မေးမြန်းခန်း

“ရှမ်းတောင်ရဲ့ ပထမဆုံးအရွေ့တစ်ခုကို ဖော်ဆောင်နိုင်ခဲ့တယ်”၊  အင်တာဗျူး  

ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် ညီညွတ်သော ရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု (USSFU) ဆိုသော အဖွဲ့က ယခုလ ၁၂ ရက်တွင် စစ်ကောင်စီတပ်စခန်းတစ်ခုကို ပထမဆုံးအကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ သည်။ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) လှုပ်ရှားရာ ဆီဆိုင်မြို့နယ်ရှိ စစ်တပ်က စခန်းကို တိုက်ခိုက်စဉ် စစ်သား ၂၀ ထက်မနည်း သေဆုံးသည်ဟု ဆိုသည်။

ရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစုတွင် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) နှင့် အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) လက်အောက်ခံအဖွဲ့များဖြစ်သည့် အမှတ် ၁၀၀၅၊ ၁၀၀၈ နှင့် ၁၀၀၉ တပ်ရင်းများ နှင့် PDF တပ်ရင်းတစ်ခု ပါဝင်သည်ဟု သိရသည်။

ရှမ်းပြည်တောင်ပိုင်း အခြေစိုက် တော်လှန်ရေးအဖွဲ့များ၏ ပွဲဦးထွက်တိုက်ပွဲအကြောင်း၊ ဒေသတွင်း စစ်ရေးလှုပ်ရှားမှု၊ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့နှင့် ရင်ဆိုင်ရနိုင်သည့် အခြေအနေ တို့နှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF) တာဝန်ရှိသူ ခွန်သီဟထူးဇော်ကို ဆက်သွယ်မေးမြန်းထားသည်။ 

မေး – စက်တင်ဘာ ၁၂ ရက်နေ့က တိုက်ပွဲအခြေအနေ ပြောပြလို့ ရနိုင်မလား။ တိုက်ပွဲအချိန် ဘယ် လောက်ကြာခဲ့လဲ။ 

ဖြေ – တိုက်ပွဲမနက်ပိုင်း ၆ နာရီကျော်ကျော်လောက်မှာ ပစ်ခတ်ခဲ့တယ်။ စခန်းနှစ်ခုပေါ့။ နောင်ထောဝ်ရဲ အရှေ့ဘက် တည့်တည့်မှာရှိတဲ့ ပွန်ချောင်းနဲ့ကပ်နေတဲ့ စခန်းတစ်ခုရယ်။ (ဆီဆိုင်မြို့နယ်အတွင်းရှိ) နောင်ထောဝ်ရဲ့ တောင်ဘက်မှာ ရှိတဲ့ စခန်းတစ်ခုကို ပြိုင်တူတစ်ချိန်တည်းမှာ ထိုးစစ်ဆင်တယ်ပေါ့။ ၆ နာရီကျော်ကျော်လောက်မှာ ထိုးစစ်ဆင်ခဲ့တယ်။ ၉ နာရီ ၁၅ မိနစ် လောက်မှာ တိုက်ပွဲကိုအဆုံး သတ်တယ်ပေါ့။ 

မေး- အဲ့ဒီစခန်းနှစ်ခု စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းတွေလား။ ဘယ်လိုစခန်းတွေလဲ။

ဖြေ – ရှေ့တန်းစခန်းတွေလို့လည်း ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ရှမ်း – ကယား နယ်စပ်မှာ ချထားတယ်။ တစ်ဖက်က နောင်ထောဝ်ဂိတ်က PNO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်ရဲ့  နယ်မြေနဲ့ သူတို့က(စကစ) အထိုင်ချထားတာရှိတယ်ပေါ့။ တစ်ဖက်မှာ နောင်ထောင်ဝ်ဘက် တောင်ဘက်မှာရှိတာက ကရင်နီနယ်စပ်လောက်မှာ သွားကျတယ်။ ရှေ့တန်းစခန်းလို့ ပြောလို့ရမှာပေါ့။ 

