သတင်း

လေယာဉ်ဖြင့် ဗုံးကြဲခံရသည့် လေးကေ့ကော်တွင် တိုက်ပွဲဆက်ဖြစ်နေ

လေကြောင်းမှ ဗုံးကြဲခံရသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အနောက်ဘက် တစ်မိုင်အကွာ ကျောက်ဂူရွာ၊ အရှေ့ဘက် နာရီဝက်ခရီးတွင်ရှိသည့် မင်းလက်ပံရွာတို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် စစ်ကောင်စီတပ်တို့အကြား ယနေ့ (ဒီဇင်ဘာ ၂၄) နံနက် ၁၁ နာရီမှစ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ 

ထိုဒေသအတွင်းသို့ လေယာဉ်များပျံဝဲနေပြီး မြေပြင်တွင်လည်း စစ်ကောင်စီက အင်အားဖြည့်တင်းနေကြောင်း၊ ယနေ့ နံနက်မှစ၍ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူနှင့် ဒေသတွင်းသတင်းရင်းမြစ်များက အတည်ပြုသည်။

စစ်ကောင်စီတပ်က ယခင်ကအတိုင်း အရပ်သားပစ်မှတ်များကိုပင် တိုက်ခိုက်နေသည်ဟု KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။

“ဒီမနက်ဆိုရင် မင်းလက်ပံရွာကို ပစ်ချတာ လူတွေက ပြေးနေရတယ်။ နေရာမရွေးဘူးလေ။ နေ့ရော ညရော ပစ်ချင်ရာကို ပစ်ချင်သလိုပစ်နေတာပဲလေ” ဟု ပဒိုစောတောနီးက ဆိုသည်။

ရွာထဲကို လက်နက်ကြီးနဲ့ ပစ်တယ်ဆိုတာက သူ့အတွက်(စစ်ကောင်စီ) ဘာမှကို မဟုတ်တော့ဘူးလေ။ လုပ်နေကျအလုပ်လိုဖြစ်နေပြီ” 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကရင်ပြည်နယ်တိုက်ပွဲတချို့တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) အဖွဲ့ဝင်များလည်း KNU ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ 

ထိုဒေသအတွင်းတွင်ရှိနေသည့် PDF အဖွဲ့ဝင်တစ်ဦး၏ အဆိုအရ ယမန်နေ့ (ဒီဇင်ဘာ ၂၃) ညက မြဝတီ-ကော့ကရိတ်လမ်းအတိုင်း စစ်ကူတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်း မင်းလက်ပံရွာအနီးသို့ ရောက်ရှိချိန်မှစ၍ တိုက်ပွဲစတင်နေသည်ဟု သိရသည်။

ယနေ့(ဒီဇင်ဘာ ၂၄) နံနက် ၁၀ နာရီဝန်းကျင်တွင် လေးကေ့ကော်မြို့သစ် ကောင်းကင်ယံ၌ လေယာဉ်တစ်စင်းပျံဝဲလျက်ရှိပြီး မြို့သစ်အနောက်မြောက်ဘက် ၁ မိုင်ကျော်အကွာရှိ ကျောက်ဂူရွာဘက်တွင်လည်း အပြန်လှန်ပစ်ခတ်လျက်ရှိသည်ဟု ဒေသခံတစ်ဦးက ၁၂ နာရီခွဲခန့်တွင် ပြောသည်။ 

“လေယာဉ်ကတော့ ကောင်းကင်ယံမှာ ပျံဝဲနေတာပဲ။ မြင်တော့မမြင်ရဘူး။ အသံပဲကြားရတယ်။ လက်နက်ကြီးတွေတော့ ပစ်နေတုန်းပဲ။ အခု ကျောက်ဂူဘက်အခြမ်း၊ မေတ္တာလင်းမြိုင် (မဲထော်သလေးကျေးရွာအုပ်စု) ဘက်မှာ ပစ်နေတယ်။ ကျောက်ဂူဘုရားနားမှာ ပစ်နေတယ်”ဟု ၎င်းက ပြောသည်။

