သတင်း

စီးပွားကောင်းသည့် မူးကမ်းကြီးရွာ ၃ ရက်ဆက်မီးရှို့ခံရ၊ အိမ် ၈၀၀ ကျော်ပျက်စီး

စစ်ကောင်တပ် သုံးရက်ဆက်တိုက် မီးဝင်ရှို့ခဲ့သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းအရှေ့ခြမ်း စီးပွားရေးကောင်းသည့် မူးကမ်းကြီးရွာတွင် ပျက်စီးသည့်နေအိမ် ၈၀၀ကျော်ရှိသည်။

အင်အား ၁၀၀ ခန့်ပါသည့် စစ်ကြောင်းက မူးကမ်းကြီးရွာတွင် ဩဂုတ် ၈ ရက်မှ ၁၀ ရက်အထိ တပ်စွဲကာ မီးရှို့ခဲ့သလို၊ အရာတော်မြို့ဘက်မှ ထွက်လာသည့် အခြားစစ်ကြောင်းတစ်ခုက ရွာနှင့် နှစ်မိုင်အကွာ လက်လှုပ်ရွာတွင် တပ်စွဲထားသည်ဟု ဒေသတွင်းသတင်းရင်းမြစ် ၄ ခုထံမှ သိရသည်။

ထိုအခြေအနေကြောင့် အိမ်ခြေ ၃၀၀၀ ခန့်ရှိသည့် ရွာအတွင်းဝင်၍ မီးငြှိမ်းသတ်ရန် ခက်ခဲနေပြီး ယနေ့ (ဩဂုတ် ၁၂) နံနက် ၉နာရီအထိ နေရာအချို့ လောင်ကျွမ်းနေဆဲဖြစ်ကြောင်း၊ စပါး၊ ကုန်စုံဆိုင်ကြီးများ လောင်ကျွမ်းနေဆဲဖြစ်ပြီး အခြားနေရာများသို့ ထပ်မံကူးစက်ခြင်းမရှိစေရန်သာ ဦးစားပေးနေရကြောင်း ၎င်းတို့က ပြောသည်။

စစ်ကောင်စီတပ်သားတို့က ၂ မိုင်ခန့်အကွာတွင် ရောက်နေသဖြင့် ထိထိရောက်ရောက် ကူညီနိုင်ခြင်း မရှိကြောင်း BIA (Burma Independent Army) ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်က ပြောသည်။

“အများကြီးလုပ်လို့မရသေးဘူး၊ … လမ်းကြောင်းက နှစ်မိုင်လောက်ဆိုတော့ ကျွန်တော်တို့က သတိအနေအထားနဲ့ ရှင်းလင်းရေးလုပ်နေရတာ” ဟု ရွာထဲဝင်၍ အခြေအနေကို သွားကြည့်ခဲ့သည့် ထိုသူက ပြောသည်။

ရွာ၌တပ်စွဲထားသည့် စစ်ကြောင်း ဩဂုတ် ၁၀ ရက်နေ့က ပြန်ထွက်သွားပြီး ရွာအတွင်း ခေတ္တဝင်၍ ကြည့်ခဲ့သည့် အသက် ၄၀ ဝန်းကျင် အများသားတစ်ဦး၏ အဆိုအရ ပျက်စီးဆုံးရှုံးမှုကြီးမားကြောင်း သိရသည်။

“လုံးဝကို ပြာပုံဖြစ်နေပါပြီ။ စပါးကလည်း မီးငွေ့ငွေ့နဲ့။ သွပ်တွေကလည်း တောင်တခြား၊ မြောက်တခြားပေါ့ဗျာ။ အိမ်တွင်းပစ္စည်းတွေကတော့ အကုန်ပြာကျနေပြီ” ဟု ၎င်းက ဆိုသည်။

အိုးအိမ်ပျက်စီးဆုံးရှုံးခြင်း၊ စစ်ကောင်စီတပ်၏ အန္တရာယ်ရှိနေသေးခြင်းတို့ကြောင့် နေရပ်မပြန်နိုင်သူ ၅၀၀၀ ခန့် ရှိကြောင်း၊ မိုးရွာသွန်းနေဆဲဖြစ်၍ တောထဲတွင် နေထိုင်ရန် အခက်တွေ့နေကြောင်း အထက်ပါ သတင်းရင်းမြစ်နှစ်ခုထံမှ သိရသည်။

“(ရွာထဲ) ပြန်ဝင်လာမယ်ဆိုလည်း နေစရာမရှိသေးဘူး။ ဘုန်းကြီးကျောင်းတွေမှာ နေရာချပေးရမဲ့ သဘောမှာရှိတယ်။ လူဦးရေ ၅၀၀၀ လောက်က” ဟု BIA ခေါင်းဆောင်က ပြောသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းအရှေ့ခြမ်း စီးပွားရေးကောင်းသည့် မူးကမ်းကြီးကို စစ်တပ်ကြောင်း ဝင်ပြီးနောက် ပျက်စီးမှုများကို ဩဂုတ် ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့
 

