သတင်း

လေကြောင်းမှ တိုက်ခိုက်ခံရသည့် မြင်းမူတွင် ၁၈ ဦး သေဆုံး

(စစ်သားများ သတ်ဖြတ်သွားသည့် အရပ်သားများစာရင်းကို သတင်းအောက်ခြေတွင် ဖော်ပြထားပါသည်)

စစ်ကောင်စီက ဝေဟင်မှ ရုတ်တရက်ထိုးစစ်ဆင်ပြီးနောက် မြေပြင်စစ်ကြောင်းထိုးသည့် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အရပ်သားနှင့် ကာကွယ်ရေးအဖွဲ့ဝင် စုစုပေါင်း ၁၈ ဦး သေဆုံးပြီး လက်နက်ဆုံးရှုံးကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ 

မြို့မြောက်ဘက် လက်ပံကျင်းရွာကို ဩဂုတ် ၁ တွင် စစ်ရဟတ်ယာဉ် ၃ စီး လာရောက်ပစ်ခတ်ပြီး၊ ရဟတ်ယာဉ် ၂ စီးဖြင့် စစ်တပ်အင်အား ၅၀ ခန့် ချထားကာ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ 

လေကြောင်းမှ တိုက်ခိုက်မှုအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စီစဉ်မှုဖြင့် ဖွင့်လှစ်ထားသည့် စာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာများ အပါအဝင် ၆၀ ကျော်နှင့် ဒေသခံ ၁၀၀ ကျော်သည် ဓားစာခံအဖြစ် ဖမ်းဆီးခံရပြီး နောက်တစ်နေ့တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

ထိုစီးနင်းမှုအတွင်း အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသား ၄ ဦး၊ ၄၀ ဝန်းကျင်အရွယ် အမျိုးသား ၃ ဦး၊ ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး သတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ် ၂  တွင် လက်ပံကျင်းရွာမှ ပြန်ထွက်လာသည့် စစ်ကြောင်းနှင့်  တိုက်ပွဲ​ဖြစ်ပြီး ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး သေဆုံးကြောင်း၊ ဩဂုတ် ၃ တွင် ၈ ဦး သေဆုံးကြောင်း သိရသည်။

ဩဂုတ် ၃ ရက်နေ့က အရာတော်မြို့နှင့် မြင်းမူမြို့နယ်စပ်အနီး တိုက်ပွဲဖြစ်ရာနေရာသို့ စစ်ကူသွားသည့် People Guerrilla Commando- Myinmu အဖွဲ့ လိုက်ပါလာသည့် ကားနှင့် စစ်တပ်စစ်ကြောင်း၏ ရှေ့ပြေးတပ်စု (ပွိုင့်ကင်း) တို့ ထိပ်တိုက်တွေ့ပြီး အနီးကပ် အပြန်အလှန်ပစ်ခတ်မှုတွင် အဖွဲ့ခေါင်းဆောင်အပါအဝင် ၈ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထိုအကြောင်းကို စစ်တပ်ရှေ့ပြေးတပ်စုထံတွင် ဓားစာခံအဖြစ် ရှိခဲ့သူ ဒေသခံ ၂ ဦးထံမှ နောက်ပိုင်းတွင် သိရသည်ဟု  မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ (MCRF) အဖွဲ့ တာဝန်ခံက ပြောသည်။  

“သူတို့ဘက်က အယောက် ၂၀ လောက်က ဝိုင်းပစ်လိုက်တာ။ သူတို့က ဘောက် (ကျည်ကတ်) ကုန်ပဲ။ အော်တိုတွေနဲ့ ဝိုင်းဆွဲလိုက်တာဆိုတော့ ဘယ်လိုမှ ကားထဲကကို ထွက်ချိန်တောင် မရလိုက်ဘူး။ ကိုယ့်ရဲဘော်က ကားထဲက ပြန်ပစ်တယ်။ အဲဒီမှာ သူတို့ဘက်က (စစ်တပ်) ၂ ယောက်ဒဏ်ရာ ရသွားတယ်” ဟု CMRF တာဝန်ခံ ကိုလုလင်က ဆိုသည်။ 

ထိုစစ်ကြောင်းက ဓားစာခံအဖြစ် ဖမ်းထားသည့် အရပ်သား ၁၀ ဦးကျော်ကို ဩဂုတ် ၆ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။ 

အနီးကပ်ပစ်ခတ်ခံရပြီးနောက် စစ်တပ်ဘက်က လက်နက်များသိမ်းဆည်းသွားပြီး ကားကိုမီးရှို့ခဲ့ရာ ကားပေါ်ပါ မိုင်းများပေါက်ကွဲမှုကြောင့် ကာကွယ်ရေးအဖွဲ့ဝင်တို့၏ ရုပ်အလောင်းအများစုမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားကြောင်း ၎င်းက ဆက်ပြောသည်။ 

“၂ ယောက်လောက်ပဲ ရုပ်က ပီသတော့တယ်။ ကျန်တဲ့ရဲဘော်တွေက အောက်ပိုင်းမပါတဲ့ ရဲဘော်တွေရော၊ ခြေလက်မပါတဲ့ ရဲဘော်တွေရော၊ ခေါင်းမပါတဲ့ ရဲဘော်တွေရော၊ တော်တော်ကို ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာ” ဟု ၎င်းက ပြောသည်။

