သတင်း

တန့်ဆည်မြို့နေအိမ် ၅၀ ကျော်ကို စစ်တပ်မီးရှို့၊ ပစ္စည်းခိုးယူ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် နိုဝင်ဘာ ၁ တွင် ကဒိတ်ရွာမှ နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်သားနှင့် အရပ်သားလက်နက်ကိုင် (ပျူစောထီး) အင်အား ၂၀၀ နီးပါး ပါဝင်သည့် စစ်ကြောင်းသည် တန့်ဆည် မြို့မြောက်ဘက် မိုင် ၃၀ ခန့်အကွာရှိ ကဒိတ်ရွာကို ထိုနေ့ နံနက် ၈ နာရီဝန်းကျင်တွင် ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်။

“အိမ်ခြေ ၅၅ လုံး ပါသွားတယ်။ ရွာထဲမှာလည်း မွှေနှောက်ယူဆောင်သွားတယ်။ အရင်ကလည်း ရွှေစင် ၈ ကျပ်သားလောက် ပါသွားတယ်“ ဟု တန့်ဆည်မြို့နယ်အခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စိုက်ပျိုးမွေးမြူရေး၊ ရွှေကျင်လုပ်ငန်းတို့ဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြုသည့် ကဒိတ်ရွာကို ယခုနှစ် ဧပြီလကလည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် စီးနင်းတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းပျက်စီးခဲ့ပြီး အိမ်ခြေ ၂၀ နီးပါး မီးရှို့ခံရသည်။

အိမ်ခြေ ၁၀၀ ကျော် ရှိသော ကဒိတ်ရွာသည် နှစ်ကြိမ် မီးရှို့ခံရအပြီး အိမ်ခြေထက်ဝက်နီးပါး ပျက်စီးသွားသည်။ ဒေသခံများမှာ စစ်ကောင်စီတပ်ရန်ကြောင့် နီးစပ်ရာတောတိုက်များတွင် ထွက်ပြေးခိုလှုံနေရသည်။

ထိုစစ်ကြောင်းသည် ယမန်နေ့ (နိုဝင်ဘာ ၂) တွင် ကဒိတ်ရွာမှ ထွက်ခွာလာပြီး ၆ မိုင်ခန့်အကွာရှိ တွေးဒီရွာကို ယင်းညနေမှာပင် ပစ်ခတ်ဝင်ရောက်သွားကြသည်။ ထို့နောက် ထိုရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း၌ နေရာခွဲ၍ တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့တုန်းက ညနေ ၄ နာရီခွဲလောက်မှာ ရွာအနောက်ဘက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ပြီး ရွာထဲကို ဝင်လာတယ်။ ရွာထဲက လူတွေ အကုန်ပြေးရတယ်။ သက်ကြီးရွယ်အိုတွေပါ ပြေးရတယ်။ ကုန်းတောတိုက်တွေမှာပဲ ရှောင်နေရတော့ ဒုက္ခရောက်တယ်။ ရွာနားမှာ မနေရဲဘူး။ တော်တော်လေးလှမ်းလှမ်းထိ (ရှောင်) တိမ်းရတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် တွေးဒီရွာခံတစ်ဦးက ပြောသည်။

အိမ်ခြေ ၁၀၀ ကျော် ရှိသော ကဒိတ်ရွာသည် နှစ်ကြိမ် မီးရှို့ခံရသောကြောင့် အိမ်ခြေ ထက်ဝက်နီးပါး ပျက်စီးခဲ့ရသည်။ (ဓာတ်ပုံ-ပေးပို့) 

ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် စစ်သားတချို့ ရွာအတွင်းမှ ထွက်လာပြီး ရွာအရှေ့ပိုင်းရှိ တောတဲတိုက်တစ်လုံးကို ဖျက်ဆီးကာ အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် တွေးဒီကျေးရွာအတွင်း ထိုစစ်ကြောင်း တပ်စွဲထားသည်ကို ဒေသခံကာကွယ်ရေးအဖွဲ့များက စောင့်ကြည့်နေသည်ဟု သိရသည်။

ထိုစစ်ကြောင်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၄ တွင် ကျွန်းလှမြို့နယ်မှတစ်ဆင့် နယ်မြေချင်း ထိစပ်နေသော တန့်ဆည်မြို့နယ်အတွင်း ဝင်ရောက်လာခြင်းဖြစ်ပြီး ဒေသခံကာကွယ်ရေးအဖွဲ့များကလည်း ၅ ကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းရာ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦးတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီက လနှင့်ချီကာ စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်။

လက်နက်စွဲကိုင်ခုခံမှုအစောဆုံးစတင်ရာ မြို့နယ်များတွင် ပါဝင်သည့် တန့်ဆည်မြို့နယ်တွင် အာဏာသိမ်းပြီးချိန်မှ တစ်နှစ်ခွဲကျော်ကာလအတွင်း အင်ပင်သာ၊ ချောင်းရိုး၊ ရွှေကျင်၊ စိမ်းစား၊ အင်းပတ်၊ အင်းနားရွာတို့ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံရမှုအပါအဝင် ကျေးရွာပေါင်း ၇၀ ကျော်မှ နေအိမ် ၂၂၀၀ ကျော်  မီးလောင် ပြာကျခဲ့သည်ဟု မြို့နယ်အခြေစိုက် ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

ဗိုလ်ချုပ်ကြီးများကမူ ၎င်းတို့ မီးမရှို့ဟု တုံ့ပြန်တတ်သည်။

တန့်ဆည်မြို့ဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button