အထက်ပိုင်းတွင် မိုးအနည်းငယ်များသဖြင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှင့် ကောလင်းမြို့နယ်ကို ပိုင်းခြားထားသည့် ဒေါင်းမြူးချောင်းတွင် ကမ်းပြည့်ရေစီးသန်လျက်ရှိသည်။
ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းအထက်ပိုင်း ကန့်ဘလူမြို့နယ်မြောက်ဘက်အစွန်ဆုံးရှိ ကိုးတောင်ဘို့ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား ၅၀ ခန့်သည် ကောလင်းဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်း သတင်းရသဖြင့် ဒေသတွင်း ပြောက်ကျားတပ်သားများ အလုပ်များသွားသည်။
ရေစီးသန်သော ဒေါင်းမြူးချောင်းကို ကျော်နိုင်မည်မဟုတ်ဘဲ သေချာပေါက် ပြန်လှည့်လာမည့်လမ်းတွင် ပြောက်ကျားတပ်သားတို့က မိုင်းထောင်သည်။ မောင်းပြန်ရိုင်ဖယ်အနည်းငယ်နှင့် လက်လုပ်သေနတ်များ ကိုင်ဆောင်ကာ ပစ်ကွင်းသာသည့်နေရာတွင် စောင့်ဆိုင်းလိုက်ကြသည်။
စစ်သားများ ပြန်လှည့်မလာဘဲ ဒေါင်းမြူးချောင်းကို ခဲရာခဲဆစ် ကူးသွားကြောင်း သတင်းဝင်လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အဖွဲ့ခေါင်းဆောင် စိတ်ပျက်သွားသည်။ သို့သော် ကိုးတောင်ဘို့ရွာ လူနေအိမ်များတွင် တပ်စွဲထားသော စစ်သားအရေအတွက် ၃၀ ကျော်သာ ကျန်ရှိနိုင်သဖြင့် အခွင့်ကောင်းဟု ယူဆကာ ထိုစစ်သားများကို ဝင်တိုက်ရန် ဆုံးဖြတ်လိုက်သည်။
ကိုးတောင်ဘို့ရွာ ပကဖအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ကန့်ဘလူခရိုင် တပ်ရင်း (၂) တို့မှ တိုက်ခိုက်ရေးသမားများက ရွာကို တိတ်တဆိတ်ချဉ်းကပ်ပြီး စတင်ပစ်ခတ်သည်။
“ကျွန်တော်တို့က စစ်ကြောင်းထိုးတော့၊ တစ်အိမ်တက်ဆင်း ဝိုက်ပစ်တော့ သူတို့က ထွက်ပြေးသွားတာဗျ” ဟု ပကဖ ခေါင်းဆောင်က ပြောသည်။
စစ်သား ၃၀ ခန့်သည် ရွာထဲမှ ထွက်ခွာကာ ရွာမြောက်ဘက်ကပ်လျက်တွင် တည်ဆောက်ထားသည့် ယာယီစစ်စခန်းဆီသို့ ဆုတ်ခွာသွားသည်။
ကိုယ့်ဘက်က ဘာမှ သေချာမတုံ့ပြန်နိုင်ဘဲ ကျဆုံးခဲ့ရတာပါ၊ သေချာတုံ့ပြန်နိုင်တဲ့အချိန် အမြန်ရောက်ချင်ပါတယ်။ အားလုံးကြိုးစားရမှာ။ တူမီးနဲ့ တိုက်နေရင်တော့ အသေများနေအုံးမှာပါ။ မတိုက်ဘဲလည်း အရှုံးမပေးချင်ကြဘူး။
ဒေသခံတို့၏ ခုခံတိုက်ခိုက်မှုသည် လာမည့်ရက်များအတွင်း ကိုးတောင်ဘို့တိုက်နယ်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသည့် အကြောင်းရင်းတစ်ခု ဖြစ်ခဲ့သည်။ သို့သော်လည်း ပြာပုံဘဝနှင့် ကျန်ရစ်သော ဒေသခံတို့ကမူ စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုကို ဆက်လက်ထောက်ခံသွားမည်ဟု ပြောသည်။
ယာယီစစ်စခန်း
ယခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်အင်အား ၈၀ ကျော် ကောလင်းမြို့ဘက်မှ ကိုးတောင်ဘို့ရွာသို့ စစ်ကြောင်းထိုးလာခဲ့သည်။ ဒေသကာကွယ်ရေးအဖွဲ့များက ဒေါင်းမြူးချောင်းမှ စောင့်ကြို ခုခံခဲ့သော်လည်း လက်နက်အင်အားကွာဟမှုကြောင့် နောက်ဆုတ်ပေးခဲ့ရသည်။
စစ်ကောင်စီတပ်များ ရွာထဲတွင် တပ်စွဲပြီးနောက် နောက်နှစ်ရက်အကြာ ဖေဖော်ဝါရီ ၄ တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ကိုးတောင်ဘို့ရွာကာကွယ်ရေးအဖွဲ့မှ ၁၆ ဦးအထိ သေဆုံးခဲ့သည်။
“အဖွဲ့ကွဲပြီး ဆုတ်သွားတဲ့အဖွဲ့က သူတို့ပစ်ကွင်းထဲ ရောက်သွားတာ။ အကာအကွယ်နည်းတဲ့ဘက် ရောက်သွားတဲ့ ရဲဘော်တွေ အကျများတာပါဟု ကိုးတောင်ဘို့ရွာမှ ကာကွယ်ရေးအဖွဲ့တစ်ခုခေါင်းဆောင်ဖြစ်သူ ကိုချစ်ဆိုသူက ပြောသည်။
ထိုစဉ်က တူးမီးနှင့် လက်လုပ်သေနတ်များသာပါသည့် ဒေသကာကွယ်ရေးတပ်ကို စစ်ကောင်စီက ၆၀ မမဗုံးသီးများနှင့် တရစပ်ပစ်ခတ်ခဲ့ကြောင်း ပြောသည်။ ကိုးတောင်ဘို့ကျေးရွာ ဒေသကာကွယ်ရေးအဖွဲ့အတွက် ပထမဆုံးအကြိမ်ရင်ဆိုင်တိုက်ပွဲကြီး တွေ့ကြုံခဲ့ရခြင်းဖြစ်ကာ သုံးနာရီကြာတိုက်ပွဲတွင် ပေးဆပ်မှုကြီးမားခဲ့သည်။
“ကိုယ့်ဘက်က ဘာမှ သေချာမတုံ့ပြန်နိုင်ဘဲ ကျဆုံးခဲ့ရတာပါ၊ သေချာတုံ့ပြန်နိုင်တဲ့အချိန် အမြန်ရောက်ချင်ပါတယ်။ အားလုံးကြိုးစားရမှာ။ တူမီးနဲ့ တိုက်နေရင်တော့ အသေများနေအုံးမှာပါ။ မတိုက်ဘဲလည်း အရှုံးမပေးချင်ကြဘူး” ဟု ကိုချစ်က ထိုစဉ်က ပြောသည်။
အဆိုပါတိုက်ပွဲအပြီးတွင် ကိုးတောင်ဘို့ရွာမကြီးမှ ဒေသခံများ ရွာထဲ ပြန်မဝင်ရဲကြသလို စစ်ကောင်စီတပ်များက ရွာမြောက်ပိုင်းရှိ လူနေအိမ်များတွင် စိတ်တိုင်းကျ နေထိုင်စားသောက်နေကြောင်း သိရသည်။
ထို့နောက်ပိုင်းတွင် ဒေသခံကာကွယ်ရေးတပ်များလည်း လက်တုန့်ပြန်ဖို့ အချိန်ကောင်းကို စောင့်နေကြသလို စစ်တပ်ဘက်မှလည်း ကြိုတင်ပြင်ဆင်ခဲ့သည်။ စစ်သားများက မတ်လမှစ၍ ကျေးရွာမြောက်ဘက် ၄ ဖာလုံအကွာတွင် စစ်စခန်းတစ်ခု တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
“ကတုတ်တို့ ဘာတို့ ကာဗာ (အကာအကွယ်) အပြည့်အစုံကို ယူထားတာဗျ၊ သံဆူးကြိုးအကာတွေ မိုင်းအကာတွေပါ လုပ်ထားတာ၊ ပြီးခဲ့တဲ့နှစ်လကျော်ကမှ အဲနေရာကို စစ်စခန်းလုပ်တာဗျ၊ ပြည်သူတွေဆီက သစ်တို့ ဝါးတို့နဲ့ ဆောက်ထားတာဗျ” ဟု ကိုးတောင်ဘို့ရွာ ပကဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကောလင်း-ကန့်ဘလူလမ်းကို ထိုစခန်းမှ ထိန်းချုပ်ရန် ပြင်ဆင်နေသည်ဟု ယူဆရကြောင်း သူက ပြောသည်။ သို့သော် စစ်သားများက လူမရှိတော့သည့် ရွာအတွင်းနေအိမ်များတွင်သာ နေထိုင်ခဲ့ကြပြီး ဝင်တိုက်ခံရချိန်မှ ယာယီစခန်းသို့ ဆုတ်ခွာသွားခြင်းဖြစ်သည်။
