အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

တရုတ်ဖိအားကို လွန်ဆန်နိုင်မည့် နွေဦးတော်လှန်ရေး SRA တပ်ပေါင်းစု

ဒေသမတူသည့် လက်နက်ကိုင်အများအပြား မဟာမိတ်ဖွဲ့လှုပ်ရှားနေကြပြီး ၎င်းတို့၏ အားသာချက်ထဲတွင် အတိတ်ကာလ တပ်ပေါင်းစုများထံမှ သင်ခန်းစာယူနိုင်ခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သူတို့အတွက် ခွန်အားဖြစ်စေခဲ့သည့် ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးက တရုတ်၏ ကြားဝင်စွက်ဖက်မှုကြောင့် အားပျော့သွားစဉ် ဒေသအသီးသီးမှ အခြားသော လက်နက်ကိုင်အဖွဲ့အများအပြား၏ မဟာမိတ်ဖွဲ့ လှုပ်ရှားမှုတစ်ခု  ဒီဇင်ဘာလလယ်ပိုင်းတွင် ပေါ်ပေါက်လာသည်။ 

၁၉ ဖွဲ့ ပူးပေါင်းထားသည့် “နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု”  (Spring Revolution Alliance – SRA)  သည် နိုင်ငံရေး ရည်မှန်းချက် တူညီသည့် တော်လှန်ရေးတပ်များ၏ စုစည်းအင်အားဖြင့် စစ်အနိုင်တိုက်ရေးကို ဦးတည်သည်ဟု တပ်ပေါင်းစု၏ ပြန်ကြားရေးတာဝန်ရှိသူ ကိုမင်းဟန်ထက်က ပြောသည်။

မြန်မာ့နိုင်ငံရေး အကဲခတ်များကလည်း မတူညီသည့် ဒေသအသီးသီးတွင် တိုက်ပွဲဝင်နေသည့် တပ်ဖွဲ့များ စုပေါင်းထားသည့် SRA သည်  တရုတ်အမှီအခိုကင်းသည့် အင်အားစု ဖြစ်နိုင်သည်ဟု သုံးသပ်ကြပြီး  ၁၀၂၇ စစ်ဆင်ရေးကဲ့သို့ နွေဦးတော်လှန်ရေးအရွေ့ ဖြစ်လာရေးမှာ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု လိုအပ်မည်ဟု မှတ်ချက်ပြုကြသည်။

SRA  တပ်ပေါင်းစုတွင် ပါဝင်သော အဖွဲ့များ

၁။ ကယား (ကရင်နီ) ပြည်အခြေစိုက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) 

၂။  ထိုင်းနယ်စပ်အခြေစိုက် Force for Federal Democracy (FFD) ဒရုန်းတပ်ဖွဲ့

၃။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သည့် ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force)

၄။ ကျောင်းသား သမဂ္ဂလူငယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)

၅။ ချင်းပြည်နယ်နှင့် ယောဒေသတွင် လှုပ်ရှားသည့် Generation Z Army (GZA)

၆။ ယောကာကွယ်ရေးတပ် (YDF)

၇။ ယောတပ်တော် (YA)

၈။ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ကို ပြောင်းလဲဖွဲ့စည်းခဲ့သည့် ဗမာ့တပ်တော် (BA)

၉။ ကဗျာဆရာ မောင်ဆောင်းခ ဦးဆောင်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊  ၁၀။ အညာအခြေစိုက် 96 Soldiers PDF

၁၁။ မုံရွာအခြေစိုက်အဖွဲ့များ ပါဝင်သည့် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)

၁၂။ မကွေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAY PDF)

၁၃။ ကလေးဒေသ တော်လှန်ရေးတပ် (KRF)

၁၄။ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)

၁၅။ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ် (DPLF/DPLA)

၁၆။ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်)/ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါင်မ်) -(PNDF-KK,  PPDF-KD)

၁၇။ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING PDF)

၁၈။ မွန်ပြည်တော်လှန်ရေးတပ် (MSRF)

၁၉။ ချင်းပြည်နယ်အခြေစိုက်  ချင်းညီနောင် (Chin Brotherhood) 

