
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ ဝမ်းဘဲအင်းရွာတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်သားများက ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရချိန် ပစ္စည်းများကို စိတ်ကြိုက်ယူဆောင်ခြင်း၊ နေအိမ်များကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အိမ်ခြေ ၃၂၀ ကျော်ရှိသည့် ဝမ်းဘဲအင်းရွာတွင် စစ်သား ၁၅၀ ခန့်က စက်တင်ဘာ ၂၉ မှစ၍ နှစ်ရက်ကြာ တပ်စွဲခဲ့သည်။ စစ်တပ်ပြန်ထွက်သွားပြီး အောက်တိုဘာ ၁ ရက်တွင် နေရပ်သို့ ပြန်လာစဉ် မွှေနှောက်ခံထားရသည့် ဈေးဆိုင်များ၊ ဖျက်ဆီးထားခဲ့သည့် အပ်ချုပ်စက် အလုံး ၃၀ ကျော်နှင့် အခြားအပျက်အစီးများစွာ တွေ့ခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ရွာထဲမှာရှိတဲ့ အိမ်အားလုံးပဲဗျ။ တစ်အိမ်မှ မကျန်ဘူး။ အားလုံးကို ရိုက်ဖျက်ပြီး မွှေသွားတာ။ တံခါးဖျက်ပြီး ဝင်တယ်။ ဝင်ပြီးတော့မှ အိမ်ထဲမှာရှိတဲ့ တီဗီတို့ဘာတို့ အကုန်လုံး သူတို့ဖျက်စရာရှိတာ ဖျက်သွားတယ်။ အကုန်လုံးသွန်မှောက်တယ်၊ ရှာတယ်၊ သူတို့ရသမျှ အကုန်ယူတယ်” ဟု ၎င်းက ပြောသည်။
အောက်တိုဘာ ၃ ရက်တွင် စစ်သားများ တစ်ဖန်ပြန်လည်ရောက်ရှိလာပြီး ကျေးရွာအတွင်း ယနေ့တိုင် တပ်စွဲနေကြောင်း၊ လက်ရှိတွင် ရွာခံ သုံးပုံနှစ်ပုံခန့်မှာလည်း ပြန်လည်နေထိုင်နေပြီဖြစ်ကြောင်း ထိုသူ့ထံမှ သိရသည်။
တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားစဉ် စစ်တပ်အထိနာခဲ့သည့် စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူး၊ ဝန်းသို၊ ကောလင်းမြို့များကို စစ်ကောင်စီက စက်တင်ဘာ ၂၅ တွင် လေကြောင်းဖြင့်ပါ တိုက်ခိုက်ခဲ့သည်။
ယင်းအပြင် ထိုနေ့နောက်ပိုင်းမှစ၍ ယနေ့(အောက်တိုဘာ၁၁) အထိ ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသဖြင့် ဒေသတွင်း သတင်းစီးဆင်းမှုများ ရပ်တန့်နေသည်။
“သတင်းတွေက ဘယ်လိုမျိုးတက်နေလဲ ရွာသားတွေက မသိရဘူး။ ပြီးတော့ သတင်းတွေက မဟုတ်ဘဲနဲ့ ကြေညာနေမှာလည်း တအားစိုးရိမ်နေတယ်။ ရွာသားတွေရဲ့ ပူပန်မှုက အခုအချိန်က (အင်တာနက်) လိုင်းတွေမရတော့ သတင်းပဲ။ မဟုတ်ဘဲနဲ့ ချဲ့ထွင်ပြီး ရေးမှာလည်း တအားကြောက်တယ်” ဟု အထက်ပါ သတင်းရင်းမြစ်ကပင် ပြောသည်။

ပင်လည်ဘူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ဝင်တစ်ဦး၏ အဆိုအရ စစ်သားများမှာ ဝမ်းဘဲအင်းရွာအပြင် အနီးရှိ ကနီနှင့် အင်္ဂါးရွာတို့ကိုလည်း ဝင်ရောက်ဖျက်ဆီးခဲ့သလို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ပေကုန်းရွာနေ အလယ်တန်းကျောင်းအုပ် ဦးကျော်ဇင်ထွန်းကို ထိုကာလအတွင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို့အတူ ပင်လည်ဘူးမြို့ပေါ်တွင် အင်အား ၄၀၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဒေသတွင်း စစ်ရေးလှုပ်ရှားမှုများ တရစပ်ပြုလုပ်နေကြောင်း၊ အောက်တိုဘာ ၈တွင် ဒေသတွင်းရှိ PDF စခန်းတစ်ခုကို လက်နက်ကြီးပစ်ကူပါ သုံး၍ သိမ်းပိုက်ခဲ့ကြောင်း၊ ဖုန်းနှင့် အင်တာနက်မရသည့် အခြေအနေကြောင့် အသေးစိတ်ကိစ္စများကိုမူ အတည်ပြုနိုင်ရန် ခက်ကြောင်း ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့မှာ ပစ်စရာ ကျည်ဆန်မရှိဘူးဗျ။ အဲဒါကြောင့် ကျွန်တော်တို့ ပတ်ရှောင်နေရတယ်။ သူတို့မပစ်ခင်ကတည်းက ကျွန်တော်တို့အကုန်လုံး ရှောင်လို့နေလိုက်တာ။ အဲဒီနားက ရွာက အုပ်ချုပ်ရေးမှူး သတင်းသွားပေးတာဗျ” ဟု PDF တပ်ဖွဲ့ဝင်က ပြောသည်။
ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသိုတို့တွင် စက်တင်ဘာလကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၄၀ ခန့် သေဆုံးကာ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်က သတင်းထုတ်ပြန်သည်။
ထိုတိုက်ပွဲများထဲမှ အချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကြီးကြပ်ခဲ့သည်ဟု NUG ၏ ထုတ်ပြန်ချက်တွင် ပါဝင်သော်လည်း KIA ဘက်က သီးခြားမှတ်ချက်ပြုထားခြင်း မရှိပေ။
ထို့အတူ နိုင်ငံအနှံ့ ပြည်သူ့တော်လှန်ရေးစပြီဟု စက်တင်ဘာ ၇ တွင် ကြေညာခဲ့သည့် NUG က စစ်ကောင်စီကို ရရာလက်နက်ဖြင့် ခုခံနေသည့် ဒေသအခြေစိုက် PDF အဖွဲ့များအပေါ် မည်သို့ ပံ့ပိုးကူညီနေသည်ကို ရှင်းလင်းစွာမသိရသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)