
(အသိပေးချက် – စိတ်နှလုံး ထိခိုက်စရာ ဖော်ပြချက်များ ပါဝင်သည်)
စစ်တပ်သည် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ မတ်လ ၁ ရက်နေ့အတွင်း စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အနောက်ပိုင်းကျေးရွာများမှ အရပ်သား ၁၁ ဦးကို အပိုင်းပိုင်းဖြတ်၊ ခုတ်ထစ် သတ်ဖြတ်ခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (တန့်ဆည်-ပအဖ) က မတ်လ ၄ ရက်နေ့က ထုတ်ပြန်ချက်ထုတ်ကာ စွပ်စွဲလိုက်သည်။
သေဆုံးသူများသည် အသက် ၂၉ နှစ်မှ ၇၀ အရွယ် အမျိုးသားများဖြစ်ကြပြီး ၎င်းတို့ကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှ တန့်ဆည်-ပအဖ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။
သတ်ဖြတ်ခံရသူများအနက် ၁ ဦးသာ သေနတ်နှင့် ပစ်သတ်ခံခဲ့ရပြီး ကျန် ၁၀ ဦး၏ ရုပ်အလောင်းများတွင် လည်ပင်းလှီးဖြတ်ခံရခြင်း၊ ခေါင်းကို ထုသတ်ခံရခြင်း၊ ခန္ဓာကိုယ်အပိုင်းပိုင်း ဖြတ်တောက်ခံရခြင်း စသည်တို့ တွေ့ရှိခဲ့ရသည်ဟု မျက်မြင်တွေ့ရှိသူတို့က ပြောသည်။
“…မသေခင် လက်တွေ ခြေတွေ ဖြတ်တယ်၊ ငယ်ပါတွေ ဖြတ်ပြီး ဟိုအိမ်ချိတ် ဒီအိမ်ချိတ် လုပ်ထားခဲ့တာ” ဟု တန့်ဆည်-ပအဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသတ်ဖြတ်မှုများအတွက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းများဖြစ်ကြသည့် ခမရ ၁၁၊ ခမရ ၃၆၁၊ ခမရ ၇၀၈ နှင့် ပျူစောထီး ပြည်သူ့စစ်များတွင် တာဝန်ရှိသည်ဟုလည်း တန့်ဆည်-ပအဖက ဆိုသည်။
တန့်ဆည်မြို့ အနောက်ဘက် ၁၀ မိုင်အကွာရှိ ကံထူးမတိုက်နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကာကွယ်ရေးအဖွဲ့များသိမ်းယူရန် တိုက်ခိုက်ခဲ့ပြီး ထို့နေ့ချင်းပင် ရေဦးဘက်မှ စစ်သားအင်အား ၁၀၀ ခန့်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ကန့်ဘလူမြို့နယ်မှ ထွက်လာသည့် အင်အား ၁၂၀ ခန့်က တန့်ဆည်မြို့ပေါ်မှတစ်ဆင့် ကံထူးမသို့ ရောက်ရှိကာ ထိုဒေသတွင် စီးနင်း သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်းများအနက် အသက် ၄၅ နှစ်အရွယ် ပန်းထိမ်းကုန်းရွာသား ကိုမိုးဇော်ဦး၏ ရုပ်အလောင်းသည် အဆိုးရွားဆုံးအခြေအနေဖြစ်ကြောင်း၊ ခေါင်းဖြတ်သတ်ခံခဲ့ရပြီး ဖြတ်တောက်ထားသည့် ဦးခေါင်းကို မိတ်ကပ်များ လိမ်းပေးခြင်း၊ ဦးထုပ်နှင့် မျက်မှန်တပ်ပေးခြင်းတို့ကို စစ်တပ်က ပြုလုပ်ခဲ့ပြီး