လေးကေ့ကော်မြို့ကို ထိမှန်ခြင်းမျိုးမရှိသေးသော်လည်း မြို့နှင့်အနီးတစ်ဝိုက် ကျောက်ဂူရွာဘက်တွင် စစ်တပ်က ပစ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲသံများ ကြားနေရသည်ဟု လေးကေ့ကော်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“KNLA တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကို ခန့်မှန်းပြီးပစ်နေတာ”ဟု ၎င်းက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၂၃) ညတွင် လေးကေ့ကော်မြို့သစ်တောင်ဘက်ရှိ Top View ကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်တပ်က အင်ကြင်းမြိုင်၊ မဲထော်သလေး၊ ကျောက်ဂူရွာ အနီးဝန်းကျင်သို့ လက်နက်ကြီးနှင့် အချက်ရေများစွာ ပစ်ခတ်သော်လည်း ထိခိုက်ဒဏ်ရာရမှု၊ ပျက်စီးမှုအခြေအနေကို အတိအကျ အတည်မပြုနိုင်သေးဟု အထက်ပါသတင်းရင်းမြစ်များက ပြောသည်။

“အင်ကြင်းမြိုင်မှာရှိတဲ့ စစ်ရှောင်တဲ့ နေရာနဲ့ (လက်နက်ကြီးကျတဲ့နေရာ) နီးတယ်။ သူတို့နဲ့က အဆက်အသွယ်မရသေးဘူး။ ဖလူးဘက်မှာ နေတဲ့သူတွေနဲ့က နည်းနည်းဝေးတယ်။ လေယာဉ်နဲ့ ပစ်တာက တောင်ကြောထဲကို ကျတာ”ဟု လေးကေ့ကော်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူက ပြောသည်။

ထိုဒေသတွင်းရှိနေသည့် PDF အဖွဲ့ဝင်တစ်ဦး၏ အဆိုအရ စစ်လေယာဉ်က ကြဲချခဲ့သည့် ဗုံး ၂ လုံးမှာ လေးကေ့ကော်မြို့ အနောက်ဘက်ခပ်လှမ်းလှမ်းရှိ သင်္ဘောပင်များ စိုက်ပျိုးထားသည့် ခြံအတွင်းသို့ ကျရောက်သည်ဟု သိရသည်။

ထိုဗုံးကြောင့် ထိခိုက်ဒဏ်ရာရမှုမရှိသော်လည်း လေးကော်မြို့အရှေ့ဘက် နာရီဝက်ခန့် ခရီးတွင်ရှိသည့် မင်းလက်ပံရွာအနီး လက်နက်ကြီးကျရာတွင် ဒေသခံ ၃ ဦးထက်မနည်း ဒဏ်ရာရသွားသည်ဟု ၎င်းက ဆက်ပြောသည်။

ယမန်နေ့ည ၁၀ နာရီ ၁၀ မိနစ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံး ကြဲခဲ့သည်ဟု KNUက အတည်ပြုထားသည်။ သို့သော် စစ်ရေးကိစ္စဖြစ်၍ ဗုံးကျသည့်နေရာအတိအကျကို ထုတ်မပြောနိုင်ကြောင်း PDF အဖွဲ့ဝင်က ဆိုသည်။ 

ထိုသို့ တိုက်ပွဲဆက်နေသဖြင့် လေးကေ့ကော်နှင့် အနီးတစ်ဝိုက်ရှိ ဒေသခံများ ထွက်ပြေးနေရပြီး နယ်စပ်နှင့် ထိုင်းနိုင်ငံအတွင်းသို့ တိမ်းရှောင်နေရသူဦးရေ ပိုများလာမည်ဟု ပဒိုစောတောနီးက ခန့်မှန်းသည်။

“ဒီနေ့ဆိုရင် မင်းလက်ပံရွာကို လက်နက်ကြီးတွေနဲ့ ထပ်ပစ်တာကြောင့် တစ်သောင်းထက်ကို ကျော်သွားမဲ့ အလားအလာရှိပါတယ်”ဟု ၎င်းက ပြောသည်။