မေး- အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ဘယ်လိုရှိလဲ။ 

ဖြေ – စခန်းနှစ်ခုမှာ ထိခိုက်သွားတဲ့ ကျဆုံးသွားတဲ့အခြေအနေက ၂၀ ထက်မနည်းဘူး။ တိကျတဲ့ လူဦးရေတော့ ကျွန်တော်တို့မှာ မရခဲ့ဘူး။ ဒါပေမယ့် ၂၀ ထက်မနည်းဘူး။ 

မေး – တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကရော ဘယ်လိုထိခိုက်မှုတွေရှိခဲ့လဲ။ 

ဖြေ – ကျွန်တော်တို့မှာ အသေးစားထိခိုက်မှုတွေရှိခဲ့တယ်။ အမှတ် ၁၅၀၀ တပ်ရင်းက ရဲဘော်တစ်ယောက် ၇၉ မမ လက်နက်ပစ်ရင်းနဲ့ မတော်တဆဖြစ်ပြီး ပြောင်းကွဲသွားတယ်။ ဒဏ်ရာတော့ အနည်းငယ်ရသွား တယ်။ မစိုးရိမ်ရဘူး။ ကျန်တဲ့ တစ်ခြားတပ်ရင်းတစ်ခုက ရဲဘော်တစ်ယောက်ကလည်း ၇၉ အစ ထိတယ်။ 

မေး- စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေယာဉ်တွေနဲ့လည်းပစ်တယ်လို့ သိရတယ်။ အဲဒီအခြေ အနေ ပြောပြပါဦး။

ဖြေ – လေယာဉ်က ဂျက်ဖိုက်တာပေါ့။ လေယာဉ်လာတာကို သတင်းရတဲ့အချိန်မှာ ကျွန်တော်တို့ ဆုတ်ခွာ တယ်ပေါ့။ ကျွန်တော်တို့ ဆုတ်ခွာပြီး မကြာဘူး။ ဆယ်မိနစ်လောက်ရှိတဲ့အချိန်မှာ လေယာဉ်က တစ်စီး လာတယ်။ ဂျက်ဖိုက်တာတစ်စီး လာတယ်။ ပထမဆုံးအနေနဲ့ ဗုံးကြဲတယ်။ ဒုတိကအကြိမ် ဗုံးကြဲတယ်။ နောက် တတိယတစ်ကြိမ်၊ စတုတ္ထနဲ့ ပဉ္စမအကြိမ်ရယ် ပွိုင့်ဖိုက်နဲ့ပစ်တယ်ပေါ့။ ပစ်လို့ပြီးတဲ့အချိန်မှာ မပြန်ဘဲနဲ့ နယ်မြေကို ကြည့်တယ်။ သုံးခေါက်လောက်ကြည့်ပြီးတော့မှ သူတို့ပြန်သွားတယ်။ ပြန်သွားပြီး တဲ့နောက်မှ ကင်းထောက်လေယာဉ်တစ်စီး ထပ်လာတယ်။

မေး- လက်နက်ကြီးပစ်ကူက ဘယ်စခန်းက ပစ်တာလဲ။

ဖြေ – ကျွန်တော်တို့ အောက်ဘက်စခန်းတစ်ခုကို ဖိပြီးတော့ ထိုးစစ်ဆင်တဲ့အချိန်မှာ အပေါ်စခန်းကနေပြီး တော့ ၆၀ မမနဲ့ အောက်စခန်းကို လက်နက်ကြီး ပစ်ကူပေးတယ်။ ကျွန်တော်တို့ ထိခိုက်မှု သိပ်မရှိပါဘူး။ သူတို့ထိရောက်တာ မရှိဘူး။ 

