အတွေးအမြင်

အမြစ်တွယ်ဖိုဝါဒကြီးစိုးစနစ် မြန်မာစစ်တပ်အကြမ်းဖက်မှု၏ အရင်းခံဖြစ်နေသလား

မြန်မာစစ်တပ် ဘာကြောင့် အင်အားအလွန်အကျွံသုံး အကြမ်းဖက်သလဲဆိုသည့်မေးခွန်းကို အမြဲကြားရသည်။ ရှုထောင့်များစွာမှ အမျိုးမျိုးသုံးသပ်ကြသည့်အထဲတွင် စစ်တပ်၏ နိုင်ငံရေး စီးပွားရေး အကျိုးစီးပွား မစွန့်လွှတ်နိုင်မှု၊ ဂျပန်ဖက်ဆစ်စနစ်အမွေဆက်ခံမှု၊ လူမျိုးစွဲစိတ်ဓာတ်စစ်ဆင်ရေးဖြင့် ရက်စက်တတ်သည့် စိတ်၊ ဓလေ့နှင့် အပြုအမူ အသားကျနေမှု၊ အင်အားသုံးနည်းလမ်းမှတစ်ပါး အခြားနည်းလမ်းများမသိမှု စသည်တို့ အပါအဝင်ဖြစ်သည်။

ထိုသုံးသပ်ချက်များအားလုံး မှန်ပါသည်။ ဤဆောင်းပါးတွင် မြန်မာစစ်တပ်၏ အကြမ်းဖက်သည့်ဓလေ့ကို လူအများစု ရင်းနှီးကျွမ်းဝင်မှုမရှိသေးသည့် ကျား-မ စနစ် ရှုထောင့်တစ်ခုမှ သုံးသပ်ပါမည်။ အထူးအားဖြင့် ယောက်ျားပီသမှုစံနှုန်း အခြေခံမှ ချဉ်းကပ်ပါမည်။ 

မြန်မာပြည်နိုင်ငံရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တစ်လျှောက် ကျား-မ (သို့မဟုတ်) အမျိုးသမီးအခွင့်အရေးအကြောင်း ပြောဆိုဆွေးနွေးကြရာတွင် များသောအားဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် အမျိုးသမီးများအား အကာအကွယ်ပေးရေး၊ နိုင်ငံရေးတွင် အမျိုးသမီးပါဝင်နှုန်းနှင့် ဦးဆောင်မှုမြင့်တင်ရေးကို အသားပေးဆွေးနွေးကြသည်။

လက်တွေ့အကောင်အထည်ဖော်ရာတွင် တိုးတက်မှုမည်မျှရှိသည် မသေချာသော်လည်း အချို့ချဉ်းကပ်မှုများသည် ရှိရင်းစွဲ ကျား-မ မညီမျှမှုကို အဓွန့်ရှည်စေသည်ဟု မြင်သည်။  

ဆိုလိုသည်မှာ အမျိုးသမီးများကို အကာအကွယ်ပေးရန်ဆိုသည့် နောက်ကွယ်တွင် အလိုအလျောက် တွဲကပ်နေသည့် ယူဆချက်တစ်ခုမှာ အမျိုးသမီးများ၏ လုံခြုံရေးကို အမျိုးသားများက တာဝန်ယူပေးရန်ဆိုသည့် အချက်ဖြစ်သည်။ အမျိုးသမီးလုံခြုံရေးခေါင်းစဉ်အောက် အမျိုးသားများ၏ အခန်းကဏ္ဍကို မြှင့်ပေးလိုက်သလို ဖြစ်သည်။ တစ်နည်း – အမျိုးသားများသည် အင်အားရှိ/စွမ်းဆောင်နိုင်သည့် ကာကွယ်ပေးသူဖြစ်ပြီး အမျိုးသမီးများမှာ အင်အားမဲ့၊ မှီခို၊ အကာအကွယ်ခံရမည့်သူဖြစ်သည်ဟူ၍ ဖြစ်သည်။ 

ထိုနည်းလည်းကောင်းပင် အမျိုးသမီးပါဝင်ခွင့်ကို အမျိုးသားများလက်ခံ ခွင့်ပြုပေးရမည်ဆိုသည့် အခြေခံမှ စဉ်းစား/ပြောဆိုသည့်အတွက် အကျိုးဆက်မှာ အမျိုးသားက ဦးဆောင်နေရာ အလိုအလျောက်ရှိနေပြီး အမျိုးသမီးတွေကို ပါဝင်ခွင့်ပေးသူ (အခွင့်အာဏာရှိသူ) ဆိုသည့်ကိန်း ပြန်ဆိုက်သွားသည်။ တစ်နည်း – ပေးနိုင်သူနှင့် ပေးမှရမည့်သူ။ 

အထက်ပါ ဥပမာနှစ်ခုသည် မြန်မာလူ့အဖွဲ့အစည်းတွင် အချိန်ကာလကြာရှည်စွာ ရှိနေသည့် ကျား-မ မညီမျှမှု၊ တစ်နည်း ဖိုဝါဒကြီးစိုးမှုကို ညွှန်ပြနေသည်။

အခြားကိစ္စများအသာထား၊ အမျိုးသမီးတန်းတူရေးဆိုပြီး တမင်ဦးတည်သည့် အလုပ်သည်ပင်လျှင် (မရည်ရွယ်သော်လည်း) အမျိုးသားများ၏ အခွင့်ထူးခံအဆင့်အတန်းကို ပိုအဓွန့်ရှည်စေသည်။

