သတင်း

စကခ (၉) လက်အောက်ခံ ခြေမြန်တပ်ရင်း ၁၀ ရင်းလုံး AA သိမ်းယူ

အာဏာသိမ်းတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူတို့ကို သုံးနိုင်လင့်ကစား စကခ (၉) ၏ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး အခြေစိုက် တပ်ရင်းအားလုံးကို လက်လွှတ်လိုက်ရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့တွင် အခြေစိုက်သော အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ ခြေမြန်တပ်ရင်း ၁၀ ရင်းလုံးကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ (ဖေဖော်ဝါရီ ၇) တွင် သတင်းထုတ်ပြန်သည်။

ကျောက်တော်၊ မင်းပြား၊ မြောက်ဦးတို့တွင် အခြေစိုက်သော အဆိုပါ ခြေမြန်တပ်ရင်း ၁၀ ရင်းလုံးကို ဇန်နဝါရီလဆန်းမှ ဖေဖော်ဝါရီ ၇ ရက်အထိ တိုက်ပွဲများအတွင်း သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတပ်ရင်းများမှာ ကျောက်တော်အခြေစိုက် ခမရ ၃၇၄၊ ၃၇၅၊ ၃၇၆၊ ၅၃၉၊ မင်းပြားအခြေစိုက် ခမရ ၃၇၉၊ ၃၈၀၊ ၅၄၁၊ မြောက်ဦးအခြေစိုက် ခမရ ၃၇၇၊ ၃၇၈၊ ၅၄၀ တပ်ရင်းတို့ ဖြစ်ကြသည်။

ဖေဖော်ဝါရီ ၅ ရက်အထိ AA ထုတ်ပြန်ချက်အရ တပ်ရင်း ၈ ခုကို ကနဦး သိမ်းထားသည်၊ နောက်ဆုံး ရလိုက်သော စခန်း ၂ ခုမှာ ကျောက်တော် ခမရ ၃၇၅ နှင့် မြောက်ဦး ခမရ ၃၇၇ တို့ဖြစ်သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ခံ စကခ (၉) ကို ၁၉၉၅ ခုနှစ်က ကျောက်တော်မြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းစစ်ဆင်ရေးများ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တစ်ခုဖြစ်သည်။ တောင်ကုတ်တွင် စကခ (၅)၊ ဘူးသီးတောင်တွင် စကခ (၁၅) တို့ အခြေစိုက်သည်။

စကခတို့၏ လက်အောက်ခံ ခြေမြန်တပ်ရင်းများသည် မူလဖွဲ့စည်းပုံအရ စစ်အင်အား ၈၇၅ ဦးအထိ ရှိသော်လည်း၊ မြေပြင်စစ်အင်အားမှာ ၂၀၀ နီးပါးခန့်သာ ရှိတတ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်မျက်နှာဖွင့်ကာ တော်လှန်ရေးတပ်ဖွဲ့များကို ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်၏ တပ်ရင်းလိုက် စစ်ကြောင်းထိုးလေ့ရှိသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းများတွင် စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်သာရှိတတ်သည်ကို တွေ့ရသည်။

ရှမ်းမြောက်ဒေသတွင် ညီနောင် ၂ ဖွဲ့နှင့်အတူ ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် AA က ၂၀၂၃ နိုဝင်ဘာ ၁၃ တွင် ရခိုင်ပြည်နယ်အတွင်းမှ စစ်စခန်းများကိုလည်း စတင်ထိုးစစ်ဆင်ပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် ပေါက်တောမြို့တို့ကို ဦးစွာတိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

အခြားစစ်စခန်းများကိုဆက်လက်ထိုးစစ်ဆင်ရာတွင် မြို့ ၅ မြို့ထက်မနည်း တိုက်ခိုက်ခဲ့ပြီး မင်းပြား၊ ကျောက်တော်နှင့် မြောက်ဦးမြို့တို့တွင် အခြေစိုက်သည့် စစ်ကောင်စီ စခန်းကြီးငယ်နှင့် တပ်ရင်းများကို တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

မြောက်ဦးမြို့အခြေစိုက် အမှတ် (၃၁) ရဲတပ်ရင်းသာ ကျန်ရှိတော့ကြောင်း ယမန်နေ့က AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တစ်လကျော်ကြာထိုးစစ်အပြီးတွင် မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့တို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးထဲမှ မြောက်ဦး၊ ရဲတပ်ရင်း (၃၁) မှလွဲ၍ စခန်းအားလုံးကို ဖေဖော်ဝါရီ ၇ ရက်နေ့တွင် သိမ်းပိုက်ရယူထားပြီးဖြစ်သည်” ဟု ပါရှိသည်။