စခန်းကို ဝိုင်းခြင်း
ကျေးရွာကို စီးနင်းထားနိုင်သည့် ကာကွယ်ရေးအဖွဲ့များသည် ယာယီစခန်းကို တိုက်ခိုက်ရန် ပြင်ဆင်ကြသည်။ ယခုလ ၁ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီစခန်းကို ပစ်ခတ်ပြီး ချဉ်းကပ်ရန် ကြိုးစားသော်လည်း လက်နက်ကြီးဒဏ်ကြောင့်နောက်ပြန်ဆုတ်ခဲ့ရသည်။
စစ်ကောင်စီတပ်က ပစ်လိုက်သည့်လက်နက်ကြီးကျည်တစ်လုံးသည် အိမ်တစ်လုံးပေါ် ကျရောက်ပြီး အရပ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။
“သူတို့က အိမ်ထဲတင်နေကြတာ။ ဟိုဘက်ကပစ်လိုက်တော့ လက်နက်ကြီးက အိမ်ပေါ် ကျသွားတာ” ဟု ကိုချစ်က ပြောသည်။
သေဆုံးသူများမှာ ၈ နှစ်သား မောင်ဇင်ဘုန်း၊ သူ့မိခင် ၂၆ နှစ်အရွယ် မလဲ့လဲ့စိုး၊ အဘိုးဖြစ်သူ ၅၃ နှစ်အရွယ် ဦးစိုးကျော်တို့ ဖြစ်သည်ဟု ၎င်းထံမှ သိရသည်။
ညပိုင်း ၈ နာရီတွင် တိုက်ပွဲရပ်နားလိုက်ပြီးနောက် ရွာအတွင်း ခွဲဖြန့်တပ်ပြန်စွဲလိုက်ပြီး အရေးကြုံပါက ချက်ချင်းဝိုင်းတိုက်နိုင်ရန် ပြင်ဆင်ကြောင်း ကိုးတောင်ဘို့ပကဖ ခေါင်းဆောင်က ပြောသည်။
“ညကတော့ ဟိုဘက်ဒီဘက် အသံပေးတာလောက်ပဲ။ အရှေ့အနောက် တောင်ဘက်မှာ ငါးနေရာခွဲပြီး အသံပေးတာပေါ့” ဟု သူက ပြောသည်။
နောက်တစ်နေ့ မနက်ခင်းကို သေနတ်သံများဖြင့် စတင်လိုက်သည်။ ကာကွယ်ရေးအဖွဲ့များသည် ကျေးရွာမြောက်ပိုင်းတွင် စုစည်းကာ မောင်းပြန်အချို့နှင့် လက်လုပ်သေနတ်များဖြင့် ပစ်ကာ ရှေ့ဆက်တက်နိုင်ဖို့ ကြိုးစားကြည့်သည်။
သို့သော် အထိုင်စခန်းမှ ထိုင်ပစ်နေသည့် စစ်ကောင်စီတပ်ကို လက်နက်အင်အားအခြေအနေကြောင့် သိမ်းဖို့ခက်နေကြောင်း သူက ပြောသည်။
“လက်နက်ကောင်းရင် ကျားထိုးတက်ပြီး သိမ်းလို့ရတယ်။ ကျွန်တော်တို့က တူးမီးသမားက များတာကိုး၊ ဒီတစ်ချီမှာ အလက် ၃၀ ပစ်မယ်ဆိုရင် အလက် ၃၀ တောက်လျှောက် တစ်ခါပြန်ဆုတ်၊ တစ်ခါပြန်ထိုး၊ နောက်ကတစ်ဖွဲ့က တောက်လျှောက်ပစ်၊ အဲလိုလုပ်ရတာဗျာ” ဟု သူက ရှင်းပြသည်။
ရိုးရာတူးမီးသေနတ်များသည် တစ်ချက်ပစ်ပြီးပါက ကျည်ဖြည့်ရန် မိနစ်အနည်းငယ်လိုအပ်သည်ဟု သိရသည်။
ကျွန်တော်တို့ကလည်း အရင်ပွဲတွေမှာ လေကြောင်းက ဒီလောက်ထိ မမျှော်မှန်းဘူး။ ခါတိုင်းပွဲတွေမှာ မလာတာဆိုတော့၊ သိမ်းမဲ့ဆဲဆဲမှ လေယာဉ်နှစ်စီးနဲ့ ပစ်ခွဲသွားတာ
“တစ်နေကုန်ပြောရမှာပဲ။ သူတို့ဘက်က လက်နက်ကြီးတွေရော နှစ်ဆင့်ကွဲလက်နက်ကြီးတွေပါ ပစ်တာ၊ ပစ်တာက အပြန်အလှန်ပစ်တာပဲ၊ နားတာတောင် ခဏပဲဗျ” ဟု ပကဖခေါင်းဆောင်က ပြောသည်။
