သတင်း

PNO ၏ ရပ်ရွာလုံခြုံရေးတပ် အစီအစဉ်ကို အဖွဲ့အများအပြား ကန့်ကွက်

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းပြည်သူ့စစ် (PNO) ထိန်းချုပ်နယ်မြေ အထူးဒေသ ၆ တွင် လုံခြုံရေးတပ်ဖွဲ့ဖွဲ့မည့် အစီအစဉ်ကို ပအိုဝ်းလူထုတစ်ရပ်လုံးက ဆန့်ကျင်ဖီဆန်ကြရန် ဒေသတွင်းအဖွဲ့အစည်းအများအပြားက ပြောသည်။

PNO ၏ ယမန်နေ့ (ဇူလိုင် ၆) ထုတ်ပြန်ချက်နှင့် ပတ်သက်၍ နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF)၊ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF-Kham Dom) နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ထိုသို့တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အထူးဒေသ ၆ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ပအိုဝ်းအမျိုးသားများနှင့် အတူနေတိုင်းရင်းသားများ၏ အသက်အိုးအိမ်စည်းစိမ် အန္တရာယ်ကျရောက်လာနိုင်သည့် အခြေအနေကြောင့် လုံခြုံရေးတပ်ဖွဲ့ဖွဲ့မည်ဟု PNO က ကြေညာထားသည်။

PNO သည် ပြီးခဲ့သည့် မေလမှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းလူမျိုးများနေထိုင်သည့် ကျေးရွာများတွင် ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းရန် အတင်းအဓမ္မလူသစ်စုဆောင်းပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

PNO ၏ အဆိုပါလုပ်ရပ်သည် သမားရိုးကျမဟုတ်ဘဲ လုံခြုံရေးခေါင်းစဉ်တပ်ပြီး စစ်ကောင်စီကို ထောက်ခံရန်၊ စစ်အာဏာရှင်စနစ်ကို အသက်သွင်းပေးရန် နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း PNFC ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“အဲဒါကြောင့် မျက်စိမလည်ဖို့ လိုတယ်။ နားမရှုပ်သွားဖို့ လိုတယ်။ ပြီးတော့လည်း ဒီပအိုဝ်းပြည်သူတွေကလည်း တောက်လျှောက် စနစ်ဆိုးအမျိုးမျိုးကို တော်လှန်ခဲ့ကြတယ်။ ဒီအချိန်မှာလည်း စနစ်ဆိုးကို တော်လှန်တဲ့ဘက်ကနေ ရပ်တည်ပေးဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၁ တွင် ကျင်းပသည့် ပအိုဝ်းအမျိုးသားညီလာခံအပြီး ဖွဲ့စည်းခဲ့သည့် PNFC ကောင်စီတွင် ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အပြင် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်များပါဝင်သည်။ PNFC သည် NUCC တွင်လည်း ပါဝင်နေကြောင်း သိရသည်။

ရှမ်းပြည်တောင်ပိုင်း၌ အခြေစိုက်သည့် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF) တာဝန်ခံ ခွန်သီဟထူးဇော်က နိုင်ငံရေးအားဖြင့် အကျဘက် ရောက်လာသည့် PNO သည် ပအိုဝ်းဒေသကို ကာကွယ်ခဲ့သယောင် သမိုင်းတစ်ခု ကျန်ရစ်လိုပြီး အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီအတွက် တော်လှန်ရေးတပ်များကို ကူညီနှိမ်နင်းပေးခြင်းဖြစ်ကြောင်း ဝေဖန်သည်။

“ကျွန်တော်တို့အနေနဲ့ဆိုရင် ရှမ်းပြည်နယ်တောင်ပိုင်းမှာ လုံးဝကို လုပ်လို့မရတဲ့ အခြေအနေဖြစ်သွားတယ်ပေါ့။ ပြည်သူတွေဟာ ဒီစစ်သင်တန်းကို တက်လိုက်ခြင်းအားဖြင့် တစ်နည်းအားဖြင့် လူသားဒိုင်းလုပ်လိုက်တာပဲ။ ပြည်သူလူထုတစ်ရပ်လုံးကို ထိုးကျွေးလိုက်တာပဲ” ဟု ၎င်းက ဆိုသည်။