ဇန်နဝါရီ ၃၀ တွင် သိမ်းပိုက်ခဲ့သော မြောက်ဦးအခြေစိုက် ခမရ (၅၄၀) တပ်ရင်းမှ သိမ်းဆည်းရမိ လက်နက်ခဲယမ်းတချို့။ (ဓာတ်ပုံ-AA Info Desk)

ထို ခမရ ၁၀ ရင်းအပြင် ကျောက်တော်တွင် အမြောက်တပ်ရင်း (အမတ) ၃၇၇၊ တောင်ရှည်တောင်ဗျူဟာစခန်း၊ မြောက်ဦးမြို့တွင် သင်းကျစ်တော်တောင်စခန်း၊ မြောင်းဘွေကျေးရွာရဲစခန်း၊ ခရိုင်ရဲစခန်းတို့ကိုပါ AA က သိမ်းပိုက်ထားသည်။

မင်းပြားမြို့နှင့် ၂ မိုင်ကျော်အကွာတွင် တစ်ဆက်တစ်စပ်တည်း တည်ရှိနေသော ထိုတပ်ရင်း ၃ ရင်းကို ဇန်နဝါရီလကုန်နှင့် ဖေဖော်ဝါရီလဆန်းအတွင်း AA က တိုက်ခိုက်ချေမှုန်းခဲ့ခြင်းဖြစ်သည်။

မင်းပြားတွင် စစ်ကောင်စီတပ်စခန်းများ အသိမ်းခံရပြီးနောက် တိုက်ပွဲမရှိတော့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဒီမှာ အေးဆေးပါပဲ၊ သေနတ်သံတွေလည်း မကြားရတော့ဘူး။ အဝေးတွေကပဲ ကြားရတယ်၊ ပုဏ္ဏားကျွန်းဘက်ကလား မသိဘူး။ မြောက်ဦးဘက်ကလည်း မနက်ပိုင်းတော့ သေနတ်သံတစ်ကြိမ် ကြားတယ်။ ၃၁ တပ်ရင်းဘက်က ထင်တယ်။ ဒါပေမဲ့ တိုက်လေယာဉ်အသံ၊ ဟိုအသံ၊ ဒီအသံ ပျောက်သွားပါပြီ” ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်။

“တိုင်းဗဟို ၉ အခြေအနေကတော့ AA လည်း ဝင်မတိုက်သေး၊ ဝိုင်းထားတဲ့ အခြေအနေပဲ၊ ဘယ်နေ့တိုက်မလဲ မသိဘူး”

မင်းပြားမြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ ကမ်းနီ အမှတ် (၉) တိုင်းဗဟိုတန်းမြင့်လေ့ကျင့်ရေးကျောင်းနှင့် မြို့အနီး ကျိန်းတောင်တပ်စခန်းလည်း ကျန်ရှိနေသေးရာ ထိုအကြောင်း AA က ထည့်သွင်းပြောဆိုထားခြင်း မရှိသေးပေ။

စစ်ကောင်စီက AA ၏ ထိုးစစ်ကို ခုခံရာတွင် လေကြောင်း၊ လက်နက်ကြီးပစ်ကူအမြောက်အမြား အသုံးပြုလျက်ရှိသည်ဟု AA ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

၂၀၀၉ ခုနှစ်က ကချင်ပြည်နယ်၊ လိုင်ဇာတွင် လူအင်အားဆယ်ဂဏန်းဖြင့် စတင်တည်ထောင်ခဲ့သော၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်သည့် AA သည် ယခုအခါ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပြီးလျှင် လူသူ၊ လက်နက် အတောင့်တင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်လာသည်။

ရခိုင်ပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသည့် AA တွင် ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း အင်အား ၃ သောင်းခန့်ရှိပြီး လတ်တလောတိုက်ပွဲအတွင်း အင်အား ၈၀၀၀ တိုးလာသည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က BBC သတင်းဌာနကို မကြာသေးမီက ပြောထားရာ AA အင်အားသည် ၄ သောင်းနီးပါးအထိ ရှိနိုင်သည်။

လက်ရှိတွင် ရခိုင်ဒေသခံ လူငယ်လူရွယ်အများအပြားလည်း ရက္ခိုင့်တပ်တော် (AA) သို့ ဝင်ရောက်နေကြပြီး ထိုအထဲတွင် ဆယ်ကျော်သက်အရွယ် အမျိုးသမီးများလည်း ပါဝင်သည်။