တိုက်ပွဲဒုတိယနေ့တွင် ကာကွယ်ရေးအဖွဲ့ဘက်မှ ပစ်လိုက်သည့် လက်လုပ် ၆၀ မမစိန်ပြောင်း ထိချက်မှန်သဖြင့် စစ်ကောင်စီဘက်မှ ၈ ဦးအထိ ကျဆုံးနိုင်ကြောင်း ပြောသည်။
သို့သော်လည်း ထိုအချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
မျှော်လင့်မထားသည့် လေကြောင်းစစ်ကူ
ဇွန် (၃) နံနက် ၅ နာရီတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။ ယမန်နေ့တွင် စစ်ကောင်စီဘက်မှ ပစ်အားလျော့လာသည်ကို သိရှိသဖြင့် နေမွန်းမတည့်မီ စခန်းသိမ်းနိုင်ရေး ရည်မှန်းထားကြသည်။
“သူတို့ဘက်က တော်တော်လေးကျတဲ့အချိန် စစ်ကြောင်းနှစ်ကြောင်းထိုးတက်တော့တာပေါ့၊ အရှေ့ဘက် အနောက်ဘက်ပေါ့၊ နယ်က လုပ်တဲ့ ၆၀ မမတွေနဲ့ သူတို့တပ်စွဲထားတဲ့စခန်း ဝိုင်းထုဖို့ပဲ။ သူတို့ဘက်က လက်နက်ကြီးလည်း မပစ်နိုင်တော့ဘူး” ဟု ပကဖခေါင်းဆောင်က ပြောသည်။
စစ်ကြောင်းနှစ်ကြောင်းက စခန်းကို ပစ်ခတ်နေသလို စခန်းသိမ်းတော့မည်ဖြစ်သောကြောင့် လက်နက်ချရန် တိုက်တွန်းကြောင်း အသံချဲ့စက်ဖြင့် ကြေညာခဲ့သည်ဟု ပြောသည်။ သို့သော် ထိုအချိန်တွင် ရဟတ်ယာဉ်များ ကိုးတောင်ဘို့သို့ ဦးတည်နေကြောင်း သတင်းရသဖြင့် အခြေအနေ ပြောင်းပြန်ဖြစ်သွားခဲ့သည်။
“ကျွန်တော်တို့ကလည်း အရင်ပွဲတွေမှာ လေကြောင်းက ဒီလောက်ထိ မမျှော်မှန်းဘူး။ ခါတိုင်းပွဲတွေမှာ မလာတာဆိုတော့၊ သိမ်းမဲ့ဆဲဆဲမှာ လေယာဉ်နှစ်စီးနဲ့ ပစ်ခွဲသွားတာ” ဟု ပကဖခေါင်းဆောင်က ပြောသည်။
နေ့ခင်း ၂ နာရီခန့်တွင် လေကြောင်းရန် သတင်းရသဖြင့် ကာကွယ်ရေးအဖွဲ့များ ချက်ချင်း တပ်ဆုတ်ကြသည်။ ၁၅ မိနစ်အတွင်း ရဟတ်ယာဉ်နှစ်စီးရောက်လာပြီး ကိုးတောင်ဘို့တစ်ဝိုက်ကို လှည့်လည်ပစ်ခတ်သည်ဟု ဆိုသည်။
“သူတို့ရဲ့ခံတပ်သဘောကို သွားဖြိုရတာဆိုတော့ နှစ်ညအိပ်သုံးရက်ကို ဝိုင်းတိုက်ရတာ။ ဒါပေမဲ့ နောက်ဆုံးဗျာ … သူတိုက လေယာဉ်ပစ်ကူနဲ့ဆိုတော့ ကျွန်တော်တို့ ဘာမှမလုပ်နိုင်ဘူးလေ။ အဆမတန်ကို သုံးသွားတာပေါ့ဗျာ” ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရွာတောင်ဘက်ခြမ်းသို့ ဆုတ်ခွာသော်လည်း ရဟတ်ယာဉ်နှစ်စီး ထပ်မံရောက်ရှိလာပြီး စစ်သားများကို ချကာ ပိတ်ဆိုခဲ့သည်ဟု ဆိုသည်။ ထိုရဟတ်ယာဉ်နှစ်စီးစလုံး နောက်တစ်ကြိမ် အသွားအပြန် ထပ်မံလူချသဖြင့် စစ်သားအင်အား ၁၀၀ ခန့် ရှိလာသည်ဟု ကာကွယ်ရေးအဖွဲ့ဝင်များက ပြောသည်။
“ကျွန်တော်တို့ရဲ့ အနောက်တောင်ဘက်က ပိတ်လိုက်တာ၊ ကျွန်တော်တို့ကတော့ ဒီဘက်မဆုတ်ဘဲနဲ့ ကောလင်းဘက် ထိုးတက်သွားရတာ” ဟု ပကဖခေါင်းဆောင်က ပြောသည်။
ကျွန်တော်တို့ရွာကို မီးလောင်နေတာ မြင်နေရတယ်ဗျာ။ မျက်ရည်ပါ ကျမိတယ်၊ တချို့ဆို သတိလစ်သွားတဲ့သူတွေရှိတယ်