သို့ရှိရာ ဖိုဝါဒီစနစ်သည် သတိပြုမိသည်ဖြစ်စေ သတိမပြုမိသည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ၊ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ လူ့အဖွဲ့အစည်းအတွင်း အမြစ်တွယ်နေသည်ဆိုသည်ကို ပထမဆုံးအချက်အနေဖြင့် နားလည်လက်ခံရန် လိုသည်။ 

မြန်မာနိုင်ငံရေးအသိုင်းအဝိုင်းတွင် ဖိုဝါဒီဟု ပြောလျှင် အမျိုးသားအများစုက သက်တောင့်သက်သာမရှိလှပါ။ သို့သော် တိုင်းပြည်အနာဂတ်ကို ရှေးရှု၍ ဖိုဝါဒီနှင့် အကြမ်းဖက်မှု၊ အင်အားအလွန်အကျွံသုံး ရုန့်ရင်းကြမ်းတမ်းမှုတို့ ဆက်စပ်ပုံကို အထူးအလေးပေး စဉ်းစားရန် လိုအပ်နေသည်ဟု မြင်သည်။

ဆန်ထောင်းနေသည့် မြန်မာအမျိုးသမီးများကို ၁၉၀၀ ပြည့်နှစ်ဝန်းကျင်က တွေ့ရစဉ်။ အိမ်မှုကိစ္စများတွင် အမျိုးသမီးတို့သာ တာဝန်ရှိသည်ဆိုသော အယူအဆ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ယနေ့တိုင် ထွန်းကားနေဆဲဖြစ်သည်။ ဓာတ်ပုံ – Roger Viollet Collection/Getty Images 

ဖိုဝါဒကြီးစိုးမှုဓလေ့၏ ဆိုးကျိုးသက်ရောက်မှု

ထိုသို့စဉ်းစားရန် နည်းလမ်းတစ်ခုမှာ ကြားဖူးနေကျမေးခွန်းတစ်ခုအား ပြောင်းပြန်မေးခြင်းဖြစ်သည်။ ပဋိပက္ခများသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ဘယ်လိုဖြစ်စေလဲ၊ အမျိုးသမီးများအား ဘယ်လိုကာကွယ်မလဲ ဆိုသည့် မေးခွန်းအစား “ဖိုဝါဒကြီးစိုးမှုဓလေ့သည် ဘာကြောင့် ပဋိပက္ခနှင့် နိုင်ငံရေးစစ်ရေးရုန့်ရင်းကြမ်းတမ်းမှုကို ဖြစ်စေသလဲ”​ ဟု မေးရန်ဖြစ်သည်။

တစ်နည်း – ဖိုဝါဒသည် အမျိုးသမီးများကိုသာမက ယခု တစ်တိုင်းပြည်လုံး ခါးစည်းခံနေရသည့် စစ်တပ်အကြမ်းဖက်မှု၏ အကြောင်းရင်းခံ ဘာကြောင့်/ဘယ်လိုဖြစ်စေသလဲဟု မေးရန် ဖြစ်သည်။ (မှတ်ချက် – အမျိုးသမီးကာကွယ်ရေး အရေးမကြီးဟု ဆိုလိုခြင်းမဟုတ်ပါ။ ပြဿနာအရင်းခံကို ဖော်ထုတ်ရန် မေးခွန်းရှုထောင့်တစ်ခု ပြောင်းခြင်းသာဖြစ်သည်။)

စီရီယာလီယွန်းနှင့် တောင်ဆူဒန်နိုင်ငံ ပဋိပက္ခများကို လေ့လာသည့် ဒေးဗစ်-ဒူရီစမိစ်က ပဋိပက္ခများ ဖြစ်စေသည့် အကြောင်းရင်းခံမှာ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းတို့၏ သူ့ဖိုဝါဒ ကိုယ့်ဖိုဝါဒ အသာစီးရအောင် ကြိုးပမ်းကြရာတွင် ထိုကြိုးပမ်းမှုများ ပရမ်းပတာ ပြိုလဲသွားခြင်းကြောင့် ဖြစ်ကြောင်း၊ သူတို့၏ ယောက်ျားအာဏာနှင့် ဖိုအခွင့်ထူးခံ အခြေပြုစနစ်များ ပွတ်တိုက်မိခြင်းကြောင့် ဖြစ်ကြောင်း၊ 

ပဋိပက္ခအတွင်း အရပ်သားပြည်သူများနှင့် အမျိုးသမီးများအား တမင်ပစ်မှတ်ထား ရက်ရက်စက်စက် အကြမ်းဖက်ခြင်းသည်လည်း ပဋိပက္ခမတိုင်မီကတည်းက ရှိနှင့်သော ဖိုကြီးစိုးမှုဓလေ့ကြောင့်သာ ဖြစ်ကြောင်း၊ ပိုမို တိတိကျကျဆိုရလျှင် ဖိုကြီးစိုးမှုအခြေပြု စစ်ဝါဒီပုံသွင်းထားသည့် ယောက်ျားပီသမှုစံနှုန်းကြောင့်ဖြစ်ကြောင်း ဆိုသည်။   

ဆိုလိုသည်မှာ လူ့အဖွဲ့အစည်း၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ အုပ်ချုပ်ရေးယန္တရား တစ်စုံလုံးကို ဖိုဝါဒီအခြေပြုဖြင့် ဖွဲ့စည်းလည်ပတ်ပြီးသားဖြစ်သကဲ့သို့ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ/ အတိုက်အခံတို့သည်လည်း မိမိတို့၏ ဖိုဝါဒီဗားရှင်းကိုယ်စီအပေါ် အခြေပြုပြီး မိမိတို့ အနိုင်ရရေး (အာဏာပါဝါ နှင့် အထူးအခွင့်) အတွက် ပြိုင်ဆိုင်နေကြသည်။