မေး – PNO အဖွဲ့က တပ်ကူလာတယ်လို့သိရတယ်။ အဲ့ဒီအချိန်မှာ သူတို့က အင်အားဘယ်လောက်နဲ့ ဘယ်လိုမျိုးလာ တာလဲ။

ဖြေ – PNO ကတော့ အမှတ် ၄၂၄ တပ်ရင်းနဲ့ပူးပေါင်းပြီးတော့ စစ်ကူလာတယ်။ စစ်ကားတစ်စီး၊ PNO က စစ်ကားနှစ်စီး စုစုပေါင်း ၃ စီးပေါ့။ ခန့်မှန်းခြေကတော့ တစ်စီးကို ၂၅ ယောက်ပါမယ်လို့တော့ ကျွန်တော်တို့ ခန့်မှန်းတယ်။ 

မေး- စစ်ကောင်စီဘက်က PNO က စစ်ကူပေးတဲ့အပေါ်ဘယ်လိုရှုမြင်လဲ။ ပအိုဝ်းလက်နက်ကိုင် အချင်းချင်း မလွှဲသာ မရှောင်သာတိုက်ခိုက်ရမယ့်အခြေအနေမျိုးတွေရှိလာရင် ဘယ်လိုဆုံးဖြတ်မလဲ။ 

ဖြေ – ကျွန်တော်တို့အနေနဲ့ တော်လှန်ရေးလုပ်နေတဲ့တပ်ဖွဲ့ ဘယ်တပ်ဖွဲ့မဆို ရန်သူမရှာဘူး။ မိတ်ဆွေရှာ တယ်။ မိတ်ဆွေ ရှာတယ်။ ဒီလိုပါပဲ။ PNO အနေနဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းဘဲ ကျွန်တော်တို့ဘက်ကို ဘက်ပြောင်းလာရင်တော့ မိတ်ဆွေအနေနဲ့ မဟာမိတ်အနေနဲ့ စကားပြောလို့ရတယ်။ 

ဒါပေမဲ့ စစ်ကောင်စီနဲ့ အခုတိုင်းပဲ ပုံမှန်အတိုင်းပဲ ပူးတွဲပြီး အကူအညီတွေ ပေးနေမယ်။ နယ်မြေရှင်းလင်း ရေးတွေ လုပ်ကူနေမယ်ဆိုရင်တော့ ကျွန်တော်တို့က ဒါကတော့ ရွေးချယ်စရာမရှိတော့ဘူးပေါ့။ PNO ကို တော့ ပြည်သူ့ ဘက်ပါလာမယ်လို့ သိပ်လည်းမမျှော်လင့်ဘူး။ ဒီအတွက်လည်း စိတ်ပြောင်းသည်ဖြစ်စေ မပြောင်းသည်ဖြစ်စေ လုပ်စရာရှိတာ ဆက်လုပ်သွားမှာပါ။

မေး –အဲဒီနေ့တိုက်ပွဲမှာ PNO စစ်ကူလာလို့ ပြန်ဆုတ်ခဲ့ရတယ်လို့ ထုတ်ပြန်ထားတယ်ရှိပါတယ်။ ဘာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာပါလဲ။ 

ဖြေ – တပ်ပေါင်းစုက ရှမ်းပြည်ကို ထိုးစစ်ဆင်ဖို့ ပထမဆုံး မစ်ရှင်ဆွဲတဲ့အချိန်မှာ အကုန်လုံးက သက်ဆိုင်ရာ တပ်ရင်းအသီးသီးက ဆုံးဖြတ်ချက်ချတယ်။ PNO ကို ဘယ်လိုကဏ္ဍကနေပြီး ထည့်သွင်းစဉ်းစားမလဲ။ 

