သတင်း

စစ်ခေါင်းဆောင်က သူ့လုံခြုံရေးအတွက် တပည့်ဟောင်းကို နေပြည်တော်တိုင်းမှူးခန့် 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်း၏ လုံခြုံရေးအတွက် အရေးအကြီးဆုံးသော တိုင်းစစ်ဌာနချုပ်ဖြစ်သည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအဖြစ် တပည့်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ဇော်ဟိန်းကို ခန့်အပ်လိုက်သည်။

ဩဂုတ်လ ၂၅ ရက်က စစ်တပ်ထိပ်တန်းရာထူးအချို့ အပြောင်းအလဲပြုလုပ်ခဲ့ရာတွင် နေပြည်တော်တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်ဇော်မျိုးတင်သည် လေ့ကျင့်ရေးအရာရှိချုပ် ဖြစ်သွားပြီး မေမြို့ စစ်တက္ကသိုလ်ကျောင်းအုပ် ဗိုလ်ချုပ်ဇော်ဟိန်းက နေပြည်တော်ရောက်လာခြင်း ဖြစ်သည်။

“နေပြည်တော်တိုင်းမှူးကတော့ တပ်ချုပ်ရဲ့လုံခြုံရေးကို တာဝန်ယူရသူမို့ အရေးကြီးတဲ့နေရာပါ” ဟု နေပြည်တော်၌ တာဝန်ထမ်းဆောင်နေစဉ် စစ်တပ်ကို စွန့်ခွာကာ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ စစ်တပ်အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီးညီသုတက Myanmar Now ကို ပြောသည်။ 

တိုင်းစစ်ဌာနချုပ် ၁၄ ခုရှိသည့်အနက် နေပြည်တော်တိုင်းမှူးရာထူးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏လုံခြုံရေးအတွက် အလွန်အရေးပါပြီး အုပ်ချုပ်ရေးမြို့တော်၏ လုံခြုံရေးဆိုင်ရာ ကိစ္စအဝဝကို တာဝန်ယူကွပ်ကဲရသူလည်းဖြစ်သည်။

နေပြည်တော်တိုင်းမှူးဖြစ်လာသည့် ဗိုလ်ချုပ်ဇော်ဟိန်းသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးဖြစ်စဉ်က ကိုယ်ရေးအရာရှိအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း စစ်ဘက်အရာရှိဟောင်းတစ်ဦးကို ကိုးကား၍ ဧရာဝတီသတင်းဌာနက ရေးသားထားသည်။

ဗိုလ်ချုပ်ဇော်ဟိန်းသည် ဦးသန်းရွှေလက်ထက်တွင် သစ်တောဝန်ကြီးနှင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်ဟောင်းသိန်းအောင်၏ သားဖြစ်သည်ဟု စစ်တက္ကသိုလ်အပတ်စဉ် ၄၄ ကျောင်းဆင်း စစ်တပ်အရာရှိဟောင်းတစ်ဦးက Myanmar Now ကို ပြောသည်။

“ဦးသိန်းအောင်သား။ ၃၈ Intake က။ အောင်စစ်သည်နဲ့ လေ့ကျင့်ရေးထူးချွန်ဆု နှစ်ဆုယူခဲ့တယ်။ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှာ အရင်က စစ်ဆင်ရေး G2 လုပ်ဖူးတယ်။ နောက် G1 ထွက်တယ်။ အင်းတိုင် တပ်မ ၁၁ တပ်မှူးထွက်တယ်။ ပြီးတော့ စစ်တက္ကသိုလ်ကျောင်းအုပ်။ အခုနပတတိုင်းမှူး” ဟု အဆိုပါစစ်တပ်အရာရှိဟောင်းက ပြောသည်။ 

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့အယုံကြည်ရဆုံးသူကိုသာ အနီးကပ်ဆုံးဖြစ်သော နေပြည်တော်တိုင်းမှူးအဖြစ် ထားလေ့ရှိသည်ဟု ၎င်းက ပြောသည်။ 