ဖိုဝါဒီဘောင်အတွင်း ပြိုင်ဆိုင်နေကြသည့်အတွက် ရလဒ်မှာလည်း အမျိုးသားကြီးစိုးသည့် အဖွဲ့အစည်း၊ အတွေးအခေါ်၊ စနစ်၊ အဆောက်အအုံ၊ ဖြစ်စဉ်များသာ ဆက်ဖြစ်နေသည်။ ပိုဆိုးသည်မှာ ပြဿနာများကို အင်အားဖြင့် ဖြေရှင်းသည့် ဓလေ့ဆက်ဖြစ်နေခြင်းဖြစ်သည်။ မြန်မာပြည်အခင်းကျင်းတွင်လည်း စစ်တပ်၊ အတိုက်အခံ၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အများစုသည် အမျိုးသားများ ကြီးစိုးသော အဖွဲ့အစည်းများဖြစ်ပြီး ဖွဲ့စည်းပုံ၊ အတွေးအခေါ်နှင့် ချဉ်းကပ်ပုံများသည် အမျိုးသားအခြေပြုများဖြစ်သည်။

သို့ရှိရာ လူ့အဖွဲ့အစည်းစနစ်တစ်ခုလုံးသည် (ဖိုဝါဒီအ ခြေပြု) ကျား-မ စနစ်ဖြစ်နေသည်။ နိုင်ငံရေး၊ စီး ပွားရေး၊ လူမူရေးစသည်တို့ကိုသာ စနစ်ဟု ကြည့်ပြီး ထိုစနစ်များက ကျား-မခွဲခြားလား မခွဲခြားလား၊ ထိုစနစ်တွင် ကျား-မရေးရာ ထည့်သွင်းစဉ်းစားမလား မစဉ်းစားဘူးလားဆိုသည်ထက် လူ့အဖွဲ့အစည်းကိုယ်၌ကိုက ကျား-မ စနစ်ဖြစ်ကြောင်း၊ LGBTQ အပါအဝင် ကျား-မအကြောင်းမှာ လိုအပ်မှ/အလျဉ်းသင့်မှ ဟိုတစ်ထောင့် ဒီတစ်ထောင့်ကနေ သွားဆွဲယူရမည့် လိုသုံး အကြောင်းအရာတစ်ခုလောက်သာ မဟုတ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် လိင်စိတ်ကွဲပြားစွာခံယူထားသူများကို ရန်ကုန်မြို့၌ တွေ့ရစဉ်။​ ဓာတ်ပုံ- Myanmar Now

ကျား-မစနစ်ဟု ဆိုရာတွင် တစ်တိုင်းပြည်လုံးရှိ ယောက်ျားအားလုံးက ထိပ်ပိုင်းတွင် တစ်သားတည်း အသာစီးရနေပြီး အမျိုးသမီးများကို ဖိနှိပ်ခြင်းမဟုတ်။ အချို့သော လူမျိုး၊ ဘာသာ၊ လူကုံထံလူတန်းစားနောက်ခံမိသားစုမှ မွေးဖွားကြီးပြင်း လာသော ယောက်ျားများသည်သာ အမြင့်ဆုံးအာဏာနှင့် အခွင့်ထူးခံရပြီး သူတို့မိသားစု/ အသိုင်းအဝိုင်း၏ အမျိုးသမီးများက ဒုတိယအခွင့်ထူးခံများဖြစ်သည်။ သူတို့ပြီးမှသာ အခြားအမျိုးသားများ၊ အမျိုးသမီးများနှင့် LGBTQ များ အဆင့်ဆင့် ရှိနေရာ ထိုစနစ်အောက် တဖြည်းဖြည်း ဆင်းလာသည်နှင့်အမျှ ဖိနှိပ်ခံလူတန်းစား၏ ယောက်ျားများ၊ အမျိုးသမီးများ၊ LGBTQ များ ဖြစ်နေသည်။ ထို့ကြောင့် လူ့အဖွဲ့အစည်းသည် ထက်အောက်ဖွဲ့စည်းထားသည့် ကျား-မ စနစ်လည်းဖြစ်သည်။

ဤ ကျား-မစနစ် ထိပ်ပိုင်းရှိ အခွင့်ထူးခံယောက်ျားများအတွက် သတ်မှတ်ထားသည့် ယောက်ျားပီသမှု စံနှုန်းသည် ထိုလူ့အဖွဲ့အစည်းတစ်ခုလုံး၏ ရှိအပ်သည့် (လိုလားအပ်သည့်) စံနှုန်းသတ်မှတ်ချက်ကဲ့သို့လည်း ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် ထိုစံနှုန်းနှင့် ကိုက်ညီသူမှသာ မိသားစု၊ ရပ်ရွာ၊ လုပ်ငန်းခွင်၊ အသိုင်းအဝိုင်း၏ ဦးစီးဦးဆောင်သူအဖြစ် အသိအမှတ်ပြုခံရမည် ဖြစ်သည့်အတွက် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ အသက်သွေးကြောသည် ထိုစံနှုန်းဖြစ်နေသည်။