နောက်ထပ်ဒေသခံတစ်ဦး၏ အဆိုအရ ယမန်နေ့ည စစ်တပ်က ပစ်သည့် လက်နက်ကြီးများမှာ ထိုင်း−မြန်မာနယ်စပ် သောင်ရင်းမြစ်နံဘေးတွင် ခိုလှုံနေသည့် စစ်ရှောင်များနှင့် သုံးမိုင်ခန့်အကွာတွင် ကျရောက်သည်ဟု သိရသည်။

“စစ်ရှောင်တွေကတော့ (ပစ်တဲ့) အသံရှိတဲ့နေရာနဲ့ ဝေးအောင်ပြေးကြတာ”ဟု ၎င်းက ပြောသည်။

စစ်ရှောင်များမှာ မဲထော်သလေးကျေးရွာအုပ်စု၊ ဖလူးလေးရွာမှ ဖြစ်သည်။

လေယာဉ်ဖြင့် ဗုံးကြဲ၊ လက်နက်ကြီးဖြင့် ပစ်ခံရသည့် ယမန်နေ့ညတွင် ဒေသခံ ထောင်နှင့်ချီ၍ သောင်ရင်းမြစ်ကို ဖြတ်ကာ ထိုင်းနိုင်ငံဘက်သို့ အရေးပေါ်တိမ်းရှောင်ခဲ့ရသည်ဟု ဒေသတွင်းသတင်းမီဒီယာများက ဖော်ပြသည်။

စစ်တပ်က ဗုံးမကြဲမီ သုံးရက်အလိုတွင် ထိုသို့ဖြစ်လာနိုင်ခြေရှိ၍ ကုလသမဂ္ဂဦးဆောင်ကာ လေကြောင်းပျံသန်းမှုကင်းမဲဇုန်သတ်မှတ်ရန် KNU က တောင်းဆိုထားသေးသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ဒီဇင်ဘာ ၂၂ ရက်ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံဘက်သို့ မြန်မာဘက်မှ ခြောက်ရက်အတွင်း လူပေါင်း ၄၀၀၀ နီးပါး တိမ်းရှောင်လာကြောင်း သိရသည်။ ထိုဒုက္ခသည်များထံ အကူအညီများ အလျင်အမြန်ပေးနိုင်ရေး လုပ်ဆောင်နေသည်ဟု မဟာမင်းကြီးရုံးက ဆိုထားသည်။

ဒီဇင်ဘာလကုန်ပိုင်းဖြစ်သော်လည်း စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် ခရစ္စမတ်အစီအစဉ်များတွင် ပါဝင်နိုင်မည်မဟုတ်ဟု KNU မှ ပဒိုစောတောနီးက ပြောသည်။

“ဘယ်လိုပဲပြောပြော ကျွန်တော်တို့ကတော့ အဆိုးဆုံးအခြေအနေကနေ ရင်ဆိုင်သွားမယ်။ ကျွန်တော်တို့လူထုဟာ လက်ရှိကာလမှာ ခရစ္စမတ်အချိန်ကာလပေမဲ့ ခေါင်းထဲမှာ မတွေးနိုင်တဲ့ အနေအထားမှာ ရှိပါတယ်လို့ ပြောချင်ပါတယ်”ဟု ပဒိုစောတောနီးက ပြောသည်။

လေးကေ့ကော်မြို့သစ်တွင် ခိုလှုံနေသော CDM လှုပ်ရှားမှုတွင် ပါဝင်သူများနှင့် လွှတ်တော်အမတ်အချို့ကို ဒီဇင်ဘာ ၁၄ ရက်တွင် စစ်ကောင်စီက အတင်းအကျပ်ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှ KNU ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော် ချားလ်စ်ဘို၏ ခရစ္စမတ်ဆုတောင်းပွဲသို့ အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများ တက်ရောက်မှုကို မျက်နှာဖုံးတင်ဖော်ပြသည့် ဝါဒဖြန့်သတင်းစာများတွင်မူ ပြည်သူများထွက်ပြေးကြရသည့် မြဝတီမြို့အတွင်း စစ်ဆင်နေခြင်းသတင်းကို ဖော်ပြထားခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button