“တပ်ထဲမှာ ရှင်လောင်းခေါ်တော့ လူကြီးတွေက လိုက်ထိန်းထားတာပေါ့။ နောင်တစ်ချိန် လူကြီးဖြစ်မယ့်သူတွေကို အန္တရာယ်ရှိတဲ့နေရာ၊ ပြဿနာဖြစ်မယ့်နေရာ မထားဘူး။ စစ်တက္ကသိုလ်ကျောင်းအုပ်ဆိုတာ ဘာမှပြဿနာမရှိတဲ့နေရာလေ။ ဖြည်းဖြည်းချင်း မွေးပြီးခေါ်လာတာ အပေါ်ကို။ ပြီးမှ သူတို့လိုချင်တဲ့နေရာ ဆွဲထည့်လိုက်တာ။ အတွင်းစည်းပဲလေ” ဟုလည်း အထက်ပါစစ်တပ်အရာရှိဟောင်းက ပြောသည်။ 

နေပြည်တော်တိုင်းမှူးဖြစ်လာသည့် ဗိုလ်ချုပ်ဇော်ဟိန်းသည် စစ်တက္ကသိုလ်အပတ်စဉ် ၃၈ တက်ရောက်ခဲ့သူဖြစ်ရာ အပတ်စဉ် ၁၉ တက်ရောက်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထက် ၁၅ နှစ်မျှ ငယ်ရွယ်ပြီး အသက် ၄၆ နှစ်အရွယ်သာရှိသေးသည်။

အာဏာသိမ်းရန် အကြံအစည်ရှိခဲ့သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်းကိုယ်တိုင်ယုံကြည် စိတ်ချရသော၊ ၎င်းထက် များစွာငယ်ရွယ်သော စစ်ဗိုလ်ချုပ်များကို တပ်မတော်၌ အလွန်အရေးပါသော ထိပ်တန်းရာထူးများ ပေးအပ်ကာ တပ်တွင်းဩဇာတည်ဆောက်ခဲ့သည်။

လက်ရှိတပ်မတော်တွင် ထိပ်တန်းစစ်ဗိုလ်ချုပ်အများစုမှာ အသက် ၆၅ နှစ်အရွယ် အာဏာသိမ်းခေါင်းဆောင်ထက် အနည်းဆုံး အသက် ၁၀ နှစ်ကျော် ငယ်သူများဖြစ်ကြသည်။ လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နှင့် ရေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်တို့ စစ်တက္ကသိုလ်အပတ်စဉ် ၂၆ နှင့် ၂၈ တက်ရောက်ခဲ့သူဖြစ်ရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထက် များစွာငယ်သူများဖြစ်သည်။ 

ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးသူရကျော်ထင်၏ သားဖြစ်ကာ ဗိုလ်ချုပ်ကြီးမိုးအောင်မှာ အာဏာရှင်ဟောင်းဦးသန်းရွှေ၏ လက်ရုံးတစ်ဆူဟု အသိအမှတ်ပြုထားကြသည့် ဦးအောင်သောင်း၏သားဖြစ်သည်။

အနာဂတ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာမည့်သူဟု ထင်ကြေးပေးခံထားရသူ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည်လည်း စစ်တက္ကသိုလ်အပတ်စဉ် ၃၀ တက်ရောက်ခဲ့သူဖြစ်သဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်ထက် အသက် ၁၀ နှစ်ကျော် ငယ်ရွယ်သူဖြစ်သည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အထူးယုံကြည်အားထားသူ စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သည့် မိုးမြင့်ထွန်းသည် တပ်မတော်၌ နံပါတ် ၄ အဆင့် အရေးပါဆုံးရာထူးဖြစ်သည့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဖြစ်သည့်အပြင် စစ်ကောင်စီအဖွဲ့ဝင်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံကော်မရှင်ဥက္ကဋ္ဌလည်း ဖြစ်သည်။ 

တပ်မတော်တွင် အရေးပါသော ထိပ်တန်းရာထူးတစ်ခုဖြစ်သည့် စစ်ရေးချုပ်အဖြစ် ခန့်အပ်ခံထားရသူ ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းသည်လည်း စစ်တက္ကသိုလ်အပတ်စဉ် ၂၈ တက်ရောက်ခဲ့သူဖြစ်သဖြင့် စစ်ကောင်စီဥက္ကဋ္ဌထက် ၁၀ နှစ်နီးပါး ငယ်ရွယ်သူဖြစ်သည်။ 