သို့ရှိရာ ယောက်ျားဖြစ်မှုစံနှုန်းဆိုသည်မှာ ယောက်ျားပီသရေး “လက္ခဏာရပ်” လောက်ချည်းသာ မဟုတ်ပါ။ အမျိုးသားများနှင့်သာ သက်ဆိုင်သည်လည်း မဟုတ်ပါ။ အာဏာပါဝါ၊ အခွင့်ထူးခံ၊ အသိအမှတ်ပြုမှုရရှိရေး၏ အခြေခံဖြစ်နေသည့်အတွက် အမျိုးသားရော အမျိုးသမီးပါ ရှိသင့်သည့် (သို့မဟုတ်) လိုလားအပ်သည့် “စံနှုန်း”နှင့် “တန်ဖိုး” သဖွယ် ဖြစ်သွားသည်။

လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ပင်မ စံနှုန်း/တန်ဖိုးသဖွယ် တိတ်တဆိတ် အမြစ်တွယ်သွားသည်။ အနီးဆုံးတွင်ရှိနေသော်လည်း မည်သူမျှ မမြင်မကြား မထိမတို့ သတိမပြုမိသည့် အမှောင်အောင်းပြဿနာဖြစ်လာသည်။ 

ဆိုလိုသည်မှာ နိုင်ငံရေး-စီးပွားရေး-လူမှုရေး အခွင့်ထူးခံများမဟုတ် သော (တစ်နည်း ဖိနှိပ်ခံ) အလွှာမှ အမျိုးသားသည်လည်း ယောက်ျားဖြစ်မှုစံနှုန်းများနှင့် ကိုက်ညီရန် လိုအပ်လာသည်။ အောက်ဆုံးအဆင့်မှ ယောက်ျားများသည် အပေါ်သို့ ရောက်ရန် လက်တွေ့မဖြစ်နိုင်သော်လည်း ယောက်ျားပီသသည်ဆိုသည့် စံနှုန်းနှင့် ကိုက်ညီရန် လိုအပ်သည်။ လူကုံထံယောက်ျားများအား စံနမူနာများဖြစ်သည်ဟု ဆိုလိုခြင်း မဟုတ်ပါ။​ လူကုံထံရော ဖိနှိပ်ခံယောက်ျားများပါ သတ်မှတ်ထားသည့် ယောက်ျားစံနှုန်းနှင့် ကိုက်ညီရန် လိုအပ်နေသည်ဆိုသည့် ဘုံအချက်ကို ထောက်ပြခြင်း ဖြစ်သည်။

ယောက်ျားများသာမက အမျိုးသမီးများသည်လည်း အာဏာပါဝါ၊ လူကုံထံလူမှုအဆင့်အတန်းနှင့် အသိအမှတ်ပြုခံရရေးအတွက် ယောက်ျားဖြစ်မှုစံနှုန်း/တန်ဖိုးကို လက်ခံကျင့်သုံးကြရသည်။ အမျိုးသားနိုင်ငံရေးသမားများ/ စစ်သားများအကြား သူတို့နှင့် ရင်ပေါင်တန်းနိုင်ရေး ခေါင်းစဉ်အောက် သူတို့လုပ်နည်းလုပ်ဟန် (ဓလေ့) အတိုင်း နိုင်ငံရေး၊ စစ်ရေး အကောင်အထည်ဖော်သည့် သာဓကများကို မြန်မာပြည်ရော အခြားနိုင်ငံများတွင်ပါ တွေ့ နိုင်သည်။

မြန်မာသမ္မတ စဝ်ရွှေသိုက်နှင့် အစိုးရအဖွဲ့ဝင်များကို ၁၉၄၉ က တွေ့ရစဉ်။ မြန်မာ့သမိုင်းတွင် အမျိုးသမီး ဦးဆောင်သည့် အစိုးရအဖွဲ့ ၂၀၁၅ မှ ပေါ်ထွန်းသည်။ သို့သော် ငါးနှစ်အကြာတွင် စစ်တပ်က အာဏာပြန်သိမ်းသည်။

မြန်မာစစ်တပ်အတွင်း နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေလား

မြန်မာပြည်ကဲ့သို့ စစ်မက်ပဋိပက္ခ ဆယ်စုနှစ်များစွာဖြစ်ပွားနေပြီး စစ်တပ်နှင့် စစ်ဝါဒီလွှမ်းမိုးသည့် တိုင်းပြည်တွင် ယောက်ျားဖြစ်မှုစံသတ်မှတ်ချက်ကို စစ်ဝါဒီသွတ်သွင်းထားသည်ဟုလည်း ဆိုရမည်။ သမိုင်းတစ်လျှောက်တွင် ယောက်ျားများအား တိုင်းပြည်နှင့် ပြည်သူကို ကယ်တင်သည့် အာဇာနည် သူရဲကောင်းများဟု တင်စားသည်။ အသက်ပေးပြီး တိုင်းပြည်ကာကွယ်သည်ဆိုသည့် ဟီးရိုးအတွေးအခေါ်ကို ကျောင်းများ၊ ရုပ်ရှင်များ၊ စာပေများ၊ ဘာသာရေးဆရာများက သင်ပေး ဟောပေးကြသည်။ ကိုယ့်လူမျိုးနှင့် ဘာသာကို စောင့်ရှောက်ရန် အမျိုးသမီးများကို ကာကွယ်လိုကြသည်။ စစ်ဝါဒီသွတ်သွင်းထားသည့် ယောက်ျားဖြစ်မှုစံနှုန်းများကိုမူ သမိုင်းတစ်လျှောက် အဆင့်ဆင့်သယ်ဆောင်ထားသည်။ 