ထိုအဖွဲ့များထဲတွင် လေးဖွဲ့ခန့်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ မဟာမိတ်များ ဖြစ်ကြသည်။  ကရင်နီဒေသ KNDF တပ်၏ အမှတ် (၆၀၆) တပ်ရင်းမှာ  ကိုးကန့်တပ် (MNDAA) နယ်မြေတွင် စစ်ပညာသင်ယူခဲ့၊ တိုက်ပွဲဝင်ခဲ့ဖူးသည်။  

ကိုးဖွဲ့ခန့်မှာ အာရက္ခတပ်တော် (AA) ၏ မဟာမိတ်များ ဖြစ်သည်။ AA ၏ နယ်မြေ ဖြစ်သည့် ရခိုင်ပြည်နယ်နှင့် ကပ်လျက်တည်ရှိသော  ချင်းပြည်နယ်၊  မကွေးတိုင်း၊  စစ်ကိုင်းတိုင်းတို့တွင်  အခြေစိုက်လှုပ်ရှားကြသည်။

ရခိုင်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသည့် အမ်း-ပဒါန်းလမ်းတစ်လျှောက် စစ်ရေးလှုပ်ရှားသော   Student Armed Force, PIA,    မကွေးတိုင်း ယောဒေသအခြေစိုက်  YA,   YDF,   ချင်းပြည်နယ်နှင့် ယောဒေသတွင် လှုပ်ရှားသည့် GZA,  BA,  အညာအခြေစိုက်  BPLA,   96 Soldiers PDF,    BLDF  တို့သည် AA ၏  မဟာမိတ်များဖြစ်သည်။

SRA တပ်ပေါင်းစုဝင်များဖြစ်သော SAF,  Sagaing PDF,  Yaw Army,  PIA,  Magway -PDF   ခေါင်းဆောင်အချို့ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- Sit Nyein Naing)

ချင်းပြည်နယ်ဘက်တွင်  ပြည်နယ်အတွင်း တော်လှန်ရေးအဖွဲ့အများအပြားဖြင့် စုဖွဲ့ထားသည့် “ချင်းညီနောင်” (CB) သည် AA ၏ အားကောင်းသော မဟာမိတ်ဖြစ်ပြီး  ချင်းဒေသ ထက်ဝက်ကျော် မြို့ကြီး လေးမြို့ဖြစ်သော မတူပီ၊  မင်းတပ်၊  ကန်ပက်လက်၊  ဖလမ်းတို့ကို  သိမ်းပိုက် ထိန်းချုပ်ထားသည်။

ရှမ်းပြည်အခြေစိုက်အဖွဲ့နှစ်ဖွဲ့ဖြစ်သော   ပအိုဝ်းတော်လှန်ရေးတပ်များ၊  SAGAING PDF, မြန်မာပြည်တောင်ပိုင်းအခြေစိုက် MSRF တို့မှာ TNLA ၏ မဟာမိတ်များဖြစ်သည်။

ထို့ကြောင့် ထိုတပ်ဖွဲ့များ အခြေစိုက်သော ဒေသများတစ်လျှောက် အထူးသဖြင့် ရခိုင်-မကွေး-ချင်း- စစ်ကိုင်းတို့တွင် စစ်ရေး ပိုမို ပြင်းထန်လာနိုင်ဖွယ်ရာရှိသည်ဟု ယူဆနေကြသည်။ 

လတ်တလောတွင် မကွေးတိုင်းတွင်း ဆင်ဖြူကျွန်းနှင့် စလင်းမြို့နယ်များတွင် တိုက်ပွဲဖြစ်နေသလို SRA အဖွဲ့ဝင်  ဗမာ့တပ်တော်က ပါဝင်တိုက်ခိုက်နေသည်ကို တွေ့ရသည်။

ထိုမြို့များရှိစစ်ရေးပစ်မှတ်များကို  တော်လှန်ရေး အင်အားစုက  တိုက်ခိုက်မည်ဟု  ဗမာ့တပ်တော်က ဒီဇင်ဘာလကုန်ပိုင်း ကြိုတင်ကြေညာပြီး ပြည်သူများကို ရှောင်တိမ်းကြရန် အသိပေးထားသည်။

