သတင်း

ပအိုဝ်းပြည်သူ့စစ်အဖွဲ့က PNLA တပ်ဖွဲ့ဝင် ငါးဦးကို ဖမ်းဆီးသတ်ဖြတ်

ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တပ်ဖွဲ့ဝင် ငါးဦးကို စစ်ကောင်စီလက်အောက်ခံ PNO ၏ ပအိုဝ်းပြည်သူ့စစ်အဖွဲ့က  ဖမ်းဆီးပြီးသတ်ဖြတ်လိုက် ကြောင်း သိရသည်။ 

ဒုတပ်စုမှူး ခွန်ထွန်းဦး၊ ဒုတပ်စိပ်မှူး ခွန်ရှိန်နှင့် တပ်သားများဖြစ်သည့် ခွန်သန်းဖေ၊ ခွန်ကြယ်စင်၊ ခွန်ရဲနောင် တို့သည် စက်တင်ဘာ ၁၄ မွန်းလွဲ ၁ နာရီ က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာ အုပ်စု၊ ဝါးပြုံးရွာတွင် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း PNLO/PNLA ဗဟိုကော်မတီက ယမန်နေ့ (စက်တင် ဘာ ၁၅) က ထုတ်ပြန်သည်။ 

“ရွာမှာ သူတို့ (ပအိုဝ်းပြည်သူ့စစ်) လာပြီး ဖမ်းခေါ်သွားပြီးနောက်ပိုင်းမှာ ပျောက်သွားတာပေါ့နော်။ နောက်ပိုင်းမှာ သူတို့ လက်လွန်ခြေလွန်ဖြစ်သွားတယ် ဆိုတဲ့အကြောင်းကို လူကြီးကိုယ်တိုင် အသိပေးလာ တာရှိတယ်” ဟု PNLO/ PNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခွန်မင်းသိမ်းက Myanmar Now ကို ပြောသည်။ 

သတ်ဖြတ်ခံရသည့် တပ်ဖွဲ့ဝင် ငါးဦးမှာ အဆိုပါဒေသတွင် သွားလာလှုပ်ရှားနေထိုင်သည့် ဒေသခံရဲဘော် များဖြစ်ကြောင်း၊ ယမန်နေ့နံနက်ပိုင်းတွင် သေဆုံးကြောင်းသတင်းကို သိရပြီး ရုပ်အလောင်း ပြန်မရသေး ဟု ဆိုသည်။ 

ပအိုဝ်းပြည်သူ့စစ်အဖွဲ့၏လုပ်ရပ်အပေါ်  ရှုတ်ချပြီး ပြဿနာကို ငြိမ်းချမ်းသောနည်းလမ်းဖြင့်သာ ဖြေရှင်း သွားမည်ဖြစ်ကြောင်း PNLO/PNLA ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

“ဒီလိုပါပဲ ပြဿနာကို အခြေခံပြီး တစ်ယောက်နဲ့တစ်ယောက် ရန်ကိုရန်ချင်း တုံ့လှည့်တဲ့ပုံစံမျိုး မဟုတ်ဘဲ နဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းသွားမယ်ဆိုတဲ့ပုံစံမျိုးပဲ။ အဲဒီပုံစံအတိုင်းပဲ သွားမှာပါ” ဟု ဗိုလ်မှူးခွန်မင်းသိမ်းက ဆိုသည်။ 

PNLO/PNLA တပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မသိရသေးသဖြင့် မှတ် ချက်မပေးလိုကြောင်း ပအိုဝ်းပြည်သူ့စစ်အဖွဲ့ ဒုကွပ်ကဲရေးမှူး ဒုတိယဗိုလ်မှူးကြီးခွန်ထွန်းရွှေက ပြောသည်။

“ကျွန်တော်က အဲ့ဘက်နယ်က မဟုတ်တော့ မသိရဘူးခင်ဗျ။ ကျွန်တော်က တောင်ကြီးမြောက်ဘက်မှာပဲ အနေများတာခင်ဗျ။ အဲဒါကတော့ ကျနော်က အတိအကျမသိတော့ ဘာမှ မှတ်ချက်မပေးနိုင်ဘူးခင်ဗျ” ဟု ၎င်းက ဆိုသည်။ 

“ကျွန်တော့်ဘက်ကို တင်ပြလာတာ ဘာမှမရှိဘူးခင်ဗျ။ ကျွန်တော်က ရွာမှာပဲ အနေများတော့ တင်ပြလာ တာ အကြောင်းကြားလာတာ ဘာမှမရှိဘူးခင်ဗျ။ ကျွန်တော် မေးကြည့်မြန်းကြည့်ပါဦးမယ်” ဟုလည်း  ဒုတိယဗိုလ်မှူးကြီးခွန်ထွန်းရွှေက ပြောသည်။ 

PNO ပအိုဝ်းပြည်သူ့စစ်အဖွဲ့၏ စစ်သင်တန်း တက်ရောက်လာသူများအား စက်တင်ဘာလဆန်းက တွေ့ရစဉ်။  (ဓာတ်ပုံ- PNA Special Region 6)

ဦးအောင်ခမ်းထီ ဦးဆောင်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)  သည် ၁၉၉၁ ခုနှစ်က စစ်တပ်နှင့် အပစ်အခတ် ရပ်စဲပြီး အသွင်ပြောင်းပြည်သူ့စစ်အဖြစ် ဖွဲ့စည်းကာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် လှုပ်ရှားနေခြင်းဖြစ်သည်။ 

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အဆိုအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပအိုဝ်းပြည်သူ့စစ်သည် စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ခိုက်လျက်ရှိကြောင်း သိရပြီး ၎င်းအုပ်ချုပ်သည့် ဒေသများတွင် စစ်သင်တန်းများပေးကာ ဒေသခံများထံမှ စစ်အသုံးစရိတ်ကောက်ခံလျက်ရှိသည်။ 

၁၉၄၉ တွင် တည်ထောင်ခဲ့ပြီး ခွန်ဥက္ကာဦးဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/ PNLA) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA ) တွင် လက်မှတ်ရေးထိုးထားပြီး အာဏာသိမ်းစစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း တက်ရောက်ထားသည်။ 

PNLO/PNLA တပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံရသည့်အပေါ်  ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ PNO/PNA ပြည်သူ့စစ်အနေဖြင့် တာဝန်ယူ၊ တာဝန်ခံမှု ရှိရှိဖြင့် တရားမျှတမှုရှိစွာ ဖြေရှင်းပေးရန် တောင်းဆိုကြောင်း ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (PNDF) က ယမန်နေ့က ထုတ်ပြန်သည်။

PNDF သည် စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေသော ရှမ်းတောင်အခြေစိုက် တပ်ရင်း ၅ ခု စုပေါင်းထားသည့် ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု (United Southern Shan Federal Union – USSFU) ၏ အဖွဲ့ဝင် ဖြစ် သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button