မြန်မာစစ်တပ်တွင် “မင်းယောက်ျားမဟုတ်ဘူးလား” ဟု အဆူခံရလျှင် စစ်သားများ အရာရှိများ အလွန်ရှက်ပြီး စိတ်ဆိုးတတ်ကြသည်ဟု သိရသည်။ ယောက်ျားပီသသည်ဆိုသည်မှာ ပေးထားသည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်း၊ သတ္တိရှိခြင်း၊ ပြတ်ပြတ်သားသား လုပ်နိုင်ခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ မရရအောင်လုပ်ခြင်း၊ မိမိတပ်/တပ်သား နိုင်အောင် ထိန်းနိုင်ခြင်း၊ ရန်သူကို အနိုင်ရအောင် လုပ်နိုင်ခြင်း၊ တိုက်ရဲခိုက်ရဲ သတ်ရဲဖြတ်ရဲခြင်း စသည်တို့ဖြစ်သည်။ 

ထိုခေါင်းစဉ်အောက် ယောက်ျားဆိုလျှင် ရဲရင့်ရမည်၊ ကြမ်းဖို့လိုလျှင် ကြမ်းရဲရမည်၊ ပြိုင်ဘက်ကို အင်အားသုံး အနိုင်ယူနိုင်ရမည်၊ မိမိဇနီး မိသားစု ရပ်ရွာနှင့် လုပ်ငန်းခွင်တွင် ဦးဆောင်သူ ထိန်းချုပ်သူ ဖြစ်ရမည်။ လိင်တူချစ်သူ မဖြစ်ရ၊ မျက်ရည်မလွယ်ရ၊ စိတ်မပျော့ရ၊ အညံ့မခံရ၊ မိသားစုနှင့် လုပ်ငန်းခွင်တွင် အမျိုးသမီးနောက်လိုက် မဖြစ်ရ စသဖြင့်တို့သည် သတ်မှတ်ထားသည့် ဖိုဝါဒီကြီးစိုးမှုအခြေပြု ယောက်ျားပီသမှုစံနှုန်းများဖြစ်သည်။ 

စစ်သားများအနေဖြင့် ယောက်ျားစစ်စစ်ဖြစ်ကြောင်း (တစ်နည်း လိင်တူချစ်သူမဟုတ်ကြောင်း) မြင်သာစေရန် အပေါင်းအသင်းများရှေ့တွင် မိန်းကလေးများကို နောက်ပြောင်ခြင်းမှအစ လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားကြောင်း အခြားရဲဘော်များသိအောင် ပြောရ/ပြုမူပြရသည်။ မိန်းကလေးများအား လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှုမြောက်သည့် လုပ်ရပ်ကို နှုတ်ဖြင့်ဖြစ်စေ ကိုယ်ထိလက်ရောက်ဖြစ်စေ တမင်လုပ်ပြခြင်းများလည်း ရှိသည်။

အထက်အရာရှိများကလည်း လိင်တူချစ်သူများရှိနေ/ဖြစ်နေမည့်အရေးကို အမျိုးသမီးများအပေါ် ချိုးဖောက်မှုထက် ပိုစိုးရိမ်သည့်အတွက် လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုများ ရှိလာပါက ယောက်ျားလေး သဘာဝကိစ္စ အဆန်းမဟုတ်ဟုသာ လျှောချလိုက်သဖြင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှုများသည် စာရင်းပျောက်သွားသည်။

သို့ရှိရာ အမျိုးသမီးများအပေါ် ချိုးဖောက်မှုသည် လုပ်ခွင့်ရှိနေသော ကိစ္စဖြစ်နေသည်သာမက ယောက်ျားဖြစ်ကြောင်း သက်သေပြရာတွင် သုံးသည့် နည်းလမ်းတစ်ခုလည်း ဖြစ်နေသည်။ ထို့ကြောင့် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှုကို နားလည်အောင် ကြည့်ရာတွင် လူတချို့၏ အမိုက်အမှားဟုသာ အပေါ်ယံမကြည့်သင့်ပေ။

ထိုပြဿနာသည် ယောက်ျားစံနှုန်း/တန်ဖိုးရှိအပ်သည့် ဖိုဝါဒီစနစ်၏ အစိတ်အပိုင်းအရင်းခံတစ်ခုဖြစ်ကြောင်းနှင့် ရန်သူကို အင်အားဖြင့် အနိုင်ယူသလို မိမိဘက်အမျိုးသမီးရော ရန်သူ့ဘက် အမျိုးသမီးကိုပါ လိင်ပိုင်းဆိုင်ရာ အနိုင်ယူသည့် ဓလေ့/အပြုအမူဖြစ်ကြောင်း ကြည့်ရန် လိုသည်။

စစ်သားအများစုသည် လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုကိစ္စပြောရင် အကဲဆတ်ကြသည်။ ချိုးဖောက်မှုမြောက်သည့် ကိစ္စကို ချိုးဖောက်မှုမြောက်မှန်း မသိလောက်အောင် သာမန်ကိစ္စ ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ လုပ်ထားခြင်းကြောင့်လည်းကောင်း၊ မုဒိမ်းမှုဖြစ်ပြီး အထက်သို့အမှု တက်မလာပါက စာရင်းပျောက်သွားခြင်းကြောင့်လည်းကောင်း တပ်တွင်းတွင် ချိုးဖောက်မှုမရှိဟု အမှန်တကယ် နားလည်မှားနေကြခြင်း ဖြစ်သည်။