ထိုအဖွဲ့ ပစ်ခတ်ခံရသည့် နေ့လယ်ပိုင်းကတည်းက အဆက်အသွယ်ပြတ်တောက်ပြီးနောက် တောနင်းရှာဖွေရာမှ ဩဂုတ် ၄ ရက်တွင် ရုပ်အလောင်းများကို တွေ့ရှိခဲ့ရသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ 

လေကြောင်းစီးနင်းမှုအပြီး ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့များဘက်မှ မောင်းပြန်သေနတ် ၈ လက်၊ M 79 ဗုံးသီးတပ် လောင်ချာ ၁ လက် ဆုံးရှုံးခဲ့ကြောင်း CMRF အဖွဲ့ထံမှ သိရသည်။ 

လက်ပံကျင်းရွာကို ဝင်ရောက်စီးနင်းစဉ် ပစ်ခတ်မှုကြောင့် စာသင်ကျောင်း၊ ဓမ္မာရုံ၊ ကျေးရွာဆေးပေးခန်းတို့ ပျက်စီးခဲ့ပြီး နေအိမ် ၁၅ လုံး၊ ကား ၅ စီး၊ ဆိုင်ကယ် အစီး ၂၀ ထက်မနည်း မီးရှို့ ဖျက်ဆီးခံခဲ့ရသည်။ 

လာမည့်ရက်ပိုင်းအတွင်း စစ်ကြောင်းပြန်ဝင်ဖွယ်ရှိသည်ဟူသော သတင်းထွက်ကြောင့် ကျေးရွာအတွင်း မဝင်ရဲသေးဘဲ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 

မြင်းမူမြို့သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့နှင့် မိုင် ၄၀ ခန့် ကွာဝေးပြီး၊ တပ်မ ၃၃ အခြေစိုက်ရာ စစ်ကိုင်းမြို့နှင့် မိုင် ၃၀ ခန့်အကွာတွင် တည်ရှိပြီး ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှု အားကောင်းရာ မြို့နယ်တစ်ခုဖြစ်သည်။ 

လက်ပံကျင်းရွာကို ဝင်ရောက်စီးနင်းစဉ် သေဆုံးသည့် အရပ်သား ၈ ဦး

(၁) ဩဂုတ် ၁ – ဦးကျော်သန်း၊ လက်ပံကျင်းရွာ၊ အသက် ၆၀ ကျော် ထွန်စက်မောင်းနေစဉ် လေကြောင်းမှ လာချသွားသည့် စစ်သားများက ပစ်သတ်။

(၂) ဩဂုတ် ၁ – ဦးစိုးလင်း၊ လက်ပံကျင်းရွာ၊ အသက် ၆၀ ခန့်၊ နေအိမ်အတွင်း ပုန်းအောင်းနေစဉ် ပစ်သတ်ခံရ။ 

(၃) ဩဂုတ် ၁ – ဦးဌေးဆောင်၊ လက်ပံကျင်းရွာ၊ အသက် ၆၀ ကျော်၊ လေဖြန်းနေသည့် ကျန်းမာရေးမကောင်းသူ စစ်ရှောင်စဉ် စစ်ကြောင်းနှင့် တိုးပြီး လည်ပင်းကို ပဝါဖြင့် ညှစ်သတ်ခံရ။ 

(၄) ဩဂုတ် ၁ – မဂျက်ပိ၊ လက်ပံကျင်းရွာ၊ အသက် ၂၅ နှစ်၊ ရွာထဲ စစ်ကြောင်းဝင်လာစဉ် ရမ်းသန်းပစ်ခတ်မှုကြောင့် ဗိုက်ကို ကျည်ထိပြီး သေဆုံး။

(၅) ဩဂုတ် ၁ – ဦးကျော်လွှမ်း၊ လက်ပံကျင်းရွာ၊ အသက် ၃၀ ကျော်၊ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရစဉ် ဓာတ်ပုံပြပြီး မေးမြန်းရာ မသိကြောင်း ပြောသည့်အတွက် စာသင်ကျောင်းနောက်ဘက်သို့ ခေါ်သွားပြီး လည်ပင်းကို ဓားဖြင့် လှီးသတ်။

(၆) ဩဂုတ် ၁- ဦးစိုးလင်း၊ လက်ပံကျင်းရွာ၊ အသက် ၆၀ ခန့်၊ စာသင်ကျောင်းအတွင်း စစ်ဆေး မေးမြန်းနေစဉ် ကျောင်းနောက်ဘက်ရှိ အိမ်ထဲမှ ချောင်းကြည့်စဉ် စစ်တပ်က တွေ့သွားပြီး ပစ်သတ်။ 

(၇) ဩဂုတ် ၆ – ဦးနိုင်လင်း၊ လက်ပံကျင်းရွာ၊ အသက် ၄၀ ကျော်၊ ဓားစာခံအဖြစ် ဖမ်းသွားပြီးနောက် ဗောဓိတစ်ထောင်အနီး နောက်ကျောဘက်မှ ပစ်သတ်။ 

(၈) ဩဂုတ် ၄ – (အမည် မသိရသေး) ကန်ရင်းရွာဒေသခံ ၊ အသက် ၄၀ ကျော်။

Show More

Related Articles

Back to top button