ထိုအဖွဲ့သည် ရခိုင်ဒေသ ကျောက်ဖြူတိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့ကြောင်း ၂၀၂၅ ခုနှစ် ဩဂုတ်အတွင်း စစ်တပ်ဝါဒဖြန့်တယ်လီဂရမ် စာမျက်နှာတွင် ရေးသားထားကြသည်ကို တွေ့ရသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က ထိုအဖွဲ့၏ တပ်တည်ထောင်မှုနှစ်ပတ်လည်နေ့အခမ်းအနားသို့ AA တပ် ကိုယ်စားလှယ်တချို့ တက်ရောက်ခဲ့သည်ကို မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။

ဇန်နဝါရီလ ၂ ရက်နေ့က ဗမာ့တပ်တော် ထုတ်ပြန်သည့် တပ်နှစ်ပတ်လည်နေ့အခမ်းအနား မှတ်တမ်းဓာတ်ပုံတွင် တွေ့ရသော AA နှင့် မဟာမိတ် ကိုယ်စားလှယ်များ။ 

စစ်ရေးအတွေ့အကြုံ

KNDF, BPLA တပ်ဖွဲ့များသည် “၁၀၂၇ စစ်ဆင်ရေး” မတိုင်မီ ကိုးကန့်တပ်၏ တိုင်းရင်းသား မဟာမိတ် တပ်မဟာ (၆၁၁) ၌ ပါဝင်ခဲ့ပြီး သိန္နီ၊  ကွမ်းလုံ၊  လောက်ကိုင်၊  ချင်းရွှေဟော်မြို့သိမ်းတိုက်ပွဲများတွင်  ပါဝင်တိုက်ခိုက်ခဲ့ကြသည်။

DPLA တပ်ဖွဲ့သည်လည်း TNLA နှင့်အတူ နောင်ချို၊  ကျောက်မဲ မြို့သိမ်းတိုက်ပွဲများတွင် ပါဝင်ခဲ့သည် ကို တွေ့ရသည်။

ပအိုဝ်းတပ်နှစ်ဖွဲ့သည်  KNDF နှင့် အတူ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊  ဖယ်ခုံ နှင့် ကယားပြည်နယ်အတွင်း “တစ်လေးလုံး” စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည်။

SRA တပ်ပေါင်းစုရှိ အဖွဲ့များတွင် အားသာချက်ကိုယ်စီရှိကြသည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့်   ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

“တကယ့်ကို စစ်ရေးအရ တိုက်ရည်ခိုက်ရည်ရှိတဲ့ အဖွဲ့တွေ အတော်များများ ပါလာတယ်။ တချို့က တိုက်ခိုက်ဖူးတာ မရှိပေမယ့် စုစည်းမှုအားကောင်းတယ်။ ဒီလို ဖွဲ့စည်းလိုက်မှုမျိုးက အားရဖို့ ကောင်းပါတယ်” ဟု ဗိုလ်ကြီး ဇင်ယော်က မှတ်ချက်ပြုသည်။

၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သော KNDF B-606 မှ တပ်ဖွဲ့ဝင်များကို  ၂၀၂၄ ခုနှစ် အောက်တိုဘာလ ပထမပတ်က တွေ့ရစဉ်။  (ဓာတ်ပုံ- Khon Tharr Oo)

ချင်းညီနောင် ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမန်က တပ်ပေါင်းစု၏ လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေသည်ဟု ပြောသည်။

“ကျွန်တော်တို့ အခုမှ အစပဲရှိသေးတယ်။ စုစည်းမှုတွေ လုပ်ပြီးပြီ။ စစ်ရေးဖော်ဆောင်မှုတွေ လာမယ်။ အောင်မြင်တဲ့ စစ်ရေးဖော်ဆောင်မှုတွေ ရှိမှပဲ လူထုက ယုံကြည်မယ်။ ဒီအတွက် အများကြီးလုပ်ဖို့ လိုပါသေးတယ်”ဟု သူက ပြောသည်။ 