လူ့အဖွဲ့အစည်းကိုယ်၌ကလည်း ခေတ်စကားဖြင့် ဆိုရလျှင် စစ်တပ်ဂျင်းကို နားယောင်ပြီး စစ်တပ်က သတ်မှတ်ထားသည့်  ယောက်ျားဖြစ်ခြင်းစံနှုန်းကို တစ်စုံတစ်ရာလက်ခံသည်ကို ငြင်းပယ်မရနိုင်ပါ။ ဥပမာ – သီဟတင်စိုး၏ စစ်ရုပ်ရှင်ဇာတ်ကားကြည့်ပြီး စစ်ထဲဝင်သော စစ်သားဟောင်းတစ်ဦးအား အင်တာဗျူး မေးဖူးသည်။ သမိုင်တစ်လျှောက် ပြည်သူများအား ရက်ရက်စက်စက် ဖိနှိပ်သည်ဆိုသည်ကို သိလျက်နှင့် ယောက်ျားပီသသော ရဲရင့်မှုဆိုသည့် ပုံရိပ်ကို နှစ်သက်သောကြောင့် စစ်သားဖြစ်ချင်သူများ တွေ့ဖူးသည်။

စစ်ဗိုလ်အားကျပြီး စစ်ဗိုလ်နှင့် အိမ်ထောင်ပြု (သို့မဟုတ် မိဘများက စီစဉ်ပေး) ကြသည်။ စစ်ထဲဝင်သော အမျိုးသမီးငယ်များသည်လည်း အမျိုးသမီးများဖြစ်သော်လည်း ဖိုဝါဒီအခြေပြု ရဲရင့်မှုနှင့် တိုင်းပြည်ကို ရဲရဲဝံ့ဝံ့ ကာကွယ်စောင့်ရှောက်ခြင်းဆိုသည့် ဂုဏ်ကို တစ်စိတ်တစ်ပိုင်း အားကျကြသည်။ စစ်ယူနီဖောင်းဝတ်ခြင်းကို အားရသည်။ သေနတ်ကိုင်ပြီး ဓာတ်ပုံရိုက်ခြင်းကို နှစ်သက်ကြသည်။ စစ်တပ်ကို မကြိုက်သော်လည်း စစ်ဝါဒီအခြေပြု ယောက်ျားစံနှုန်းကို မသိစိတ်က အားကျခြင်းဟု ဆိုရမည် ထင်သည်။

အင်္ဂလန်နိုင်ငံ တော်ဝင်စစ်တက္ကသိုလ်၌ ၂၀၁၃ တွင် တွေ့ရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ နောင် ၈ နှစ်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချကာ အာဏာသိမ်းသည်။

စစ်တပ်အတွင်း အရိုးစွဲလာသည့် အင်အားသုံးဖြေရှင်းမှု ဓလေ့ 

သစ္စာရှိခြင်း၊ ကတိတည်ခြင်း၊ မှန်မှန်ကန်ကန် ပြောဆိုခြင်းတို့ကို ယောက်ျားစကားဟု တင်စားပြီး မမှန်မကန်ပြောခြင်း၊ လှည့်လည်ပြောဆိုခြင်းကို မိန်းမကျင့် မိန်းမကြံဟု ရည်ညွှန်းကြသည်။ ကောင်း၏ဆိုသော အရာများသည် ယောက်ျားကိစ္စ၊ မကောင်း၏ဆိုသော အရာများသည် အမျိုးသမီးကိစ္စဟု ပိုင်းခြားလိုက်ခြင်း၏ အကျိုးဆက်တစ်ခုသည် အထက်စီရခြင်း/အောင်နိုင်ခြင်းကို ယောက်ျားအလုပ်ဟု ဖြစ်စေပြီး အရှုံးပေးခြင်း (မအောင်မြင်ခြင်း၊ ခံရခြင်း၊ အောက်ကျခြင်း) ကို အမျိုးသမီးအလုပ်ဟု ဖြစ်သွားစေသည်။ သို့ရှိရာ ယောက်ျားစစ်စစ်ဆိုလျှင် အနိုင်ရရမည်၊ အောင်မြင်ရမည်ဖြစ်ပြီး လိုအပ်ပါက ရဲရဲဝံ့ဝံ့လုပ်ရမည်။ တစ်နည်း – ကိုယ်လိုချင်တာ မရရအောင် ယူရမည်၊ လိုအပ်လျှင် အင်အားသုံးရဲရမည်ဟူသည့် အဓိပ္ပာယ်ဖြစ်သွားသည်။ 

တစ်ချိန်တည်းတွင် “ယောက်ျားစကား” ဆိုသည့် နားလည်မှုနောက်ကွယ်တွင် အမျိုးသမီးများသည် အတင်းအဖျင်းပြောတတ်သူ၊ သတင်းစကားတစ်နေရာမှ တစ်နေရာသို့ သယ်တတ်သူ၊ သားပုပ်လေလွင့် ပြောတတ်သူဆိုသည့် ပုံသေကားကျ အမှားအခြေခံမှ ချဉ်းကပ်သဖြင့် စကားပြောခြင်းသည် “မိန်းမ” အလုပ်၊ လက်တွေ့လုပ်ခြင်းသည် ယောက်ျားအလုပ် (အထူးအဖြင့် ပြတ်ပြတ်သားသား သတ္တိရှိရှိလုပ်ခြင်း) ဟု စဉ်းစားခံသဖြင့် ပြဿနာတစ်ခုခုကို အင်အားသုံးဖြေရှင်းလိုက်ခြင်းသည် ယောက်ျားတို့ လုပ်ရမည့် အလုပ်ဟု ဖြစ်သွားစေသည်။ 