ထို့ပြင် စစ်ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် လက်ရှိစစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် စစ်ကောင်စီခန့်ရဲချုပ်နှင့် ပြည်ထဲရေးဒုတိယဝန်ကြီးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်တို့သည်လည်း ဦးမင်းအောင်လှိုင်ထက် ၁၀ နီးပါး ငယ်ရွယ်သူများဖြစ်ကြသည်။ 

စစ်တပ်အတွင်း အသက်ငယ်ဆုံးသော ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းမှာ စစ်တက္ကသိုလ်အပတ်စဉ် ၃၅ တက်ခဲ့သူဖြစ်သဖြင့် စစ်ခေါင်းဆောင်ထက် ၁၅ နီးပါး ငယ်ရွယ်သူဖြစ်သည်။ 

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုသို့ ၎င်းထက် အသက် ၁၅ နှစ်မှ ၂၀ နီးပါး ငယ်ရွယ်သူများကို စစ်တပ်ထိပ်တန်းရာထူးများ ပေးအပ်ကာ တပ်တွင်းဩဇာတည်ဆောက်နေသည့်အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သက်တမ်းကိုလည်း အကန့်အသတ်မဲ့ ပြင်ဆင်ထားသည်။ 

တပ်ချုပ်သက်တမ်းမှာ အကန့်အသတ်မဲ့မဟုတ်ဟု လွန်ခဲ့သော ငါးနှစ်ခန့်က ၎င်းကိုယ်တိုင် ပြောကြားခဲ့သော်လည်း အာဏာသိမ်းပြီး သုံးရက်အတွင်း ထိုသို့ ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ယခင်ထုတ်ပြန်ထားသည့် တပ်ချုပ်နှင့် ဒုတပ်ချုပ်ရာထူး သက်တမ်းဆိုင်ရာ ကန့်သတ်ထားသော ညွှန်ကြားလွှာများကို ပယ်ဖျက်ကြောင်း ညွှန်ကြားလွှာအသစ် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အာဏာသိမ်းပြီး ချက်ချင်းဆိုသလို စစ်တပ်ထိပ်တန်း ဗိုလ်ချုပ်ကြီးအချို့ကို မင်းအောင်လှိုင်က အပြောင်းအလဲပြုလုပ်ခဲ့သည်။ တပ်မတော်တွင် နံပါတ်သုံးအဆင့်ရှိ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ရာထူးမှ ဖယ်ထုတ်ကာ ကာကွယ်ရေးဝန်ကြီးအဖြစ်သာ ခန့်အပ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ကာကွယ်ရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်တို့ကိုလည်း အဆိုပါရာထူးများမှ အနားပေးခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်တပ်ရာထူးမှ လျှောကျခဲ့သူနောက်တစ်ဦးက ရေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်းဖြစ်သည်။ ဦးအောင်သောင်း၏ သားကို ဗိုလ်ချုပ်ကြီးရာထူးပေးကာ ရေတပ်ကာကွယ်ရေးဦးစီးအဖြစ်ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထို့သို့ စစ်တပ်ထိပ်တန်းနေရာများကို ၎င်းယုံကြည်သည့် ငယ်ရွယ်သူများဖြင့် အစားထိုးခြင်း၊ တပ်ချုပ်ရာထူးကို အကန့်အသတ်မဲ့ ပြင်ဆင်ခြင်းများအပြင် စစ်ကောင်စီဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အိမ်စောင့်အစိုးရအဖြစ် တိုးချဲ့ဖွဲ့စည်းကာ ဝန်ကြီးချုပ်အဖြစ်လည်းကောင်း သိမ်းကျုံးတာဝန်ယူကာ ၎င်း၏ အာဏာတည်မြဲရေးရည်မှန်းချက်ကို အခိုင်အမာပြုလျက်ရှိသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button