လက်ရှိအနေအထားအရ PNO ကို ကျွန်တော်တို့ သွားထိမယ်ဆိုရင် ပအိုဝ်းဒေသခံတွေက ကျွန်တော်တို့ကို အမြင် ပြောင်းလာတာရှိတယ်။ အမြင်လွဲလာတာရှိတယ်။ ဒီဟာတွေကြောင့် PNO ကို ထိပ်တိုက်ရင်မဆိုင် ဘဲ ရှောင်ထွက်ပေးခဲ့တယ်။ စစ်ဆင်ရေးမစခင်ကတည်းက ကြိုတင်ပြီးတော့ စဉ်းစားထားတဲ့အချက်တွေ ပေါ့။ 

မေး – တစ်ဖွဲ့ချင်းမဟုတ်ဘဲ တပ်ပေါင်းစုအနေနဲ့ ပူးပေါင်းပြီးတော့ စစ်ဆင်ရေးလုပ်တာက ဘာတွေ ကွာခြားသွားလဲ။ အတွေ့အကြုံက ဘာတွေရှိလဲ။ 

ဖြေ – မတူတဲ့ တပ်ရင်း ၅ ရင်းကနေပြီး စုဖွဲ့ပြီးတော့ တစ်ဖွဲ့တည်းနဲ့သွားတဲ့အချိန်မှာ အဓိက စစ်ကြောင်း နှစ်ကြောင်း ပေါ့။ စစ်ကြောင်းနှစ်ကြောင်းနဲ့ တပ်ပေါင်းစုအနေနဲ့ သွားတဲ့အချိန်မှာ အောက်ခြေရဲဘော်ရဲ့ COC ကို တည်ဆောက်တဲ့အချိန်မှာ အချိန်အတော်ယူခဲ့ရတယ်။ 

ကျွန်တော်တို့မှာ ရည်မှန်းချက်တူတဲ့ အတွက်ကြောင့် ခိုင်ခိုင်မာမာ အပြန်အလှန် ကူညီမှုတွေနဲ့ အခက်အခဲ တော်တော်များများကို ကျော်ဖြတ်နိုင်တယ်။ ပိုကောင်းတဲ့အားကို ကျွန်တော်တို့ရခဲ့တယ်။ တပ်ရင်း တစ်ရင်းတည်းမလုပ်နိုင်တဲ့အလုပ်ကို တပ်ရင်း ၅ ရင်းနဲ့ စုပေါင်းပြီးလုပ်တဲ့အချိန်မှာ ရှမ်းတောင်ရဲ့ ပထမဆုံးအရွေ့တစ်ခုကို ဖော်ဆောင်နိုင်ခဲ့တယ်။ 

မေး – ရှမ်းတောင်ဘက်က စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုအခြေအနေကိုရော ပြောပြလို့ရမလား။

ဖြေ- သူတို့ စစ်ဗျူဟာချထားတဲ့အခင်းအကျင်းကိုကြည့်ရင် ပင်လောင်းနဲ့ ဖယ်ခုံနယ်စပ်မှာ စစ်ပွဲက ဖြစ်နေပြီးသား။ စစ်မျက်နှာကလည်း ဖွင့်နေပြီးသားအခြေအနေမှာ အဲ့ဒီဘက်က စစ်အင်အားတွေ တိုးချဲ့ ပို့နေတဲ့အနေအထားတော့ ရှိတယ်ပေါ့။ ပင်လောင်းမြို့နယ်တစ်ကျောမှာလည်း စစ်အင်အားတိုးချဲ့ ထားတယ်။ 

အခြားနေရာတွေမှာ PNO ကို အဓိကထားပြီး အားကိုးနေတယ်။ နယ်မြေစိုးမိုးမှုတွေ၊ PDF ‌တွေ မဝင်လာ စေရေးကိစ္စကို စကစရဲ့ အင်အားချိနဲ့မှုရှိနေလို့ PNO ကို အသုံးချပြီးခိုင်းထားတယ်ပေါ့။ ရှမ်းတောင် ပအိုဝ်း နယ်စပ်တစ်လျှောက်မှာ PNO ‌တွေ ချထားတယ်။ စစ်ကောင်စီတပ်တွေ ချထားတာမရှိဘူး။ စစ်ကောင်စီက ပင်လောင်းနဲ့ ဖယ်ခုံကြားထဲမှာပဲ ချထားတာရှိတယ်။ 

