သတင်း

တန့်ဆည်တွင် ၂ ဦး ပစ်သတ်ခံရပြီး မြို့ခံ ၄၀ နီးပါး ဖမ်းဆီးငွေညှစ်ခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့သို့ ဈေးလာဝယ်သူ ၂ ဦး ပစ်ခတ်ခံရသည့်နေ့တွင် ဖမ်းဆီးခံရသည့် ဒေသခံအများအပြား ပြန်လွတ်လာပြီး ၈ ဦး ဆက်လက် ဖမ်းဆီးခံထားရသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့သို့ ဈေးလာဝယ်သူ ၂ ဦးကို စစ်တပ်က သတ်ပစ်လိုက်ပြီး လူ ၄၀ နီးပါးကိုလည်း ဖမ်းဆီးငွေညှစ်နေသည်ဟု မြို့ခံများ၊ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ဝင်များက ပြောသည်။

ဧပြီလ ၆ ရက်နေ့က ရေဦးမြို့ဘက်သို့ သွားသည့် တန့်ဆည်မြို့ဝင်ပေါက်တွင် သုံးဘီးမောင်းသူ ဒေသခံ ၂ ဦးကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ အသက် ၃၀ ဝန်းကျင်အရွယ်ရှိကြသည့် ထိုအမျိုးသား ၂ ဦးမှာ ကံထူးရွာ (ဒေသအခေါ် ဂတူးမ) နှင့် နဘက်ကြီးရွာတို့မှ ဖြစ်ပြီး ကုန်ပစ္စည်း လာရောက်ဝယ်ယူကြစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်။

ဒဏ်ရာရသွားသည့် ကံထူးရွာခံကို ကျေးရွာသို့ ပြန်လည်သယ်ဆောင်နိုင်ခဲ့သော်လည်း ယမန်နေ့ (ဧပြီ ၁၀ ရက်) တွင် သေဆုံးသွားသည်၊ နဘက်ကြီးရွာခံမှာ ပစ်ခတ်ခံရသည့် နေရာမှာပင် သေဆုံးသွားခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG  မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အဲ့ဒီအမျိုးသားနှစ်ဦးက စစ်သားတွေမြင်တော့ ထိပ်တိုက်ရင်မဆိုင်လိုတာကြောင့် ထင်ပါတယ်၊ သုံးဘီးကို မောင်းပြေးကြတာမှာ ပစ်သတ်ခံရတာ” ဟု သူက ပြောသည်။

ထိုနေ့ တစ်ရက်တည်းတွင်ပင် စစ်တပ်က မြို့တောင်ပိုင်းရပ်ကွက်များအတွင်းသို့ ဝင်ရောက်ကာ အမျိုးသမီးအမျိုးသား အများအပြားကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

ဖမ်းဆီးခံရသူများအနက် အမျိုးသမီးများနှင့် အမျိုးသား ၃၀ ခန့်ကို ငွေတောင်းကာ ရက်ပိုင်းအကြာတွင် ပြန်လွှတ်ပေးခဲ့ပြီး ၈ ဦးကို တန့်ဆည်ရဲစခန်းတွင် ဆက်လက် ဖမ်းဆီးထားဆဲဖြစ်သည်။

“ပြန်ပေးဆွဲသလို လုပ်နေတာ၊ လူဖမ်းပွဲလုပ်တဲ့သဘောမျိုးပဲ၊ ငွေတောင်းတာပေါ့” ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

၈ ဦး ဆက်လက် ဖမ်းဆီးခံနေရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး Myanmar Now က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

လက်နက်ကိုင်တို့က မြို့နေလူထုကို  ဥပဒေမဲ့ နှိပ်ကွပ်မှု၊ အနိုင်ကျင့်မှု၊ ငွေညှစ်မှုများ ဆက်လက်ကျူးလွန်နေသည်ဟု မြို့ခံတို့က ဆိုသည်။

စစ်တပ်ကမူ တန့်ဆည်မြို့ရှိ လတ်တလောပစ်ခတ်မှု၊ အဖမ်းအဆီးများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း၊ ငြင်းဆိုခြင်း မပြုသေးပေ။

တန့်ဆည်မြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအားလုံးသည် ကံထူးမရဲစခန်း စီးနင်းတိုက်ခိုက်ခံရသည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ နောက်ပိုင်းတွင် ခရိုင်မြို့ဖြစ်သည့် ရေဦးမြို့သို့ ပြောင်းရွှေ့သွားကြပြီး မြို့ပေါ်တွင် စစ်တပ်၊ ရဲနှင့် ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီး (ပြည်သူ့စစ်) အဖွဲ့ဝင် ၁၀၀ ခန့် ရှိနေသည်။

အဆိုပါ ရဲစခန်း တိုက်ခိုက်ခံရပြီး ၂ ရက်အကြာ ဖေဖော်ပါရီ ၂၃ ရက်နေ့တွင် စစ်တပ်က ကံထူးမရွာကို မီးတင်ရှို့ခဲ့ရာ နေအိမ် ရာနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့သည်ဟု တန့်ဆည်မြို့ခံများက ပြောသည်။

စစ်ကောင်စီကမူ ကံထူးမရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း စစ်တပ်က အမှားအယွင်းမလုပ်ခဲ့ဟု ထိုစဉ်က သတင်းထုတ်ပြန်သည်။

“မီးရှို့ဖျက်ဆီးနေသည် ဆိုသည်မှာ မှန်ကန်မှုမရှိသည့် သတင်းအမှားသာဖြစ်ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်” ဟု ဖေဖော်ဝါရီ ၂၅ ရက်စွဲတပ် အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုစစ်ကောင်စီလက်နက်ကိုင်များသည် မြို့နယ်၏ အနောက်ခြမ်းကို စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ဖေဖော်ဝါရီ ၂၁ မှ မတ် ၁ ရက်အတွင်း ဒေသခံ ၁၁ ဦးတို့ကို ကိုယ်လက်အင်္ဂါများ ဖြတ်တောက် သတ်ဖြတ်ခဲ့ကြသည်ဟု သိရသည်။

Show More

Related Articles

Back to top button