သတင်း

တန့်ဆည်မြောက်ခြမ်း စစ်ကြောင်းထိုး မီးရှို့ခံရ၊ အရပ်သား ၂ ဦးသေ

စစ်သင်တန်းဆင်းလာသည့် ပျူစောထီးများပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းကြောင့် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် အရပ်သား ၂ ဦး သေဆုံးပြီး နေအိမ် ၁၀၀ ခန့် မီးလောင်သွားရသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မြောက်ခြမ်း ကျေးရွာများကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် နေ့စဉ် စစ်ကြောင်းထိုးနေရာ အနည်းဆုံး ရွာ ၆ ရွာ မီးရှို့ခံရပြီး အရပ်သားနှစ်ဦးသေဆုံးခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောကြသည်။ 

ယခုလ ၁၈ ရက်မှ စတင်ကာ နယ်မြေထိစပ်နေသော ကန့်ဘလူမြို့နယ်ဘက်မှ ဝင်ရောက်လာသည့် စစ်သားနှင့် ပျူစောထီး (ပြည်သူ့စစ်) အင်အား ၁၅၀ ခန့်က တန့်ဆည်မြောက်ခြမ်းကျေးရွာများကို တစ်ရွာဝင်တစ်ရွာထွက် စီးနင်းနေခြင်းဖြစ်သည်။

ကန့်ဘလူနှင့် တန့်ဆည်အစပ်ရှိ မြောက်အင်း၊ ညောင်လေးပင်၊ အိုးသည်ကုန်း၊ တုတ်တလုပ်၊ ညံသာ၊ သာကေတ စသည့်ကျေးရွာ ၆ ရွာ မီးရှို့ခံရသဖြင့် အိမ်ခြေ ၁၀၀ ထက်မနည်း မီးလောင်ပြာကျသွားကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။

မြောက်အင်းကျေးရွာ မီးရှို့ခံရချိန်တွင် ကျန်းမာရေးကြောင့် ရှောင်တိမ်းနိုင်ခြင်း မရှိသည့် အသက် ၄၂ နှစ်အရွယ် ဒေါ်အေးတီ နေအိမ်အတွင်း သေဆုံးခဲ့ပြီး သာကေတရွာမှ အသက် ၅၀ အရွယ် ဦးဇော်ဦး နှိပ်စက်သတ်ဖြတ်ခံရသည်။

“သေသွားတဲ့ အမျိုးသမီးက မပြေးနိုင်တော့တာ၊ ကျန်းမာရေးမကောင်းနေတာ၊ အောက်ဆီဂျင်တန်းလန်းပေါ့ဗျာ၊ ရွာမီးရှို့တော့ မီးခိုးမွှန်ပြီး ဆုံးတာ” ဟု တန့်ဆည်ပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မြောက်အင်းကျေးရွာကို စစ်ကြောင်းစဝင်သည့် မတ် ၁၈ ရက်တွင် မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီလက်နက်ကိုင်တို့ မတ် ၂၀ ရက်နေ့တွင် ထိုရွာမှ ပြန်ထွက်သွားရာ ဒေသကာကွယ်ရေးအဖွဲ့များက ကျေးရွာအတွင်း ဝင်ရောက်ကြည့်ရှုစဉ် ဦးဇော်ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

“ရင်ဝကို ဓားနဲ့ထိုးပြီး မွှေထားတာ၊ ခေါင်းကို လှီးဖြတ်ထားတာ၊ ပြတ်တော့ပြတ်မသွားဘူး။ (အလောင်းကို) ကောက်ရိုးတွေ ဖုံးထားခဲ့တာ” ဟု တန့်ဆည်ပကဖ ပြန်ကြားရေးတာဝန်ခံ အမျိုးသားက ဆိုသည်။

ကောက်ရိုးများ ဖုံးထားခဲ့သည့် သာကေတရွာမှ အသက် ၅၀ အရွယ် ဦးဇော်ဦး၏ ရုပ်အလောင်း။ (ဓာတ်ပုံ -ပေးပို့)

ထိုစစ်ကြောင်းတွင် ကန့်ဘလူမြို့နယ် တင့်ကားတပ်ရင်း အမှတ် (၆၀၀၆) တွင် ပြီးခဲ့သည့်ရက်ပိုင်းကမှ သင်တန်းဆင်းလာသည့် ပျူစောထီးအများစုပါဝင်ပြီး တန့်ဆည်မြို့နယ်ကို နယ်မြေရှင်းလင်းရေး ပြုလုပ်ရန် စေလွှတ်လိုက်သည်ဟု ကြားသိကြောင်း ၎င်းက ဆိုသည်။

တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း ထိုဖြစ်ရပ်မျိုးကို သတင်း တရားဝင်ထုတ်ပြန်လေ့မရှိပေ။

တန့်ဆည်မြို့နယ်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးကာ ရွာများမီးရှို့နေသည်မှာ ငါးရက်ရှိပြီဖြစ်သော်လည်း ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စောင့်ကြည့်နေဆဲဖြစ်သည်။

ပျူစောထီးအမာခံနယ်မြေဖြစ်သည့် ကန့်ဘလူမြို့နယ်နှင့် လွန်စွာ နီးကပ်သောရွာများဖြစ်သောကြောင့် ဝင်ရောက်တိုက်ခိုက်ရန် အခွင့်မသာဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တန့်ဆည်မြို့နယ်အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တော်တော်နီးတယ်လေ၊ လုပ်ဖို့က အဆင်မပြေဘူး၊ အင်အားကလည်း များတော့၊ သူတို့နယ်မြေဘက်ဆိုတော့ အဆင်မပြေဘူး” ဟု သူက ပြောသည်။

မြောက်ခြမ်းကျေးရွာများကို မွှေနှောက်စီးနင်းခဲ့သော အဆိုပါ ပူးပေါင်းစစ်ကြောင်း မတ် ၂၁ တွင် တန့်ဆည်မြို့ပေါ်သို့ ရောက်လာကြောင်း၊ နေ့ချင်းပင် ပြန်ထွက်ကာ မြို့တောင်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေကြောင်း သိရသည်။

ယခုလ ၁၇ ရက်ကလည်း တန့်ဆည်မြို့နယ်အနောက်ခြမ်းရှိ အင်းရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီအတွင်းက တန့်ဆည်အနောက်ခြမ်းရှိ ကံထူးမတိုက်နယ်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အနီးပတ်ဝန်းကျင်ရွာများကို စီးနင်းဝင်ရောက်ကာ ဒေသခံ ၁၁ ဦးကို ခန္ဓာကိုယ်အပိုင်းပိုင်း ဖြတ်တောက် သတ်ဖြတ်ခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြသူများကို လမ်းပေါ်တွင် ပစ်သတ်ရာ နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာသည်။

စစ်တပ်က အရပ်သားများကို ဆက်လက် သတ်ဖြတ်ခြင်း၊ နေအိမ်များလိုက်လံမီးရှို့ခြင်းကြောင့် နိုင်ငံတကာက ပြစ်တင် ကန့်ကွက်ထားသည်။

တန့်ဆည်မြို့နယ်အနောက်ခြမ်းရှိ အင်းရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ (ဓာတ်ပုံ – ပေးပို့)

Show More

Related Articles

Back to top button