မေး- အဖွဲ့အနေနဲ့ NUG နဲ့ ထိတွေ့ ဆက်ဆံမှုတွေ ဘယ်လိုရှိလဲ။ လက်နက်ခဲယမ်းထောက်ပံ့တဲ့ အခြေအနေ တွေ ရှိလား။ 

ဖြေ – ကျွန်တော်တို့အနေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်မှုရှိပါတယ်။ တရားဝင် တွေ့ဆုံထား တာ ရှိပါတယ်။ အခုထက်ထိတော့ NUG ကနေပြီးတော့ လက်နက်ခဲ့ယမ်းထောက်ပံ့တယ်လို့တော့ မရှိ သေးပါဘူး။ 

မေး – နောက်တစ်ချက်က အစ်ကိုတို့ PNDF ရဲ့ ရည်မှန်းချက်နဲ့လမ်းစဉ်ကိုလည်း ပြောပြပါဦး။ 

ဖြေ – ကျွန်တော်တို့ ရည်မှန်းချက်က တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးမူဝါဒကို ချမှတ်တယ်။ တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်ရေးဆိုတာကို မူမှာလည်း ပါတယ်။ ရည်းမှန်းချက်မှာလည်း ရေးထားတာရှိတယ်။ လမ်းစဉ်က လူထုလွတ်မြောက်ရေးမူ၊ လူထုလွတ်မြောက် ရေးလမ်းစဉ်ဖြစ်တယ်ပေါ့။ 

ပအိုဝ်းအမျိုးသားသီးသန့်ပဲ၊ ပအိုဝ်းအမျိုးသား တစ်ဖွဲ့တည်းပဲ၊ ပအိုဝ်းအမျိုးသား လူမျိုးတစ်မျိုးအတွက် ပဲ လုပ်နေတဲ့လမ်းစဉ် မဟုတ်ဘူး။ တိုင်းရင်းသားအားလုံးလွတ်မြောက်ဖို့ လမ်းစဉ်ဖြစ်တယ်။ 

မေး – ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ – ကျွန်တော်တို့က ပြည်သူ့ရဲ့အားနဲ့ ရပ်တည်ခဲ့ရတာ။ လက်ရှိအနေအထားအရ ပြည်သူရဲ့ချွေးနှဲစာနဲ့ ၊ ပြည်သူရဲ့ ထောက်ပံ့တဲ့ငွေနဲ့ ကျွန်တော်တို့က ရပ်တည်နေရတဲ့အတွက်ကြောင့် ထပ်ပြီးတော့ ကူညီ ထောက်ပံ့ပေးကြဖို့၊ ကျွန်တော်တို့ လုပ်ချင်တဲ့ဆန္ဒတွေ၊ ပြည်သူတွေရဲ့လွတ်မြောက်လမ်းအတွက် ကျွန်တော်တို့က အသက်ပဲ ပေးနိုင်တယ်။ 

ကျွန်တော်တို့မှာ လိုအပ်တာကတော့ လက်နက်ခဲယမ်းပေါ့။ လက်နက်ခဲယမ်း မစုံလို့ ကျွန်တော်တို့မှာ မလုပ်နိုင်တာမျိုးရှိတယ်။ လုပ်ချင်တာအများကြီးရှိတယ်။ လက်နက်ခဲယမ်းတွေ မရှိတဲ့အနေအထားမှာ ဆက်လုပ်လို့မရတဲ့ အနေအထားတွေ ရှိတယ်။ ဒါလေးတွေကို ပြည်သူက ထောက်ပံ့ပေးနိုင်ရင် တော်တော် လေးကို အဆင်ပြေမှာပါဗျ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button