ခြေလျင်နှင့် လေကြောင်း ပိတ်ဆို့ခံရသည့်ကြားမှ ကာကွယ်ရေးအဖွဲ့များသည် ကိုးတောင်ဘို့ရွာ၏ အရှေ့ဘက်ပိုင်းမှတစ်ဆင့် ကောလင်းမြို့နယ်ဘက်သို့ ဆုတ်ခွာခဲ့ရသလို လေကြောင်းပစ်ခတ်မှုများကြောင့် ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး သေဆုံးကြောင်း သိရသည်။
ကိုးတောင်ဘို့တိုက်နယ်ကို မီးတင်ရှို့ခြင်း
ကိုးတောင်ဘို့ရွာသည် အိမ်ခြေ ၂၀၀၀ ကျော်ရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီး ကန့်ဘလူမြို့မြောက်ဘက် မိုင်လေးဆယ်နီးပါးအကွာတွင် ရှိသည်။ ကောလင်းမြို့နှင့် ၈ မိုင်ကျော်သာ ဝေးသည်။
စစ်ကောင်စီသည် ကျလုနီးစခန်းကို လေကြောင်းမှ အင်အားဖြည့်ပြီး ၂ ရက်အကြာ ဇွန် (၅) ရက်နေ့မှစ၍ ကိုးတောင်ဘို့နှင့် ဝန်းကျင်ရွာများကို စတင်ဖျက်ဆီးခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ ထိုနေ့တွင် ကိုးတောင်ဘို့ရွာနှင့် ဘေးချင်းကပ်ရွာဖြစ်သည့် ကိုင်းမကျေးရွာကို ဝင်ရောက်စီးနင်းပြီး ကာကွယ်ရေးအဖွဲ့ဝင်များ၏နေအိမ်ဟု ၎င်းတို့ယူဆသည့် နေအိမ် ၁၀ လုံးကို မီးရှို့ခဲ့သည်။
ရွာချင်းကပ် ကိုင်းမကျေးရွာတွင် မီးတောက်များမြင်ရသည်နှင့် မိုင်ဝက်ခန့်သာဝေးသည့် လျှော်ဖြူကုန်းရွာမှ ဒေသခံတို့ကလည်း ၎င်းတို့ထံ စစ်သားများ အချိန်မရွေးရောက်လာနိုင်ကြောင်း သဘောပေါက်ကြသည်။ ထိုနေ့တွင်ပင် ဘေးလွတ်မည်ဟု ယူဆရသည့် နေရာများသို့ ရွာသူရွာသားတို့ တိမ်းရှောင်ကြသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဇွန်လ ၆ ရက် နံနက် ၄ နာရီခန့်တွင် စစ်သားများ ကျေးရွာဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်းသည်ဟု သိရကြောင်း၊ နေ့ခင်းပိုင်းတွင် လျှော်ဖြူကုန်းရွာပေါ်တွင် မီးခိုးလုံးများတက်လာသည်ကို ပုန်းခိုရာနေရာမှ စတင်မြင်ရကြောင်း အဆိုပါ အမျိုးသားက ပြောသည်။
“ကျွန်တော်တို့ရွာကို မီးလောင်နေတာ မြင်နေရတယ်ဗျာ။ မျက်ရည်ပါ ကျမိတယ်၊ တချို့ဆို သတိလစ်သွားတဲ့သူတွေရှိတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အသက် ၄၀ ၀န်းကျင်အရွယ် ထိုအမျိုးသားက ပြောသည်။
စစ်သားများပြန်ထွက်သဖြင့် လျှော်ဖြူကုန်းရွာသားများ မီးဝင်ငြှိမ်းသတ်ချိန်တွင် နေအိမ် ၁၀၀ ကျော် ပြာကျသွားပြီးဖြစ်သည်။ ဆောက်ထားသည်မှာ သုံးနှစ်သာ ကြာသေးသည့် နှစ်ထပ်နေအိမ်အပါအဝင် နွားစာတိုက်၊ စပါးတိုက်စသည့် အဆောက်အအုံသုံးခုစလုံး မီးခိုးတအူအူဖြင့် ပြာကျသွားသည့်မြင်ကွင်းက အိမ်အပြေးပြန်လာသည့် သူ့ကို ဆီးကြိုနေသည်။
