်အရှိန်အဟုန်မြှင့်လျက်ရှိသည်ဟု AA ဘက်က ထုတ်ပြန်ထားသည်။

လက်နက်ချအညံ့ခံသောသူများကို ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ စစ်ကောင်စီကမူ ထိုအခြေအနေများနှင့် ပတ်သက်ပြီး တုံ့ပြန်ခြင်း၊ သတင်းထုတ်ပြန်ခြင်း မရှိပေ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပလက်ဝတိုက်ပွဲများတွင်လည်း တစ်ဖက် အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်သို့ ထွက်ပြေးကြသလို ဘင်္ဂလားဒေ့ရှ်နယ်စပ် စခန်းများမှလည်း ၅ ကြိမ်ထက်မနည်း ထွက်ပြေးခဲ့သောကြောင့် သက်ဆိုင်ရာ နိုင်ငံများက ပြန်ပို့ခဲ့ကြသည်။

 မောင်တောင်မြို့နယ် ကျီးကန်းပြင်အရပ်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ကွပ်ကဲရေးမှူးရုံးကို ၂၀၂၁ ခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

Show More

Related Articles

Back to top button