SRA ကို လူသိရှင်ကြား မိတ်ဆက်ပေးသည်မှာ တစ်လပြည့်ပြီဖြစ်သည်။

ညီနောင်သုံးဖော် တပ်ပေါင်းစု

SRA မဟာမိတ်ဖွဲ့မှုသည် ၅ နှစ်အတွင်း တော်လှန်ရေးတပ်များအကြား ပထမဆုံးသော စုစည်းမှုဖြစ်သည်။

ဤမဟာမိတ်ဖွဲ့မှုတွင် NUG လက်အောက်ခံတပ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးများ ပါဝင်လာမည် မဟုတ်ပေ။  

တပ်ပေါင်းစုဖွဲ့ရန် ပြင်ဆင်ချိန်ကတည်းက NUG တာဝန်ရှိသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့တို့ကို  ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဖြစ်သည်၊ ၎င်းတို့နှင့် ဆက်ဆံရေး ကောင်းမွန်သည်ဟု SRA  ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်က Myanmar Now ကို ပြောသည်။

နွေဦးတော်လှန်ရေးတွင် ပေါက်ဖွားလာသော၊ အဆိုပါ အုပ်စုနှစ်စုတွင် ပါဝင်ခြင်းမရှိသော လက်နက်ကိုင်အဖွဲ့များကိုသာ စုစည်းရန် ကြိုးပမ်းနေသည်ဟု သူက ပြောသည်

နွေဦးတော်လှန်ရေးမတိုင်မီ AA, MNDAA နှင့် TNLA တို့က ညီနောင်မဟာမိတ်သုံးဖွဲ့အမည်ဖြင့်    တပ်ပေါင်းစုဖွဲ့စည်းပြီး လှုပ်ရှားခဲ့ကြသည်။ 

မြန်မာ-တရုတ် နယ်စပ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ကြသော ထိုအဖွဲ့များသည်  ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များကို ပူးတွဲထိုးစစ်ဆင်ခဲ့ကြသည်။ ထိုနှစ် ၁၀ လပိုင်း၊  ၂၇ ရက်နေ့တွင် စတင်သော ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ် အကြီးအကျယ် အထိနာခဲ့ပြီး လားရှိုးနှင့် အမ်းရှိ စစ်တိုင်းဌာနချုပ်နှစ်ခုကို လက်လွှတ်ခဲ့ရသည်၊ မြို့အများအပြားမှ ဆုတ်ခွာပေးလိုက်ရသည်။ 

၂၀၂၁ နှစ်ဆန်းပိုင်း အာဏာသိမ်းမှု ဆန့်ကျင်သူများ ပစ်ခတ်သတ်ဖြတ်ခံရအပြီး နိုင်ငံအနှံ့ ပြည်သူအများအပြား ဝိုင်းဝန်း ခုခံတော်လှန်နေကြသဖြင့် စစ်တပ်က စစ်မျက်နှာ အများအပြား ဖွင့်ထားရခြင်းမှာလည်း  ၁၀၂၇ စစ်ဆင်ရေးအောင်မြင်ရခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်သည်။ ညီနောင်သုံးဖွဲ့ဦးဆောင်သည့် စစ်ဆင်ရေးကိုလည်း ပြည်သူများက တခဲနက် ထောက်ခံအားပေးခဲ့ကြသည်။

စစ်ဆင်ရေးအတွင်း MNDAA တပ်ဖွဲ့က သိမ်းခဲ့သည့်မြို့များမှာ လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး၊ တာမိုးညဲ၊ ဟိုပန်၊ ပန်လုံတို့ဖြစ်သည်။

“ဝ” ဒေသရှိ ဟိုပန်နှင့် ပန်လုံတို့ကို  MNDAA က  အုပ်ချုပ်ခြင်း မရှိဘဲ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) လက်ထဲ ထည့်လိုက်သည်။

TNLA ကလည်း   မိုးကုတ်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူမြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော်လည်း စစ်တပ်က ပြန်လည်ထိုးစစ်ဆင်ကာ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များကို ပြန်လည် သိမ်းပိုက်လိုက်သည်။ 

