သတင်း

စစ်ကောင်စီက စစ်မှုထမ်းဟောင်းများပြန်ခေါ်ကာ တပ်အင်အားဖြည့်နေ

အာဏာသိမ်းမှု ဆန့်ကျင်သူ ပြည်သူများ၏ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) များ နိုင်ငံအနှံ့ ထွက်ပေါ်လာပြီးနောက် ခုခံတိုက်ခိုက်မှုများ အရှိန်မြင့်တက်နေချိန်တွင် စစ်ကောင်စီက စစ်မှုထမ်းဟောင်းများကို ပြန်ခေါ်၍ အင်အားဖြည့်တင်းနေသည်။ 

စစ်ကောင်စီက ဒေသခံ PDF များကို အပြင်းအထန်ဖိနှိပ်နေသည့် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တစ်ခုဖြစ်သည့် ကသာတွင် စစ်မှုထမ်းဟောင်း ၅၀ ဦးကို ရွေးချယ်ခေါ်ယူခဲ့ကြောင်း ၂၀၁၂ တွင် စစ်တပ်မှ အငြိမ်းစားယူခဲ့သူတစ်ဦးက Myanmar Now ကို ပြောသည်။ 

အငြိမ်းစားမယူခင်က ထမ်းဆောင်ခဲ့သည့် ရာထူးနှင့် လစာနှုန်းထားအပြင် လက်ရှိခံစားနေသည့် ပင်စာလစာပါပေးမည်ဟု ကမ်းလှမ်းကာ ခေါ်ယူခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူ ဟုတ်/မဟုတ် ထည့်သွင်းစိစစ်ကာ အသက် ၅၀၊ ၆၀ အရွယ်များကိုပင် ခေါ်ယူသွားသည်ဟု ၎င်းက ဆက်ပြောသည်။

“ကျွန်တော်ပါလည်း ကျွန်တော်က အနောက်ကို ပြန်ပစ်မှာ။ သူတို့မို့လိုသာ ကျွန်တော်ကတော့ တစ်လ သိန်းလေးငါးဆယ်ပေးမယ်ဆိုလည်း မလိုက်ဘူး။ အခုရနေတဲ့ ပင်စင်လစာတောင် ပေးရင် ယူမယ်၊ မပေးရင် မယူဘူး ရှင်းရှင်းလေးပဲ”ဟု အသက် ၄၀ အရွယ် အဆိုပါ စစ်မှုထမ်းဟောင်းက ပြောသည်။

စစ်ကိုင်းတိုင်းတွင် စစ်မှုထမ်းဟောင်း ၁၀၀၀ ကျော်ရှိကာ ၎င်းနေထိုင်သည့် ကသာမြို့နယ်တစ်ခုတည်း၌ပင် ၂၀၀ ကျော်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။ 

ကသာတွင် စစ်ကောင်စီက ထိုသို့စစ်မှုထမ်းဟောင်းများ ခေါ်ယူခဲ့သည်ကို စက်တင်ဘာလကုန်ပိုင်းတွင် လစာသွားထုတ်ရင်း သိခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် ၁၃ နှစ်ခန့် ရှေ့တန်းစစ်မျက်နှာများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ၎င်းကို စစ်ကောင်စီကလည်း ကမ်းလှမ်းခြင်းမရှိဟု ဆိုသည်။

တစ်နိုင်ငံလုံးတွင် စစ်မှုထမ်းဟောင်း မည်မျှပြန်ခေါ်ထားသည်၊ မည်သို့စီမံထားသည်တို့ကို စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးပါ။ ထို့အတူ တာဝန်ပြန်လည်ထမ်းဆောင်သည့် စစ်မှုထမ်းဟောင်းအချို့ထံ မေးမြန်းရန် ကြိုးပမ်းနေသော်လည်း အဆက်အသွယ်မရသေးပေ။

ဒေသခံ PDF များ၏ အပြင်းအထန်ခုခံတိုက်ခိုက်မှုကို ရင်ဆိုင်နေရသည့် စစ်ကိုင်းတိုင်းမြို့တော် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်သည် အောက်တိုဘာ ၄ ရက်က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် ယခင်လများအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ စစ်ဆင်ရေးအထူးအဖွဲ့မှူးအချို့ စစ်ကိုင်းတိုင်းအတွင်း လာရောက်ခဲ့စဉ် မြို့နယ်အချို့တွင် စစ်မှုထမ်းဟောင်းများနှင့် တွေ့ဆုံခဲ့သည်ကို တွေ့ရသည်။ 

ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းတို့နှင့် ထိစပ်နေသော စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ရွာများတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည့် ၂၀၁၇ ဩဂုတ်အထိ စာရင်းအရ တစ်နိုင်ငံလုံးတွင် စစ်မှုထမ်းဟောင်းအရာရှိ တစ်သောင်းကျော်၊ အခြားအဆင့်နှင့် မှီခိုသူ အရန်အဖွဲ့ဝင် နှစ်သိန်းနီးပါးရှိသည်။