ရွေးကောက်ပွဲအကြောင်းပြကာ စစ်တပ်အင်အားသုံးပြီး မတရားအာဏာလုယုခြင်း၊ အာဏာသိမ်းပြီးစတွင် လက်နက်မဲ့ အကာအကွယ်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ကျောင်းသားလူငယ်များအား ခေါင်းတည့်တည့်ပစ်သတ်ခြင်း၊ ကားဖြင့် ဝင်တိုက်ခြင်း၊ ရိုက်နှက်ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်အတွင်း အရပ်သားပြည်သူပစ္စည်းများ လုယက်ဖျက်ဆီးခြင်း၊ ပဋိပက္ခဒေသများတွင် ရွာလုံးကျွတ်မီးရှို့ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ခြင်း စသည်တို့သည် စစ်ဝါဒီအခြေပြု ယောက်ျားပီသမှုကို ဗဟိုပြုထားသည့် ဖိုဝါဒီစနစ်ကြောင့်ဖြစ်သည်။

ရန်ကုန်မြို့တွင် ၂၀၂၁ ဖေဖော်ဝါရီက ပြုလုပ်သည့် ဆန္ဒပြပွဲတစ်ခု။ တစ်ကျော့ပြန် စစ်အာဏာသိမ်းမှုကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်ကြသူများထဲတွင် အမျိုးသမီးများ ထိပ်ဆုံးမှ ပါဝင်သည်။ ဓာတ်ပုံ – Myanmar Now

လူ့အဖွဲ့အစည်း၏ ဖိုဝါဒီစနစ်ကြောင့် စစ်တပ်အကြမ်းဖက်တာဟု ဆိုလိုခြင်းမဟုတ်၊ လူ့အဖွဲ့အစည်း၏ အရိုးစွဲဖိုဝါဒီသည် စစ်တပ်၏ နှစ်ကာလများစွာ ကျင့်သုံးသည့်  စစ်ဝါဒီယောက်ျားဖြစ်ရေးဂျင်း၏ အကျိုးသက်ရောက်မှု/ ရောင်ပြန်ဟပ်မှုဖြစ်ကြောင်းနှင့် စစ်အာဏာရှင်စနစ်အပါအဝင် ပြဿနာများကို အင်အားသုံး ရုန့်ရင်းကြမ်းတမ်းစွာ ဖြေရှင်းသည့်ဓလေ့ပြဿနာကို အထူးအလေးထား ဆန်းစစ်ရန် လိုကြောင်း ထောက်ပြလိုခြင်းဖြစ်သည်။ 

ပြန်ချုပ်ရလျှင် – 

ယောက်ျားများသည် ကျား-မ တန်းတူရေးဟု ကြားလျှင် အပိုအလုပ်ဟု ထင်တတ်ကြသည်။ ဖိုဝါဒီဆိုသည့် စကားလုံးကြားလျှင် သက်သောင့်သက်တာမရှိ ဖြစ်တတ်ကြသည်။ အမျိုးသမီးအခွင့်အရေးဆိုလျှင် အမျိုးသမီးကာကွယ်ရေးနှင့် အမျိုးသမီးများနိုင်ငံရေးတွင် “ပါဝင်ခွင့်ပေးရေး” ကို အလိုက်သင့် ပြောရသလောက် အဆင့်ဖြင့်သာ ကြည့်ချင်ကြသည်။ 

၁၉၈၈ နှောင်းပိုင်း နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကျား-မတန်းတူရေးနှင့် အမျိုးသမီးအခွင့်အရေးပြောပါက ဦးတည်ရမည့် နိုင်ငံရေးရည်မှန်းချက် အာရုံလွဲသွားစေနိုင်ကြောင်း နားလည်လွဲမှားစွာ ရှုမြင်ကြသည်။ ယခုနွေဦးတော်လှန်ရေးကာလတွင်လည်း ဖိုဝါဒီအကြောင်းပြောပါက တော်လှန်ရေးလုပ်ငန်းစဉ် ဝေဝါးသွားလိမ့်မည်ဟု စဉ်းစားမည့်လူများ မလွဲမသွေရှိလိမ့်မည်။ သို့သော် အကယ်၍ စစ်တပ်ရော မြန်မာ့လူအဖွဲ့အစည်းအတွင်းတွင်ပါ အမြစ်တွယ်နေသည့် ဖိုဝါဒီနှင့် စစ်ဝါဒီသွတ်သွင်း ယောက်ျားဖြစ်မှုစံနှုန်း/တန်ဖိုးများသည် စစ်တပ်အကြမ်းဖက်မှုနှင့် ပဋိပက္ခကို ဖြစ်စေသည့် အကြောင်းရင်းခံဖြစ်နေသည် ဆိုကြပါစို့။

ထိုပြဿနာကို မကိုင်တွယ်လျှင် တော်လှန်ရေးပန်းတိုင်ရောက်မည် မဟုတ်ပါ။ ယခုတော်လှန်ရေးတွင် အတွေးအခေါ်ပြောင်းလဲရေးသည်လည်း အရေးကြီးသည့်အတွက် ရှုထောင့်ပေါင်းစုံမှ စဉ်းစားပြီး လူ့အဖွဲ့အစည်း၏ အခြေခံပြဿနာများကို ပစ်မှတ်ထားရန် လိုအပ်သည်။