“ကျွန်တော်တို့ ဒီအိမ်ကို ဆောက်ဖို့ တော်တော်ရုန်းကန်ခဲ့ရတာ။ ဆယ်နှစ်ဝန်းကျင်လောက် ရုန်းကန်ခဲ့ရတာပေါ့ဗျာ” ဟု သူက ဝမ်းနည်းပက်လက် ပြောသည်။
“သူတို့လိုလားတဲ့ ရန်သူတွေကို ရှာတိုက်ပေါ့ဗျာ၊ ခုလို မဆိုင်တဲ့သူတွေကို မလုပ်သင့်ဘူး”
ဇောင်ချောင်းနဲ့ အလယ်ခုံမှာ ၁၈ ယောက်လောက်ထိ သေတယ်ဗျ။ မိုင်းထောင်တဲ့ဟာမှန်သမျှ သွေးအိုင်တွေ နည်းတာမဟုတ်ဘူး။
စစ်သားများသည် ဇွန် ၆ ရက်နေ့ တစ်ရက်တည်းတင် နှောကုန်းရွာမှ နေအိမ် ၅၂ လုံး၊ လျောဖြူကုန်းရွာမှ နေအိမ် ၁၁၈ အိမ်နှင့် စပါးကျီ ၃၈ လုံး၊ ကျွန်းကုန်းရွာက နေအိမ် ၃လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီကမူ ၎င်းတို့၏ စစ်သားများသည် နေအိမ်မီးမရှို့ကြောင်း ရံဖန်ရံခါ တုံ့ပြန်တတ်သည်။ ကန့်ဘလူမြို့နယ်အတွင်း အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်ပြီးလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ကျေးရွာများထဲမှ ခုခံမှု
စစ်ကောင်စီတပ်များ ၂ ရက်အတွင်း ၄ ရွာကို မီးရှို့လိုက်သဖြင့် ဒေသကာကွယ်ရေးအဖွဲ့များက ထိုင်ကြည့်နေမည့်အစား တုံ့ပြန်နိုင်ရေး ပိုမိုစဉ်းစားလာကြသည်။ စစ်ကောင်စီတပ်ကို တိုက်ခိုက်သည်ဖြစ်စေ၊ မတိုက်ခိုက်သည်ဖြစ်စေ ရွာမီးရှို့ခံရမည့်အတူတူ ရသလောက်တိုက်ခိုက်ရန် ဆုံးဖြတ်ကြသည်။
“အစီအစဉ်ပြောင်းလိုက်တာပေါ့ဗျာ။ ဒီကောင်တွေ ရွာထဲဝင်တာနဲ့ မီးရှို့တာပဲဆိုပြီး ကျွန်တော်တို့ မိုင်းတွေအများကြီး ပတ်ချာလှည့်ထောင်လိုက်တော့တာ။ ကျွန်တော်တို့က ပြည်သူတွေကို တစ်ရွာချင်း ချိတ်ပြီးတော့ ရွာထဲမှာရှိသမျှ လူအကုန်ထွက်ပြီးတော့မှ လမ်းဆုံလမ်းခွမှန်သမျှ မိုင်းထောင်ဆိုပြီး ထောင်လိုက်တော့တာ၊ နှောကုန်းနဲ့ လျောဖြူကုန်းကို ရှို့ပြီးတော့မှ အစီအစဉ်ဆွဲရတာ” ဟု ပကဖခေါင်းဆောင်က ပြောသည်။
ဇွန် ၈ တွင် ကိုးတောင်ဘို့ရွာတောင်ဘက် တစ်မိုင်အကွာတွင်ရှိသည့် ဇော်ချောင်းရွာနှင့် အလယ်ခုံရွာများကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းရာ ပေါက်ကွဲသံများကြားရသလို ကျေးရွာများကို မီးဆက်ရှို့ခဲ့သည်ဟု သိရသည်။
“သူတို့ဘက်ကတော့ အိမ်တွေကို ဖွင့်တဲ့အချိန်မှာ ကျွန်တော်တို့ မိုင်းတွေထောင်ခဲ့တဲ့အတွက် မိုင်းကွဲသံတွေ ကြားရတယ်။ ဇော်ချောင်းမှာတော့ ရွာထဲမှာ သုံးလုံးကွဲတယ်။ ကောက်ရိုးပုံထဲမှာ Dead body သုံးလောင်း တွေ့တယ်” ဟု ကာကွယ်ရေးအဖွဲ့ဝင်တစ်ယောက်က ပြောသည်။
ကျေးရွာတွင်း မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်သားများသည် ဇော်ချောင်းကျေးရွာမှ နေအိမ် ၉၂ လုံး အလယ်ခုံရွာမှ နေအိမ် ၁၆၄ လုံးနှင့် ဘုန်းကြီးကျောင်းတစ်ဆောင်ကို မီးရှို့ပြာချခဲ့သည်။