ပါးစပ်ထဲတွင် ဆေးလိပ်ထည့်ပေးထားသည်ကိုလည်း တွေ့ခဲ့ရသည်ဟု အလောင်းသွားရောက်ကောက်ယူခဲ့သည့် ပကဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“သူ့သတ်တဲ့နေရာ ဓားအသေးလေး ၁ ချောင်းရယ်၊ ဓားမောက် ၁ ချောင်းရယ် ဘေးမှာ တွေ့တယ်၊ စိတ်ပြေနပြေကို သေချာလုပ်သွားတာ။ ငယ်ပါဖြတ်တယ်၊ ခြေသန်းဖြတ်တယ်၊ ခြေမဖြတ်တယ်၊ ကလီစာတွေ တစ်ခုချင်းစီကို ထုတ်ထားတာဗျာ၊ အဲလိုကို လုပ်သွားတာဗျာ” ဟု ၎င်းက ဆိုသည်။
“(ကိုမိုးဇော်ဦးက). ပြည်သူစစ်စစ်ပါဗျာ”
အထက်ပါ ပကဖအဖွဲ့ဝင်သည် သတ်ဖြတ်ခံရသူ ၁၁ ဦးအနက် အလောင်း ၇လောင်းကို ကိုယ်တိုင် မျက်မြင်တွေရှိခဲ့ပြီး ကောက်ယူခဲ့သူဖြစ်သည်။
ဇီးပေါက်ကျေးရွာအနီးတွင် တွေ့ရှိရသည့် ရုပ်အလောင်းနှစ်ခုစလုံးမှာ အသက် ၅၂ နှစ်အရွယ် ထန်းတက်သမား ဦးဌေးအောင်နှင့် ဒေသသခံတစ်ဦးဖြစ်သည့် အသက် ၄၉ နှစ်အရွယ် ဦးငြိမ်းချိုတို့ဖြစ်သည်၊ ၂ ဦးစလုံး ခေါင်းဖြတ်ခံထားရသည်ဟု ဆိုသည်။
“ဦးဌေးအောင်က ထန်းတက်တာ.. စစ်ကြောင်းလာမှန်း မသိတာ။ သူ့ရဲ့ ကျားအင်္ဂါကို ဖြတ်တယ်၊ ချိုင်းကြားမှာ ညှပ်တယ်၊ ခေါင်းဖြတ်တယ်ဗျ၊ အူတွေကို အကုန်ဆွဲထုတ်တယ်။ ကိုငြိမ်းချိုကလည်း အဲမှာပဲ အသတ်ခံရတာ။ ဝက်မွေးမြူရေးလုပ်တာ၊ တော်လှန်ရေးနဲ့ပတ်သက်ပြီး ဘာမှ မသိတဲ့လူ။ သူ့ကိုတော့ ရင်ဘတ်မှာ သေနတ်ဒဏ်ရာတွေ့တယ်၊ ခေါင်းကိုတော့ တစ်တောင်ကွာလောက်မှာ တွေ့တယ်” ဟု ၎င်းက ဆိုသည်။
ရုပ်အလောင်းအများစုကို ဓားဖြင့် လည်ပင်းလှီးဖြတ်ခဲ့သော်လည်း အချို့အလောင်းများတွင် ပုဆိန်ဖြင့် ပေါက်ခံထားရသည်ဟု ယူဆရသည့် ဒဏ်ရာများ တွေ့ခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

ယခုလ ၁ ရက်နေ့က ရွာသစ်ကုန်းကျေးရွာအနီးတွင် ကောက်ယူခဲ့သည့် ရုပ်အလောင်းများအနက် အသက် ၅၀ အရွယ် ကိုဆန်းပိုနှင့် ၄၂ နှစ်အရွယ် ကိုဆွေလင်းအလောင်းများတွင် ထိုဒဏ်ရာများတွေ့ရသည်ဟု ဆိုသည်။
“ကိုဆွေလင်းက ငယ်ထိပ်ကို ပုဆိန်နဲ့ ပေါက်သတ်ခံထားရတာ၊ ခြေတွေလက်တွေလည်း ဖြတ်ခံထားရတယ်၊ မီးတွေလည်း ရှို့ထားတာ။ မသေမချင်း မီးရှို့ထားတာဗျာ၊ သွေးပေနေတဲ့ တုတ်လည်း တွေ့ရတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီအဖွဲ့များ စစ်ကြောင်းထိုးနေစဉ် ကာကွယ်ရေးအဖွဲ့များနှင့်လည်း တိုက်ပွဲဆက်တိုက်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ သုံးဆယ်ကျော်သေဆုံးပြီး ကာကွယ်ရေးတပ်ဘက်မှ ၄ ဦး သေဆုံးကြောင်း တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“စစ်ကို စစ်နဲ့ တူအောင် မတိုက်ဘူး၊ တစ်ယောက်ရရ နှစ်ယောက်ရရ ရွာလုံခြုံရေးလုပ်တဲ့သူတွေ ပြည်သူတွေကို တစ်ယောက်ရရ နှစ်ယောက်ရရဆိုပြီး လုပ်သွားတာ” ဟု အဆိုပါ တာဝန်ခံက ဆိုသည်။