ထိုအထဲမှ အထူးအလေးထားဆန်းစစ်ရမည့် ရှုထောင့်မှာ

စစ်တပ်တွင်းတွင်ရော လူ့အဖွဲ့အစည်းတွင်ပါ အမြစ်တွယ် အရိုးစွဲနေသော ဖိုဝါဒီသည် အမျိုးသမီးများသာမက ယခု တစ်နိုင်ငံလုံး ခါးစည်းခံနေရသည့် ပဋိပက္ခနှင့် အကြမ်းဖက်မှု ဒုက္ခ၏ အကြောင်းရင်းခံဖြစ်နေသလားဆိုသည့် မေးခွန်းဖြစ်သည်။ အလားတူပင် …

စစ်တပ်နှင့် လူ့အဖွဲ့အစည်းအတွင်း နားလည်ထားသော စစ်ဝါဒီသွတ်သွင်းထားသည့် ဖိုဝါဒီအခြေ ပြု ယောက်ျားဖြစ်မှုစံနှုန်း/တန်ဖိုးများသည် အကြမ်းနည်းဆီကိုသာ တွန်းပို့နေသလား၊ သို့တည်းမဟုတ် အခြားအကြောင်းအရာများက ဖိုဝါဒီ/ယောက်ျားဖြစ်မှုစံနှင့် တန်ဖိုးကို အင်အားသုံး အကြမ်းဖက်မှုဆီ ရောက်အောင် တွန်းအားပေးနေသလားဆိုသည့် မေးခွန်းဖြစ်သည်။

ကချင်ပြည်နယ်တစ်နေရာတွင် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် အမျိုးသမီးများ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ – Myanmar Now

အတွေးအခေါ်ပိုင်းဆိုင်ရာ မေးခွန်းထုတ်ဆန်းစစ်သည့်တစ်ချိန်တည်းတွင် လက်တွေ့လုပ်နိုင်သည့် ကိစ္စများ လုပ်ရန် လိုအပ်သည်ဟု မြင်သည်။ အချို့ အကြံပြုလိုသည့် အချက်များမှာ –

စစ်တပ်အတွင်း ယောက်ျားဖြစ်မှုစံ/တန်ဖိုး သွတ်သွင်းသင်ကြားရယူပုံနှင့် စစ်သားတို့၏ ပြဿနာဖြေရှင်းခြင်းဆိုင်ရာ စိတ်သဘောထား/အပြုအမူ/ဓလေ့ကို စစ်သားဟောင်းများ၊ စစ်သည်ဇနီး /မိသားစုများနှင့်အတူ စနစ်တကျလေ့လာခြင်း။

မြန်မာလူ့အဖွဲ့အစည်း၏ ယောက်ျားဖြစ်မှုစံနှုန်း/တန်ဖိုးသဘောသဘာဝ၊ ထိုစံနှုန်း/တန်ဖိုးနှင့် အင်အားသုံးဖြေရှင်းသည့် ဓလေ့ ဆက်စပ်ပုံနှင့် ထိုဆက်စပ်မှုပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ လေ့လာခြင်း၊ ဆွေးနွေးပွဲများလုပ်ခြင်း။

ပညာရှင်၊ လေ့လာသူ၊ သုံးသပ်သူများသာမက လူတန်းစားအလွှာအသီးသီး နားလည်နိုင်သည့် နည်းလမ်းများဖြင့် စစ်ဝါဒီသွတ်သွင်း ယောက်ျားဖြစ်မှုစံ/တန်ဖိုးကိစ္စ ပညာပေးများ ဆောင်ရွက်ခြင်း။

လူ့အဖွဲ့အစည်းသည် ဖိုဝါဒီအခြေပြု ကျား-မစနစ်ဖြစ်ကြောင်း နားလည်လက်ခံပြီး မိသားစု၊​ လုပ်ငန်းခွင်၊ ရပ်ရွာ၊ အဖွဲ့အစည်းများ၏ လုပ်ရပ်တိုင်းတွင် LGBTQ အပါအဝင် ကျား-မရေးရာ မညီမျှမှု/မတူညီမှုများကို အလေးထားသတိမူခြင်း။

လေ့လာသုံးသပ်သူများက ဖိနှိပ်မှု၊ အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုတို့ကို ကြည့်ရာတွင် လူမျိုး၊ ဘာသာ၊ လူတန်း စား၊ လိင်/ကျား-မနှင့် အခြားအမှတ်သညာများ၏ ဆုံချက်ကို ပူးတွဲလေ့လာရန် လိုကြောင်း ထောက်ပြသည်။​ သို့သော် ဖိုဝါဒီစနစ်အကြောင်းကို အဓိက မီးမောင်းထိုးပြလိုသဖြင့် ဤဆောင်းပါးတွင် ဖိုဝါဒီတစ်ခုတည်းကို ဦးစားပေးဆွေးနွေးထားသည်။

ဖိုဝါဒီနှင့် အကြမ်းဖက်မှုဆက်စပ်ပုံကို အဖြေထုတ်ပေးသည့် ပြီးပြည့်စုံသော ဆောင်းပါးတော့ မဟုတ်ပါ။ မေးသင့်သည့်မေးခွန်းမေးရန် လိုအပ်ကြောင်းနှင့် အနိမ့်ဆုံးအဆင့် လုပ်နိုင်မည်ဟု ယူဆသည့် အချက်အချို့ကို ကနဦးထောက်ပြခြင်းသာဖြစ်သည်။

ကျား-မရေးရာ လေ့လာသုံးသပ်သူများသာမက နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသူများရော အများပြည်သူများကပါ သတိပြုမိစေရန်နှင့် ဆက်လက် စဉ်းစားဆွေးနွေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်း ဧရာဝတီတိုင်းတွင် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှု။ ဓာတ်ပုံ – EPA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button