သတင်း

Mytel အပါအဝင် စစ်တပ်ပိုင် လုပ်ငန်းများကို Facebook က အရေးယူပိတ်ပင် 

မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာ Mytel အပါအဝင် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများကို အရေးယူပိတ်ပင်သည့်အနေဖြင့် ရာနှင့်ချီသော စာမျက်နှာများကို Facebook က ယနေ့ (ဒီဇင်ဘာ ၈) စတင်ဖယ်ရှားနေသည်။​

စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် အကြမ်းဖက်လုပ်ရပ်များအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက စုစည်းတင်ပြထားသည့် အချက်အလက်များကို အခြေခံ၍ အရေးယူခြင်းဖြစ်ပြီး စစ်တပ်ပိုင်လုပ်ငန်းများကို ကြော်ငြာခွင့်တားမြစ်ခဲ့သည့် ယခုနှစ်ဆန်းပိုင်း အရေးယူပိတ်ပင်မှု၏ နောက်ဆက်တွဲ တိုးမြှင့်အရေးယူခြင်းဖြစ်သည်ဟုလည်း Facebook က ထုတ်ပြန်သည်။ 

စစ်တပ်ထိန်းချုပ် စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် ရာနှင့်ချီသော Facebook စာမျက်နှာများ၊ အုပ်စုများ (Group) များနှင့် အကောင့်များကို ဖယ်ရှားခြင်းဖြစ်ကာ ထိုအထဲတွင် စစ်တပ်ပိုင် Mytel ကုမ္ပဏီလည်း ပါဝင်သည်ဟု Facebook တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောကြားသည်။

“အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံတကာအစိုးရများရဲ့ အရေးယူပိတ်ဆို့မှုတွေအပေါ် အခြေခံပြီး စစ်တပ်နဲ့ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အရေးယူပိတ်ပင်ခြင်းဖြစ်သည်” ဟုလည်း Facebook ပိုင်ရှင် Meta ကုမ္ပဏီ၏ ထုတ်ပြန်ချက်က ဆိုသည်။​

မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်း ပိုင်ဆိုင်မှုနှင့် သက်ရောက်မှု အလွန်ကျယ်ပြန့်သည့်အလျောက် အမြဲတမ်းတိတိကျကျ ဆုံးဖြတ်နိုင်ရန် ခက်ခဲသည်ဖြစ်ရာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာကို အခြေခံ၍ အရေးယူဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။​

မြန်မာနိုင်ငံအခြေအနေများကို ဆက်လက်စောင့်ကြည့်ပြီး ပြည်သူလူထုဘေးကင်းရေး လိုအပ်သလို ထပ်မံဆောင်ရွက်သွားမည်ဟုလည်း Facebook ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယခုအခါ Facebook လူမှုကွန်ရက်တွင် စစ်တပ်ပိုင် အကြီးစားစီးပွားရေးလုပ်ငန်းကြီးများဖြစ်သည့် Mytel နှင့် Myanmar Lager Beer စာမျက်နှာများ မတွေ့ရှိရတော့ပေ။

စစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် (Justice For Myanmar – JFM) အဖွဲ့က Facebook ၏ လုပ်ဆောင်ချက်ကို ကြိုဆိုပြီး၊ စစ်တပ်နှင့် ဆက်စပ်လုပ်ကိုင်နေသည့် နိုင်ငံတကာနှင့် ပြည်တွင်းကုမ္ပဏီများကိုပါ ထည့်သွင်းအရေးယူခြင်းဖြင့် အရေးယူပိတ်ပင်မှုပြည့်စုံစေရန် တောင်းဆိုသည်။

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ၎င်းပိုင် စီးပွားရေးလုပ်ငန်းများ ပါဝင်ပတ်သက်နေပြီး အာဏာမသိမ်းမီကတည်းကပင် Facebook လူမှုကွန်ရက်အသုံးပြု၍ အကျိုးအမြတ်ရနေသည်ဟု JFM က ထောက်ပြသည်။ 

“စစ်တပ်က ရာဇဝတ်ဂိုဏ်းတွေလို လည်ပတ်နေတာ။ စစ်ဆင်ရေးတွေမှာ ဘဏ္ဍာငွေအသုံးပြုတာမျိုး၊ အကျိုးအမြတ်ခွဲဝေရာမှာ ရာထူးကြီးတဲ့အထက်ပိုင်းတွေကို သစ္စာစောင့်သိပေးတာမျိုး” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က Myanmar Now ကို ပြောသည်။

စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီသည် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း သန်းနှင့်ချီသော ဖုန်းအသုံးပြုသူများအပါအဝင် အမေရိကန်ဒေါ်လာ ၂၅ နီးပါး အကျိုးအမြတ်ဆုံးရှုံးခဲ့သည်ဟု JFM အဖွဲ့က ဆိုသည်။ 

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် စစ်တပ်နှင့် သက်ဆိုင်သော စာမျက်နှာများအပါအဝင် စစ်တပ်ထိန်းချုပ် မီဒီယာစာမျက်နှာများကို Facebook က ဖယ်ရှားခဲ့သည့်ပြင် ၎င်း၏လူမှုကွန်ရက်တွင် စစ်တပ်ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများ ကြော်ငြာခွင့်ကိုပါ ကန့်သတ်ခဲ့သည်။

သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သိန်းနှင့်ချီသော ရိုဟင်ဂျာများထွက်ပြေးခဲ့ရသည့် ဖြစ်စဉ်တွင် Facebook အနေဖြင့် ၎င်း၏လူမှုကွန်ရက်တွင် ရိုဟင်ဂျာမုန်းတီးရေး အမုန်းစကားပြန့်ပွားမှုကို ထိန်းသိမ်းကြပ်မတ်ခဲ့ခြင်း မရှိဟု နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ဝေဖန်ထားသည်။ 

ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုများကို မီးလောင်ရာလေပင့်စေသည့် အမုန်းစကားပြန့်ပွားရာတွင် Facebook အသုံးပြုခြင်းက အခရာကျခဲ့သည်ဟု ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးများက ၂၀၁၈ ခုနှစ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ 

ရိုဟင်ဂျာအသိုင်းအဝိုင်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အကြမ်းဖက်မှုများတွင် Facebook အနေဖြင့် အမုန်းစကားများကို ထိန်းကွပ်ရန် ပျက်ကွက်သည်ဆိုကာ အမေရိကန်ဒေါ်လာ ၁၅၀ ဘီလျံရလိုမှုဖြင့် Facebook လူမှုကွန်ရက်ပိုင်ရှင် Meta ကုမ္ပဏီကို ရိုဟင်ဂျာဒုက္ခသည်များက ယခုရက်ပိုင်းအတွင်း တရားစွဲဆိုထားသည်။ 

ရိုဟင်ဂျာဒုက္ခသည်များ၏ တရားစွဲဆိုမှုတွင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က Facebook လူမှုကွန်ရက်တွင် အကောင့်တုများ အသုံးပြုကာ ‘သတင်းအချက်အလက်တိုက်ပွဲ’ အသွင် ဆောင်ရွက်နေခြင်းများလည်း ပါဝင်သည်ဟု ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button