ယမန်နှစ် မတ်လအတွင်းကလည်း စစ်ကိုင်းမြို့နယ်တွင် ဘီလူးစစ်ကြောင်းဟု တင်စားခေါ်တင်သည့် စစ်သားများက စစ်ကိုင်းမြို့နယ်အတွင်းမှ ဒေသခံ ၁၇ ယောက်ကို အပိုင်းပိုင်းဖြတ်တောက်ကာ သတ်ဖြတ်မှုများကျူးလွန်ခဲ့ဖူးသည်။
ပြီးခဲ့သည့် တစ်ပတ်အတွင်း တန့်ဆည်အနောက်ခြမ်းတွင် လူမဆန်သည့် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် အဆိုပါ ပူးပေါင်း စစ်ကြောင်းနှစ်ကြောင်းသည် ယမန်နေ့ (မတ် ၄) က ရေဦးမြို့နယ်နှင့် ကန့်ဘလူမြို့နယ်ဘက်သို့ အသီးသီးပြန်ဆုတ်သွားကြောင်း သိရသည်။
“သူတို့မှာ ဘယ်လိုပဲခံစားချက်ရှိရှိ လူ့အသိစိတ်တော့ ရှိရမယ်ဗျာ။ သေနတ်နဲ့ နားထင်ပစ်သတ်တယ်ဆိုရင် ကျွန်တော်တို့ စိတ်ထဲမှာ တွေ့လို့ သတ်သွားတယ်လို့ပဲ မှတ်လိုက်မယ်၊ ခုကျတော့ဗျာ လူသားမဆန်တာဗျာ၊ တကယ့်ကို လူသားလုံးလုံး မဆန်တဲ့ကိစ္စဗျာ” ဟု အလောင်းများကို ကောက်ယူခဲ့သည် ပကဖအဖွဲ့ဝင်က မှတ်ချက်ပြုသည်။
အမည် | အသက် | ကျေးရွာ | မှတ်ချက် | အလောင်း တွေ့သည့်ရက် | |
၁ | ဦးဝေ | ၇၀ | ၀ရငယ် | ဦးခေါင်းပစ်သတ်ခံရ | ၂၄. ၂. ၂၀၂၄ |
၂ | ဦးဇင်မင်းကို | ၂၉ | ဆူးပါကုန်း | ခေါင်းဖြတ်သတ်ခံရ | ၁၉. ၂. ၂၀၂၄ |
၃ | ဦးဆန်းပို | ၅၀ | ရွာသစ်ကုန်း | ပုဆိန်ဖြင့်ထုသတ်ခံရ | ၁. ၃ . ၂၀၂၄ |
၄ | ကိုဝင်းနိုင် | ၅၀ | ခံတောရွာသစ် | ခေါင်းဖြတ်သတ်ခံရ | ၂၆. ၂ .၂၀၂၄ |
၅ | ဦးရှမ်း | ၅၂ | ခံတောရွာသစ် | ခေါင်းဖြတ်သတ်ခံရ | ၂၆ .၂. ၂၀၂၄ |
၆ | ကိုမင်းဟန် | ၅၂ | ကျွန်းလည် | ခန္ဓာကိုယ် အပိုင်းပိုင်း ဖြတ်ခံထားရ | ၁ .၃. ၂၀၂၄ |
၇ | ကိုဆွေလင်း | ၄၅ | ကျွန်းလည် | ပုဆိန်ဖြင့်ထုသတ်ခံရ | ၁ .၃. ၂၀၂၄ |
၈ | ကိုမောင်တိုး | ၂၇ | အင်ပင်အိုင် | ခေါင်းဖြတ်သတ်ခံရ | ၁.၃.၂၀၂၄ |
၉ | ဦးငြိမ်းချို | ၄၉ | ဇီးပေါက် | ခေါင်းဖြတ်သတ်ခံရ | ၂၉ . ၂. ၂၀၂၄ |
၁၀ | ဦးဌေးအောင် | ၅၂ | ဇီးပေါက် | ခန္ဓာကိုယ် အပိုင်းပိုင်း ဖြတ်ခံထားရ | ၂၉ . ၂. ၂၀၂၄ |
၁၁ | ကိုမိုးဇော်ဦး | ၄၅ | ပန်းထိမ်ကုန်း | ခန္ဓာကိုယ် အပိုင်းပိုင်း ဖြတ်ခံထားရ | ၁. ၃ . ၂၀၂၄ |