တရုတ်နှင့်ကပ်လျက်တည်ရှိသော ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ ကာလရှည် ဖြစ်ပွားနေချိန်တွင် တရုတ်နိုင်ငံက အပစ်ရပ်ရန် ဖိအားပေး တောင်းဆိုခဲ့သည်။  ညီနောင်အဖွဲ့များကိုလည်း အကြီးအကျယ် ဖိအားပေးခဲ့ရာ ထင်သာမြင်သာ အရှိဆုံးမှာ ညီနောင်အဖွဲ့များနှင့် မဟာမိတ်တို့ ထိန်းချုပ်သည့် နယ်စပ်ဒေသမြို့နယ်များကို ကုန်စည်စီးဆင်းမှု ဖြတ်တောက်ပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။

၂၀၂၅ နှစ်ကုန်ပိုင်း တရုတ်နိုင်ငံတွင် ပြုလုပ်သော စစ်တပ်နှင့် TNLA  ဆွေးနွေးပွဲ သဘောတူညီချက်အရ  မိုးကုတ်၊ မိုးမိတ်မြို့နယ်တို့ကို စစ်တပ်ထံ ပြန်ပေးလိုက်ရသည်။  

MNDAA ကလည်း ထိုနှစ် နှစ်ဆန်းပိုင်းကတည်းက လားရှိုးမြို့ပေါ်ရပ်ကွက် ၁၂ ခုမှ  ဆုတ်ခွာပေးလိုက်ရသည်။ 

အာဏာသိမ်းတပ်က တရုတ်အကူအညီဖြင့် ထိုမြို့များ ပြန်ရခြင်းဖြစ်သော်လည်း တရုတ်ကမူ    ပြည်တွင်းရေး စွက်ဖက်ခြင်း မဟုတ်ကြောင်း၊   အိမ်နီးချင်းနိုင်ငံကို ကူညီခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း တရုတ်နယ်စပ်အခြေစိုက် မဟာမိတ်အဖွဲ့များ အောင်ပွဲဆက်တိုက်ရနေချိန်တွင် တရုတ်၏ ပါဝင်လာမှုကြောင့် အာဏာသိမ်းတပ်အတွက် များစွာ အသက်ရှူချောင်သည့်အနေအထား ဖြစ်ခဲ့သည်။

ယခု SRA မဟာမိတ်ဖွဲ့စည်းမှုတွင် ပါဝင်နေကြသည်မှာ   တရုတ်နယ်စပ် အခြေစိုက်အဖွဲ့များ မဟုတ်ကြသောကြောင့်  တရုတ်က ထိုသို့ ဖိအားဝင်ပေးနိုင်မည် မဟုတ်ပေ။

ကြိုဆိုမှုများ

SRA မဟာမိတ် ဖွဲ့စည်းမှုနှင့်ပတ်သက်၍  အာဏာသိမ်းမှုဆန့်ကျင်ရေးအဖွဲ့များက  ဝမ်းမြောက်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိနေကြောင်း ထုတ်ဖော်ပြောကြားထားသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ စစ်ရေးအဖွဲ့ဖြစ်သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကလည်း အလားတူ ပြောသည်။ 

“ကျွန်မတို့ကတော့ SRA မှာ မပါပေမယ့် စစ်ရေး၊  နိုင်ငံရေး ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်”ဟု  PLA ပြောခွင့်ရ ရဲဘော်နီနီကျော်က ပြောသည်။

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီကလည်း မဟာမိတ်ဖွဲ့လိုက်ခြင်းမှာ အင်အားစုကြီး ဖြစ်လာသည်ဟု သုံးသပ်သည်။

“တော်လှန်ရေးလုပ်နေတုန်း နိုင်ငံရေးတောခြောက်မှုတွေ ဖြစ်လာရင် စုစည်းအားနဲ့ ကာကွယ်လို့ရသွား မယ်လို့ မြင်တယ်”ဟု ကောင်စီဥက္ကဋ္ဌ ခွန်မြင့်ထွန်းက မှတ်ချက်ပြုသည်။