ပအိုဝ်းလူထုအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များကို မထောက်ခံသည့်တိုင် စစ်ကောင်စီအတွက် သတင်းပေးအလုပ်ကို မလုပ်ကြရန်၊ လူထုလွတ်မြောက်ရေး တိုက်ပွဲဝင်နေသည့် တော်လှန်ရေးတပ်များကို ယုံကြည်ပေးကြရန် ခွန်သီဟထူးဇော်က ဆက်ပြောသည်။

PNA ဦးစီးသော စစ်ပညာသင်တန်းတက်ရောက်နေသူများ၏ မှတ်တမ်းဓာတ်ပုံကို ဇူလိုင် ၇ တွင် ထုတ်ပြန်ထားသည် (ဓာတ်ပုံ-PNO)

PNO က ဖွဲ့မည့် လုံခြုံရေးတပ်ဖွဲ့သည် လက်ရှိ မြေပြန့်ဒေသနှင့် အညာဒေသတွင် စစ်ကောင်စီက ဖွဲ့စည်းထားသည့် ပျူစောထီးကဲ့သို့ စစ်တပ်လက်ကိုင်တုတ်ဟုသာ မြင်ကြောင်း ဒေသခံ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်မတော် (PPDF) ရဲဘော်တစ်ဦးကလည်း ပြောသည်။

“ရိုးသားတဲ့ ပအိုဝ်းပြည်သူတွေအပေါ် နိုင်ငံရေးအမြတ်ထုတ်ချင်တဲ့၊ စစ်တပ်ရဲ့အမိန့်ကို မလွန်ဆန်နိုင်တဲ့သူတွေရဲ့ ထုတ်ပြန်ကြေညာချက်တွေကို ဖီဆန်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ပြည်သူကို ဒုက္ခပေးတဲ့သူရဲ့ လက်ကိုင်တုတ်ဖြစ်ချင်လားလို့ မေးခွန်းထုတ်လိုပါတယ်” ဟု ၎င်းက ဆိုသည်။

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) သည် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသတွင် လှုပ်ရှားပြီး ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (PPDF-Kham Dom) သည် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွင် လှုပ်ရှားသည်။

ပအိုဝ်းဖြူ (သို့မဟုတ်) ပအိုဝ်းပြည်သူ့စစ်ဟု လူသိများသည့် ဦးအောင်ခမ်းထီဦးဆောင်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO သည် ၁၉၉၁ ခုနှစ်တွင် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲပြီး အသွင်ပြောင်းဌာနေပြည်သူ့စစ်အဖြစ် ရပ်တည်ခဲ့သည်။

ပြည်သူ့စစ်ဖွဲ့စည်းနေခြင်း ရှိမရှိနှင့် ပတ်သက်၍ Myanmar Now က မေးမြန်းရာ PNO ဒုကွပ်ကဲရေးမှူး ဒုတိယဗိုလ်မှူးကြီးခွန်အောင်သန်းက ရပ်ရွာကာကွယ်ရေးအတွက် သင်တန်းပေးနေခြင်းသာဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန် ၂၇ တွင် ပြောထားသည်။ 

“ကျွန်တော်ပြောပြမယ်၊ ကျွန်တော်တို့ ဒေသမှာရှိတဲ့ ယောက်ျားလေးပေါ့နော်၊ ၁၈ နှစ်ကနေ ၃၅ နှစ်အောက်ဆို စစ်ပညာ မတတ်မနေရ၊ သိုင်းပညာ မတတ်မနေရ၊ အဲ့လိုမျိုးသင်ခိုင်းတာ၊ ကိုယ့်ရပ်ရွာလုံခြုံရေးအတွက် ကာကွယ်နိုင်ဖို့အတွက်ပဲ သင်ပေးတာ။ ကျွန်တော်တို့ ပြည်သူ့စစ်ထည့်ခေါ်ဖို့ မပါဘူးဗျ” ဟု ငြင်းဆိုထားသည်။ 

PNO ၏ လက်အောက်ခံတပ်မှာ PNA ဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံးမြို့နယ်အပြင် ပအိုဝ်းလူမျိုးများ နေထိုင်ရာ ဒေသများတွင် လှုပ်ရှားပြီး ထိုဒေသများရှိ ၎င်းတို့ထိန်းချုပ်ရာနယ်မြေကို အထူးဒေသ ၆ ဟုခေါ်သည်။

လက်ရှိတွင် PNO သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့်အတူ စစ်ရေးလှုပ်ရှားလျက်ရှိကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button