AA သိမ်းယူခဲ့သော စကခ (၉) လက်အောက်မှ ခြေမြန်တပ်ရင်းများပြမြေပုံ။

တိုက်ပွဲများ ပြင်းထန်နေဆဲ ရခိုင်ပြည်နယ်

AA က ထိုးစစ်ဆင်နေသည့် ရမ်းဗြဲ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် အခြားမြို့များတွင်လည်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး၊ ညီနောင်သုံးဖွဲ့ထုတ်ပြန်ချက်အရ ယမန်နေ့က ရေကြောင်းတိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်ခဲ့သည်ဟု သိရသည်။

ရမ်းဗြဲမြို့ကို စစ်ကောင်စီလေတပ်၏ ၅ ကြိမ်ထက်မနည်း၊ ရေတပ်စစ်သင်္ဘောမှ အမြောက်ဖြင့် ၅ ကြိမ်၊ သိမ်တောင်ကုန်းဘုရားတွင် တပ်စွဲထားသည့်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဘင်္ဂလားဒေ့နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲစခန်းနှစ်ခုဖြစ်သည့် တောင်ပြို (လက်ဝဲနှင့် လက်ယာ) စခန်းနှစ်ခုတို့ကို AA က သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါ နယ်ခြားစောင့်တပ်စခန်းများတွင် ရှိနေသူတို့ စခန်းကို စွန့်ခွာကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးသွားခဲ့ကြရာ ယနေ့ မွန်းလွဲအထိ ၃၃၀ ဦး ရှိပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းဌာနများက ဆိုသည်။

အဆိုပါ နယ်ခြားစောင့်စခန်းနှစ်ခုတွင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များဖြစ်သည့် အာရ်ကန်ရိုဟင်ဂျာတပ်မတော် (Arakan Rohingya Army- ARA) နှင့် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (Rohingya Solidarity Organization -RSO) အဖွဲ့ဝင်များလည်း စစ်ကောင်စီတပ်နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု AA ၏ ယမန်နေ့ညထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ARA အဖွဲ့ စခန်းမှာ စစ်တပ်စခန်းအနီး တည်ရှိပြီး စစ်ကောင်စီစခန်းအတွင်းမှ လက်နက်ခဲယမ်းများကိုလည်း ၎င်းအဖွဲ့က ယူဆောင်သွားခဲ့သည်ဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ARA အဖွဲ့၏ စခန်းကိုလည်း ရှင်းလင်းရာတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းအများအပြားကို ရရှိခဲ့သည်၊ ယင်းလက်နက်များကို စစ်ကောင်စီလက်နက်ကိုင်တို့က ထွက်မပြေးမီ ပြန်လည်ရောင်းချသွားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

AA က ထုတ်ပြန်ခဲ့သည့် သိမ်းဆည်းရမိလက်နက်ခဲယမ်းများ ဓာတ်ပုံများတွင် ARA အဖွဲ့၏ အလံများနှင့် လက်မောင်းတံဆိပ်များကိုလည်း တွေ့ရသည်။

Myanmar Now အနေဖြင့် AA ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ARA, RSO သို့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာအတွင်းက စတင် ပေါ်ပေါက်လာသည့် ARA အဖွဲ့သည် တောင်ပြို (လက်ဝဲ) အနီးရှိ ကျီးကျွန်းပေါ်တွင် ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီလက်နက်များနှင့်အတူ စစ်ရေးလေ့ကျင့်ခဲ့သည်ဟု ရခိုင်ဒေသသတင်းဌာနတစ်ခုဖြစ်သည့် Border News Agency က ဖော်ပြခဲ့ဖူးသည်။

ရခိုင်မြောက်ပိုင်းတွင် AA နှင့် စစ်တပ်အပြင် အာရ်ကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ Rohingya Solidarity Organization (RSO)၊ အာရ်ကန် ရိုဟင်ဂျာတပ်မတော် (ARA) (Arakan Rohingya Army) တို့လည်း လှုပ်ရှားနေသည်။

RSO သည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း လှုပ်ရှားမှုများပြားပြီး နောက်ပိုင်းလှုပ်ရှားမှု နည်းပါးသွားသော်လည်း ၂၀၂၁ ဇွန်လအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ‘’ ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြည်သူများအပေါ် သဘောထား ” ဆိုသည့်ထုတ်ပြန်ချက်အပြီး ဇွန် ၁၂ ရက်တွင် RSO က ရုပ်သံဖိုင်တစ်ခု အွန်လိုင်းလူမှုကွန်ရက်တွင် ထုတ်ပြန်လာသည်။

ထို့နောက် ၂၀၂၂ ဖေဖော်ဝါရီလဆန်း၌ မောင်တောမြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာအနီး စစ်တပ်နှင့် RSO တို့ တိုက်ပွဲ ဖြစ်ပွားထားသည်။

Show More

Related Articles

Back to top button