“ဇောင်ချောင်းနဲ့ အလယ်ခုံမှာ ၁၈ ယောက်လောက်ထိ သေတယ်ဗျ။ မိုင်းထောင်တဲ့ဟာမှန်သမျှ သွေးအိုင်တွေ နည်းတာမဟုတ်ဘူး” ဟု ပကဖခေါင်းဆောင်က ဆိုသည်။
နောက်တစ်ရက် နံနက်ခင်းတွင် မီးလောင်ပြင်ဖြစ်နေသည့် အလယ်ခုံကျေးရွာအတွင်းသို့ ဝင်ရောက်ကြည့်ရှုသူများထဲတွင် အသက်လေးဆယ်ကျော်အရွယ် အလယ်ခုံကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးလည်း ပါဝင်သည်။
“မကြည့်ရက်မရှုရက်ပဲ၊ ဘိုးဘွားဘီဘင်လက်ထက်ကတည်းက စုဆောင်ထားတဲ့ဟာတွေ အကုန် ပြာပုံနဲ့ မီးခိုးကြား မြင်ရတာဆိုတော့ မိန်းမသားတွေကလည်း ငိုငိုရီရီ၊ ယောက်ျားသားတွေနဲ့ ငိုငိုရီရီနဲ့ ရင်ဘတ်သတ်နေရတာပေါ့ဗျာ” ဟု သူက ပြောသည်။
ဇွန် ၉ တွင် စစ်သားများ အလယ်ခုံအရှေ့ဘက်သုံးမိုင်အကွာမှ အောက်တဲကျေးရွာကို ဝင်ရောက်စီးနင်းသော်လည်း ကျေးရွာအတွင်းသို့ မဝင်တော့ဘဲ ရွာအပြင်ဘက်မှသာ မီးရှို့သွားကြောင်း ပကဖခေါင်းဆောင်က ပြောသည်။
“လျော်ဖြူကုန်နဲ့ နှောကုန်းက ပညာပေးထားလို့ နောက်ပိုင်းကျ ရွာတိုင်းရွာတိုင်း ဒီလိုလုပ်ထားတော့ (မိုင်းဆင်ထားတော့) နောက်ရွာတွေ အစွန်လောက်ကအိမ်လေးတွေ ရှို့တာ။ ရွာထဲ မဝင်ရဲကြတော့ဘူးပေါ့” ဟု သူက ပြောသည်။
အဆိုပါရွာမှ နေအိမ် ၃၅ လုံးနှင့် စပါးကျီ ၂ လုံး ပြာကျခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်များ ဇွန်၁၀ရက်နေ့တွင် ကိုးတောင်ဘို့ရွာတောင်ဘက် ဆယ်မိုင်အကျော်အကွာ စစ်ကောင်စီအထိုင်တပ်စွဲထားသည့် ချပ်သင်းရွာရဲစခန်းသို့ ရောက်ရှိသွားသည်။ သို့သော် လွယ်လွယ်ကူကူရောက်သွားနိုင်ခြင်းမဟုတ်ပေ။
ဒေသတွင်း ခုခံသူများ တိုင်ပင်ပြီး ပြင်းပြင်းထန်ထန် ခုခံကြသည်၊ စစ်ကောင်စီတပ်သားတို့ မိုင်းထိခံသည့် လက္ခဏာများ တွေ့ရသည်ဟု ပကဖခေါင်းဆောင်ထံမှ သိရသည်။
“ရွာတွေကို မီးရှို့တဲ့အတွက် မဖြစ်အနေ အင်အားအလုံးအရင်းနဲ့ တိုက်ပွဲဖော်တယ်၊ ခြေပြတ်လက်ပြတ်တွေ သုံးယောက်စာလောက် တွေ့တယ်၊ မသယ်နိုင်သွားဘူး” ဟု ပကဖခေါင်းဆောင်က ပြောသည်။
ကျွန်တော်တို့ အရှုံးမပေးဘူး
စခန်းအတိုက်ခံရခြင်း၊ ခုခံခြင်းတို့ကြောင့် စစ်ကောင်စီသည် ကိုးတောင်ဘို့အုပ်စုမှ ကျေးရွာ ၇ ရွာကို မီးရှို့ပြကာ ဖိနှိပ်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးအဖွဲ့တို့က ဆိုသည်။ ဆယ်ရက်အတွင်း နေအိမ် ၄၉၀ ကျော်နှင့် စပါးကျီ ရာနှင့်ချီ ပြာပုံအတိဖြစ်ကာ လူဦးရေ သောင်းနှင့်ချီ အိုးအိမ်မဲ့သွားသည်။
စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းမှ အိမ်ခြေ ၁၃,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးထားသည်ဟု ထိုဖြစ်ရပ်များကို လေ့လာစောင့်ကြည့်နေသည့် Data for Myanmar အဖွဲ့က ဇွန် ၇ တွင် ထုတ်ပြန်ထားသည်။
ကျွန်တော်တို့ ရှင်သန်နေသရွေ့ တွန်းလှန်မှာ။ ဘယ်တော့မှ အရှုံးမပေးဘူး။ ပြည်သူတွေကလည်း ကျွန်တော်တို့နဲ့ တစ်သားတည်းပဲ။
စစ်ပွဲကာလအတွင်း အရပ်သားပြည်သူများ အခြေအနေမဲ့ဖြစ်စေရန် ထိုသို့ မီးရှို့ခြင်းသည် လူသားမျိုးနွယ်ကို ထိခိုက်စေသည့် ရာဇဝတ်မှုဖြစ်ရုံမက စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုလည်းမြောက်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။
“မျိုးစပါးတွေကအစ မီးရှို့ဖျက်ဆီးလိုက်တယ်။ ဒါမျိုးဖျက်ဆီးလိုက်ခြင်းအားဖြင့် တောင်သူလယ်သမားတွေက ဒီမိုးတွင်းမှာ စိုက်စရာ မရှိတော့ဘူး။ ဒါဆိုရင် မိုးတွင်းကာလတစ်ခုလုံးတင်မကဘူး။ နောက်ထပ် နှစ်ပေါင်းများစွာ အသက်ရှင်ရမဲ့ သက်မွေးဝမ်းကျောင်းကော၊ နောက်တစ်ခါ စိုက်ပျိုးရေးကဏ္ဍတစ်ခုလုံးကိုပါ ဖျက်ဆီးလိုက်တဲ့အတွက် ပြည်သူလူထု အရမ်းကို ဒုက္ခရောက်စေတဲ့ အပြုအမူဖြစ်တယ်” ဟု ဝန်ကြီးက ပြောသည်။
PDF အားကောင်းရာဒေသကို မီးရှို့ပြီး ဖိနှိပ်ပြနေသော်လည်း PDF ကို ဆက်လက်ထောက်ခံနေမည်ဖြစ်ကြောင်း နေအိမ်ဆုံးရှုံးခဲ့ရသည့် အထက်ပါလျှော်ဖြူကုန်းရွာသားက ပြောသည်။
“သူတို့က ဒီလိုလုပ်လို့လိုက်တဲ့အတွက် ကျွန်တော်တို့က ခံပြင်းစိတ်က ပိုပြီးများလာတာ။ တွန်းအားပေးသလိုတောင် ရောက်တယ်၊ ကျွန်တော်တို့က တော်လှန်ရေးကို ပြီးဆုံးသွားအောင် ထောက်ခံသွားမယ်။ တော်လှန်ရေးလုပ်ရင် ဆုံးရှုံးတယ်ဆိုတာ သိပြီးသားပါ၊ ပေးဆပ်ရမဲ့အချိန်ရောက်လာလို့ ပေးဆပ်တာပါ” ဟု ထိုအမျိုးသားက ဆိုသည်။
အလယ်ခုံကျေးရွာ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း ကိုးတောင်ဘို့အုပ်စုပြည်သူများသည် နေအိမ်များ ဆုံးရှုံးခဲ့ရသော်လည်း ကြောက်လန့်သွားခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်ရန်သာ စိတ်အားထက်သန်နေသည်ဟု မှတ်ချက်ပြုသည်။
“ကျွန်တော်တို့က စိတ်ဓာတ်နဲ့ တော်လှန်တာ၊ သူတို့တွေလို အဆင့်မီလက်နက်မရှိမှန်း ကျွန်တော်တို့ သိတတ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်နဲ့ အသက်နဲ့ ကျွန်တော်တို့စည်းစိမ် ရယူလို့ ရချင်ရမယ်၊ သတ်ပြီးတော့မှ ဖျောက်ဖျက်လို့ရချင်ရမယ်”
“ကျွန်တော်တို့ ရှင်သန်နေသရွေ့ တွန်းလှန်မှာ။ ဘယ်တော့မှ အရှုံးမပေးဘူး။ ပြည်သူတွေကလည်း ကျွန်တော်တို့လည်း တစ်သားတည်းပဲ” ဟု တော်လှန်ရေးတပ်သားက ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)