မူးကမ်းကြီးရွာသည် ဘုန်းတော်ကြီးကျောင်း ၁၂ ကျောင်းထိရှိသော ရွာကြီးဖြစ်ပြီး ဒီပဲယင်းမြို့ အရှေ့တောင်ဘက် ၂၂ မိုင်ခန့်အကွာ မူးမြစ်ဘေးတွင်ရှိသည်။ ကုန်စုံဆိုင်များ၊ စျေးတန်းများ၊ ဆန်စက်များဖြင့် စည်ကားခဲ့သည်။

ထိုသို့ စီးပွားရေးကောင်းသည့်ရွာကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းသာကြောင်း၊ ရွာအတွင်း စစ်ကြောင်းဝင်လာစဉ် ခုခံတိုက်ခိုက်ခြင်းမပြုခဲ့ကြောင်း စစ်ကောင်စီကို ခုခံနေသည့် ကျေးရွာကာကွယ်ရေးအဖွဲ့ (PDF)ခေါင်းဆောင်က ပြောသည်။

“သူတို့က တော်လှန်ရေးသမားတွေ ခိုအောင်းတဲ့နေရာလို့ သတ်မှတ်ပြီး ရည်ရွယ်ချက်ရှိရှိ လာရှို့တာ” ဟု ၎င်းက ပြောသည်။

စစ်တပ်ပြန်ထွက်သွားပြီးနောက်တွင် ကျေးရွာလမ်းများပေါ်၌ ဓာတ်ဆီဘူးခွံ အများအပြား တွေ့ရကြောင်း၊ အိမ်ကြီးအိမ်ကောင်းများ၊ စတိုးဆိုင်များကို အဓိကထားဖျက်ဆီးသွားကြောင်း ကျေးရွာ PDF ခေါင်းဆောင်က ဆက်ပြောသည်။

ဆန်စက်၊ ဆန်နှင့် နေအိမ်တစ်လုံး ဆုံးရှံးခဲ့ရသည့် ရွာခံ အမျိုးသမီး၏ အဆိုအရ သူတစ်ဦးတည်း ဆုံးရှုံးမှုသည်ပင်လျှင် ကျပ်သိန်း တစ်ထောင်ကျော်ရှိသည်ဟု သိရသည်။

“ရွာမနေရဲဘူး၊ သူများရွာသွားပြီး အသိတွေဆီမှာ နေနေရတာ၊ ပြန်သွားလို့လည်း နေစရာ အိမ်မရှိတော့ဘူးလေ။ ဘာလုပ်ရမယ်ဆိုတာကို တွေးမရဘူး” ဟု ၎င်းက ပြောသည်။

ကျေးရွာကို မီးတင်ရှို့ခဲ့သည့် စစ်သားများမှာ ကျောက်တော်မြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၃၇၆ မှ ဖြစ်ကြောင်း ဒေသတွင်းကာကွယ်ရေးအဖွဲ့များက ပြောသည်။

ဇွန်လ ၂၄ ရက်ကလည်း မူးကမ်းကြီးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ဖူးသည်။ ထိုစဉ်က ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး အိမ်ခြေ ၂၀၀ ခန့် မီးလောင်သည်။ 

“ပြောမပြတတ်အောင်ကို ခံစားရတာပေါ့၊ ကိုယ့်ရွာကြီး ဒီလိုဖြစ်သွားတာ၊ ကိုယ်လည်း ကြည့်ရုံပဲ တတ်နိုင်တာ။ အဝေးကနေ လှမ်းကြည့်ပြီး စိတ်မကောင်းဖြစ်နေရတာ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

အရပ်ဘက်အချက်အလက်ကောက်ယူရေးအဖွဲ့ Data For Myanmar ၏ မှတ်တမ်းအရ အာဏာသိမ်းပြီးတစ်နှစ်ကျော်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် တစ်နိုင်ငံလုံးတွင် အိမ်ခြေ ၂၀,၀၀၀ နီးပါး မီးလောင်ပျက်စီးကြောင်း၊ ထိုအထဲမှ အများစုမှာ စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း သိရသည်။

“စစ်တိုက်တာက တိုက်လို့ရတယ်၊ ဒါပေမဲ့ ပြည်သူလူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို မီးရှို့စရာ အကြောင်းမရှိဘူး။ PDF ကို ဖမ်းချင်ဖမ်း၊ သတ်ချင်သတ်လို့ရတယ်။ ပြည်သူလူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို မီးရှို့တယ်ဆိုတာ ယုတ်မာတဲ့ အောက်တန်းကျတဲ့ တိုက်ခိုက်မှုပဲလေ” ဟု BIA ခေါင်းဆောင်က မှတ်ချက်ပြုသည်။

စစ်ကောင်စီကမူ ခုခံမှုအားကောင်းသည့်ဒေသ ရှို့မီးများမှာ PDF တို့၏ လက်ချက်ဖြစ်သည်၊ ၎င်းတို့ လက်ချက်မဟုတ်ဟု ရံဖန်ရံခါ တုံ့ပြန်လေ့ရှိသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းအရှေ့ခြမ်း စီးပွားရေးကောင်းသည့် မူးကမ်းကြီးကို စစ်တပ် ဝင်ပြီးနောက် ပျက်စီးမှုများကို ဩဂုတ် ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button