တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲအပိုင်း (၂) တွင် စစ်ဗိုလ်ချုပ်ဟောင်းများ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် စစ်တပ်နှင့်မဟာမိတ်ဖွဲ့ထားသည့် ပါတီများအနိုင်ရကြောင်း Myanmar Now က လေ့လာသိရှိရသည်။
ရွေးကောက်ပွဲအပိုင်း (၂) ကို ကချင်၊ ကယား (ကရင်နီ)၊ မွန်၊ ရှမ်း၊ ကရင်ပြည်နယ်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းစသည့် တိုင်းနှင့် ပြည်နယ် ၁၂ ခုတို့ရှိ မြို့နယ်ပေါင်း ၁၀၀ တွင် ကျင်းပခဲ့သည်။
ယင်းတို့အနက် ၇၆ မြို့နယ်တွင် စစ်တပ်ကျောထောက်နောက်ခံ စစ်ဗိုလ်ချုပ်ဟောင်းများအများစုပါသည့် ကြံ့ခိုင်ရေးပါတီက အနိုင်ရထားကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမောင်မြင့်က ၎င်း၏ TikTok လူမှုကွန်ရက်စာမျက်နှာတွင် ပြောသည်။
ဦးမောင်မြင့်သည် ရွေးကောက်ပွဲအပိုင်း (၁) တွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် အနိုင်ရထားသူဖြစ်သည်။
“နေရာတော်တော်များများကတော့ ကျွန်တော်တို့ နိုင်နေပြီ” ဟု ၎င်းက ပြောသည်။
သို့သော်လည်း ရန်ကုန်တိုင်းရှိ ကြည့်မြင်တိုင်မြို့နယ် အပါအဝင်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရှစ်နေရာတွင် ရှုံးနိမ့်ထားကြောင်း ဦးမောင်မြင့်က ဆိုသည်။
ကြံ့ခိုင်ရေးပါတီ ရှုံးသည့်နေရာများသည် ရန်ကုန်တိုင်းတွင် ကြည့်မြင်တိုင်မြို့နယ် ၁ နေရာ ၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၄ နေရာနှင့် မွန်ပြည်နယ်တွင် ၃ နေရာဖြစ်ကြောင်း ဦးမောင်မြင့်၏ ပြောဆိုချက်အရသိရသည်။
စစ်ကော်မရှင်ခန့် ဗိုလ်ချုပ်ကြီးဟောင်းနှင့် ဝန်ကြီးချုပ် ဦးညိုစောနှင့် ရဲမှူးချုပ်ဟောင်း ဦးအောင်နိုင်သူတို့သည် ကြံ့ခိုင်ရေးပါတီကိုယ်စားပြုကာ ကိုကိုးကျွန်းမဲဆန္ဒနယ်တွင်အနိုင်ရနေခြင်းဖြစ်သည်။ ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်အကြားမှ ကိုကိုးကျွန်းတွင် စစ်တပ်နှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများသာ နေထိုင်ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပြတ်အသတ်အနိုင်ရခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင်ပင် ကိုကိုးကျွန်းတွင် ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ဗိုလ်ချုပ်ဟောင်းများသာ အနိုင်ရခဲ့သည်။
လူသိများသည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းကမူ လသာမြို့နယ် မဲဆန္ဒနယ်တွင် ကြံခိုင်ရေးပါတီကို မဲအရေအတွက် သိပ်မကွာဘဲ ရှုံးနိမ့်ခဲ့ကြောင်း ၎င်း၏ ပြောပြချက်အရသိရသည်။
“USDP ပထမ ရပါတယ်။ ဒုတိယကတော့ တစည (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) ရပါတယ်။ တတိယကတော့ ကျွန်မရပါတယ်။ အမှတ်က သိပ်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် မကွာကြဘူး။ နည်းနည်းလေးပွတ်ကာသီကာ ကွာပြီးတော့ရသွားတာပေါ့” ဟု ဒေါ်စန္ဒာမင်းက Myanmar Now ကိုပြောသည်။
USDP သည် မဲ ၂၁၀၀ ခန့်ရပြီး ၎င်းအနေနှင့် ၁၃၉၆ မဲရကြောင်း ဒေါ်စန္ဒာမင်းက ဆိုသည်။
ရွေးကောက်ပွဲရှုံးနိမ့်ရခြင်းသည် ပါတီကြီးများ၏ လုပ်နိုင်စွမ်းနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်၏ လုပ်နိုင်စွမ်း ကွာဟမှုကြောင့် ဖြစ်ပြီး ရွေးကောက်ပွဲအတွက် လူထုကို ဟောပြောစည်းရုံးခွင့် အပြည့်အဝမရခြင်းကြောင့်ဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက သုံးသပ်သည်။
ဆက်လက်၍ ဒေါ်စန္ဒာမင်းက လသာမြို့နယ်တွင် မဲပေးရန် အမည်စာရင်းထွက်ထားသူ ၁၇၀၀၀ ကျော်ရှိသော်လည်း လူ ၇၀၀၀ သာ မဲလာပေးသဖြင့် မဲလာပေးသူနည်းပါးသည်ဟု ဆိုနိုင်ကြောင်းပြောသည်။

မွန်ပြည်နယ်တွင် ဘီးလင်း၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနှင့် ပေါင်စသည့် မြို့နယ် ငါး မြို့နယ်တွင် ရွေးကောက်ပွဲ ပြုလုပ်ခဲ့ရာ ဘီးလင်းမှ လွဲ၍ ကျန်မြို့နယ် လေးမြို့နယ်တွင် မွန်ညီညွတ်ရေးပါတီ (MUP) ကိုယ်စားလှယ်လောင်းများက အနိုင်ရကြောင်း MUP ဗဟိုက ဇန်နဝါရီလ ၁၂ ရက်တွင် Facebook စာမျက်နှာမှ တဆင့် ကြေညာသည်။
ရေးမြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ၃ နေရာအတွက် အနိုင်ရထားသည်။ သံဖြူဇရပ်မြို့နယ်တွင် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ၂ နေရာအတွက် MUP က အနိုင်ရထားသည်။
မုဒုံမြို့နယ်တွင် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အတွက် ၂ နေရာ ၊ ပေါင်မြို့နယ်တွင် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အတွက် ၂ နေရာ၊ ရွေးကောက်ပွဲအပိုင်း ၂ အတွက် အနည်းဆုံး ၉ နေရာအနိုင်ရထားကြောင်း MUP ထံမှသိရသည်။
MUP ပါတီမှ နိုင်လယိတမသည် စစ်ကော်မရှင်၏ မွန်ပြည်နယ် စီးပွားရေးရာဝန်ကြီးအဖြစ် တာဝန်ယူထားသလို MUP ပါတီမှ ဒေါက်တာဗညားအောင်မိုးသည်လည်း စစ်ကော်မရှင်၏ ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ်တာဝန်ယူထားသူဖြစ်သည်။
ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယား (ကရင်နီ) ပြည်နယ် နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့်အတူ တော်လှန်ရေးတပ်များကို တိုက်ခိုက်နေသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့စစ် အနေနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် မဲဆန္ဒနယ်(၃)နေရာတွင် နိုင်ထားပြီး ကလော၊ မောက်မယ်နှင့် ရပ်စောက်မြို့နယ်တို့တွင် ရှုံးနိမ့်ကြောင်း PNO နှင့် နီးစပ်သည့် MMK News က ဖော်ပြသည်။
PNO သည် နိုင်ငံရေးပါတီအနေနှင့် ရွေးကောက်ပွဲဝင်ပြိုင်လေ့ရှိသလို လက်နက်ကိုင်တပ်အဖြစ် ပအိုဝ်းအမျိုးသားတပ် (PNA) ကို ဖွဲ့စည်းကာ စစ်ကော်မရှင်တပ်နှင့်အတူ စစ်ရေးပူးပေါင်းဆောင်ရွက်သည်။
ဆီဆိုင်မြို့နယ်ရှိ အမျိုးသားလွှတ်တော် ၊ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များအတွက် မဲများသူအနိုင်ယူ (FPTP) စနစ်ဖြင့် ယှဉ်ပြိုင်ရာတွင် အနိုင်ရထားခြင်းဖြစ်ကြောင်း PNO ပါတီနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကိုပြောသည်။
“ကျန်တဲ့နေရာတော့ မနိုင်ဘူး။ စာရင်းအရတော့ USDP နိုင်နေပါတယ်။ မြို့ပေါ် စစ်တပ်ဝန်ထမ်းတွေက USDP ကိုပေးတာများတယ်။ ပအိုဝ်းလူမျိုးရှိတဲ့နေရာက PNO ကိုမဲထည့်တာတွေ့ရတယ်။ မနိုင်ပေမယ့် မဲတစ်မဲစီရဲ့ရလဒ်က PR (အချိုးကျ) အတွက် အများကြီးအထောက်အကူပြုပါတယ်” ဟု PNO ပါတီနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။
ရွေးကောက်ပွဲရလဒ်များကို သက်ဆိုင်ရာပါတီများက ကိုယ့်နည်းကိုယ့်ဟန်နှင့် ထုတ်ပြန်နေသော်လည်း စစ်ကော်မရှင်၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကမူ မထုတ်ပြန်သေးပေ။
ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်နိုင်ဦးကမူ မဲရလဒ်များကို သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီးပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်အတည်ပြုပြီးပါက ကြေညာနိုင်ဖွယ်ရှိကြောင်း Myanmar Now ကို ပြောထားသည်။

ဇန်နဝါရီလ ၁၂ ရက် ညနေပိုင်းအထိ သိရသည့် ရွေးကောက်ပွဲရလဒ်များကို လေ့လာကြည့်ပါက ရွေးကောက်ပွဲအပိုင်း (၁) ကဲ့သို့ပင် စစ်ကော်မရှင်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီအပါအဝင် စစ်တပ်နှင့် နီးစပ်သည့် လူမျိုးစု ပါတီအချို့ အနိုင်ရသည်ကို မြင်ရသည်။
လသာမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီကို ရှုံးနိမ့်ခဲ့သည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းကလည်း ရွေးကောက်ပွဲအပိုင်း (၂) တွင် ဒီမိုကရက်တစ်အင်အားစုများ အနိုင်မရသည်ကိုတွေ့ရကြောင်းဆိုသည်။
“ကျွန်မမြင်တာကတော့ အပိုင်း (၁) မှာရော ၊ အပိုင်း (၂) မှာရော ကျွန်မတို့ မျှော်လင့်သလောက် ဒီမိုကရက်တစ်ဘက်က ပါတီကြီးတွေ မနိုင်ဘူး။ ဒါကလည်း ကျွန်မထင်တယ်။ နိုင်ငံရေးအခြေအနေ၊ အကန့်အသတ်နဲ့ပဲ စည်းရုံးလှုံ့ဆော်ရလို့ ထင်ပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
လာမည့် ဇန်နဝါရီ ၂၅ ရက်တွင် ရွေးကောက်ပွဲအပိုင်း (၃) ကို မြို့နယ်ပေါင်း ၆၃ မြို့နယ်တွင် ကျင်းပမည်ဟု စစ်ကော်မရှင်၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။



