သတင်း

စျေးဝယ်ထွက်သည့် ရဲ ၂ ဦးကို မုံရွာ PDF ပစ်သတ်ပြီး လက်နက်များ ရယူ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တောင်ပိုင်းတွင် စျေးထွက်ဝယ်သည့် ရဲတပ်ကြပ်ကြီးနှင့် ရဲတပ်သား ယနေ့ (စက်တင်ဘာ ၁၂) နံနက်တွင် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြသည်။

နံနက် ၇ နာရီခွဲဝန်းကျင်က မုံရွာမြို့နယ်တောင်ပိုင်း ညောင်ဖြူပင်ရွာအခြေစိုက် ရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ်ကြီး သန်းဟန်နှင့် တပ်သားတစ်ဦး  စျေးဝယ်ထွက်လာစဉ် မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၇ (Monywa Lightning PDF) က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

တိုက်ခိုက်မှုမှာ စက္ကန့် ၂၀သာ ကြာမြင့်ပြီး ထိုရဲ ၂ ဦး၏ G3 အမျိုးစား သေနတ် ၁ လက်၊ Uzi  အမျိုးစား သေနတ် ၁ လက်တို့ကို ရရှိခဲ့သည်၊ ထိုရဲများသည် ဆိုင်ကယ်တစ်စီးကို အရပ်သားနှစ်ဦး စီးလျှင် ပစ်ခတ်တတ်သူများဖြစ်သည်ဟု ထိုအဖွဲ့က ဆိုသည်။ 

“သူတို့က လမ်းပေါ်မှာ မထင်ရင်မထင်သလို စစ်ဆေးတယ်။ သစ်ကား၊ ဝါးကားတွေဆီက ပိုက်ဆံတောင်းတယ်။ နောက်ပြီး (ဒေသခံတွေ) နှစ်ယောက်ပိုး (ဆိုင်ကယ်) စီးရင် သေနတ်နဲ့ လိုက်ပစ်တယ်။ အဓိကကတော့ စစ်ကောင်စီ လက်အောက်မှာ ဆက်ပြီး အလုပ်လုပ်နေလို့ပါပဲဗျ” ဟု အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသွားသည့်ရဲတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ-Monywa Lightning PDF)

ထိုအဖွဲ့က ထုတ်ပြန်ထားသည့် ဈေးတန်းတစ်ခုအနီး ပစ်ခတ်မှု ရုပ်သံဖိုင်တွင် ထွက်ပြေးသွားသည့် ရဲတစ်ဦးကို ပစ်ခတ်လိုက်ပုံ၊ ကျန်ရဲတစ်ဦး အနီးကပ်ပစ်ခတ်ခံရပုံတို့ ပါဝင်သည်။ 

ထိုရဲ ၂ ဦးသည် ရဲစခန်းမှ ဆိုင်ကယ်နှင့် သွားလျှင် ၅ မိနစ် ခရီးရှိသည့်နေရာတွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ညောင်ဖြူပင်ရွာခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ရွာထဲရှိ စျေးဆိုင်များ အများစုကို ပိတ်ထားကြောင်း၊ စစ်ကောင်စီဘက်က လှုပ်ရှားမှု မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ။

အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို စစ်တပ်က အကြမ်းဖက် သတ်ဖြတ်ရာမှ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာရာ စစ်ကိုင်းတိုင်းသည် ခုခံမှု အားကောင်းသည့် ဒေသတစ်ခုဖြစ်သည်။

စက်တင်ဘာ ၅ ညပိုင်းကလည်း မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒေသခံ ကာကွယ်ရေးအဖွဲ့များက လက်လုပ်လက်နက်ကြီးဖြင့် ၂၁ ချက် ပစ်ခတ်ခဲ့သည်။

ဤအခြေအနေများကြောင့် စစ်ကောင်စီတပ်သားများသည် လက်နက်မပါလျှင် အရပ်သားများကြားထဲ သွားလာရန် မဝံ့ရဲတော့ပေ။ 

စက်တင်ဘာ ၉ ရက်နေ့ကလည်း မုံရွာမြို့ အကျဉ်းဦးစီးဌာန အရာရှိတစ်ဦး အရပ်ဝတ်ဖြင့် ဆောက်လုပ်ဆဲ အကျဉ်းထောင်နေရာသို့ သွားရောက်စဉ် PDF က ဖမ်းဆီးလိုက်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button