 ယခင်စစ်အစိုးရများလက်ထက်တွင်  မဒညတ၊  မဒတ၊  UNFC စသည့်  တပ်ပေါင်းစု ဖွဲ့စည်းမှုများရှိခဲ့ဖူးသည်။ သို့သော်လည်း စစ်တပ်အထိနာစေရန် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။  

မဟာမိတ်ဖွဲ့ကြသည်ဆိုသော်လည်း နယ်မြေခွဲဝေရေးအတွက်ပါ ကြိုတင် သဘောတူညီချက် ရယူထားပါမှ စစ်ရေးတွင် ရေရှည်ပူးပေါင်းနိုင်မည်ဟု  မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။

“တပ်ပေါင်းစုမှာ နယ်မြေချင်း မထိစပ်ရင်လည်း ပြဿနာရှိတယ်။ နယ်မြေချင်း တအားနီးစပ်ရင်လည်း နောက်ပိုင်းမှာ နယ်မြေခွဲဝေရေးကိစ္စတွေမှာ ပြဿနာရှိပြန်တယ်။ ညီညွတ်ဖို့က အဓိက ဖြစ်တယ်။ စစ်အနိုင်တိုက်ဖို့ဆိုရင် ဒီပြဿနာတွေကို ကြိုညှိထားမှ ဖြစ်မယ်”ဟု ၎င်းက ပြောသည်။

SRA မဟာမိတ်သည်  PDF တပ်ရင်းများစွာ စုဖွဲ့ထားနိုင်သည့် NUG အပြင်  တိုင်းရင်းသားအဖွဲ့များနှင့်လည်း ဆက်ဆံရေးကောင်းမွန်သည်ဟု SRA ပြောခွင့်ရ ကိုမင်းဟန်ထက် က ဆိုသည်။ 

SRA ၏ ဒေသအသီးသီးရှိ အဖွဲ့များတွင် လက်နက်ကိုင်အင်အား တစ်သောင်းခွဲခန့် ရှိမည်ဖြစ်ပြီး စစ်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းထားသည်ဟုသူက ဆက်ပြောသည်။

“အဖွဲ့အသီးသီးက ကိုယ်စားလှယ်တွေဟာ အဖွဲ့ကို ကိုယ်စားပြုတယ်၊  ဘုံရန်သူ တူတယ်၊  ဦးတည်ချက် တူတယ်၊  ဆက်သွားမယ့်လမ်းက တူတယ်ဆိုတဲ့ စုစည်းမှုကို ပြည်တွင်းနဲ့ နိုင်ငံတကာကို ပြချင်တယ်” ဟု ဆိုသည်။

နိုင်ငံတကာဟုဆိုရာတွင် မြန်မာပြည်၏ စစ်ရေး၊  နိုင်ငံရေးကဏ္ဍများတွင် ဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် လွှမ်းမိုးမှုအား ကျော်လွှားရန် ဖြစ်သည်ဟု မြန်မာ့နိုင်ငံရေးအကဲခတ်အချို့က သုံးသပ်သည်။

SRA တပ်ပေါင်းစုတွင် တရုတ်ဖိအား ရှိမနေကြောင်း  စစ်ရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုသည်။

“ပြောရရင် တရုတ်ဖိအားကိုလျှော့ချဖို့ လုပ်တဲ့ကိစ္စပါပဲ။ တရုတ်နယ်စပ်အခြေစိုက်တဲ့ အဖွဲ့တွေက တရုတ်ဖိအားကို လွန်ဆန်ဖို့ခက်တာပေါ့။ ၁၀၂၇ ကိုပဲ ကြည့်လေ တရုတ်ဖိအားကြောင့် ဘယ်လို ဖြစ်သွားလဲ ဆိုတာ။ ဒါကြောင့် ပြည်မက အဖွဲ့တွေကို ပါဝါတင်ပေးတာလို့ ပြောလို့ရတယ်” ဟု သူက ပြောလိုက်သည်။

-ယခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်သော  PIA  တပ်တည်ထောင်ခြင်း လေးနှစ်ပြည့်နှင့် အခြေခံ စစ်သင်တန်းဆင်းပွဲ အခမ်းအနား။ (ဓာတ်ပုံ- PIA) 

Related Articles

Back to top button