စစ်မှုထမ်းဟောင်းများကို ထိုသို့ ပြန်ခေါ်နေရခြင်းမှာ လူသစ်စုဆောင်းရေး အခက်အခဲတွေ့နေသည့် စစ်ကောင်စီ၏ ဗျူဟာတစ်ခုဖြစ်ကြောင်း စစ်တပ်ကို စွန့်ခွာကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပါဝင်ခဲ့သူ ဗိုလ်ကြီးခန့်ကိုက မှတ်ချက်ပြုသည်။

“ပြည်သူ့ဘက်က ပြည်သူတစ်ရပ်လုံးပါဝင်နေပြီးတော့ သူတို့ဘက်မှာက စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတချို့သာ ပါနိုင်တဲ့အတွက် သူတို့ရဲ့အင်အားကို သူတို့ပြန်ပြီးတော့ စုစည်းတယ်။ တိုးချဲ့တဲ့သဘော။ ဒီလူ(စစ်မှုထမ်းဟောင်း) တွေက သူတို့ရဲ့ အင်အားစုတွေဖြစ်လာမယ်ဆိုတာ သိလို့ သူတို့ ပြန်ခေါ်နေတာ”ဟု ၎င်းက သုံးသပ်သည်။

တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) မှ ၂၀၁၄ တွင် ကျောင်းဆင်းခဲ့သူ ဗိုလ်ကြီးခန့်ကိုသည် မကွေးတိုင်းအခြေစိုက် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ(ကပစ) တစ်ခုတွင် ၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

အာဏာသိမ်းပြီးနောက် ငါးလအကြာ ဇွန်လတွင် စတင်ခေါ်ယူခဲ့သည့် စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်များတွင် သင်တန်းသားဦးရေ မပြည့်မီသဖြင့် အကြိမ်ကြိမ် ရွှေ့ဆိုင်းရခြင်းများရှိနေသည်။

ထိုသင်တန်းများ၏ ဗိုလ်လောင်းလျှောက်လွှာ တင်သွင်း၊ ထုတ်ပေးခြင်း နောက်ဆုံးသတ်မှတ်ရက်ကို ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလကုန်အထိ အလီလီရွှေ့ဆိုင်းခဲ့ကြောင်း စစ်ကောင်စီ၏ သင်တန်းခေါ်စာကြေညာချက်များတွင် တွေ့ရသည်။

အထက်ပါတက္ကသိုလ်များသို့ တက်ရောက်ရန် လျှောက်ထားသည့် နောက်ဆုံးအခြေအနေနှင့် မည်သည့်ကာလတွင် စတင်ဖွင့်လှစ်မည်တို့ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာ ကြေးမုံတွင် စက်တင်ဘာ ၁ ရက်က ဖော်ပြထားသည့် ကြော်ငြာ။

ထိုသို့ တပ်သားသစ်ရှားပါးနေချိန်တွင် ပြန်ခေါ်ထားသည့် စစ်မှုထမ်းဟောင်းများကို အခြေစိုက်စခန်းများ၊ မြို့ဝင်မြို့ထွက် စသည့်နေရာများတွင် လုံခြုံရေးတာဝန်၊ အချို့ကို ရှေ့တန်းတာဝန် စသဖြင့် ခွဲဝေပေးထားသည်ကို တွေ့ရကြောင်း မွန်ပြည်နယ်၊ မုဒုံမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တချို့ကို မြို့လုံခြုံရေးအတွက် ပြန်သုံးနေတာရှိသလို ကျန်းမာသန်စွမ်းသူ ပင်စင်စားတွေကိုလဲ စစ်ကားတွေပေါ်မှာ တွေ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့က ထိပ်တိုက်တွေ့လာရင် မည်သည့် စကစလက်အောက်ခံကိုမဆို သက်ညှာနိုင်မှာမဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။

ထို့အတူ ၎င်းတို့အဖွဲ့အခြေစိုက်ရာ မွန်ပြည်နယ်အတွင်းရှိ သံဖြူဇရပ်မြို့နယ်တွင် အရပ်သားအချို့ကို လက်ဖြောင့်သေနတ်သမားသင်တန်းကိုပါ စစ်ကောင်စီက ပေးနေသည်ကို တွေ့ရကြောင်း ထိုသူကပင် ဆက်ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ 

NLD အပြတ်အသတ်အနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ မှ ယနေ့အထိ ရှစ်လကျော်အတွင်း ငြိမ်းချမ်းစွာဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီအပေါ် ဒေသအလိုက်ခုခံမှုများ တိုးပွားလာနေသည်။

ဒေသကာကွယ်ရေးအဖွဲ့ လှုပ်ရှားမှုအားကောင်းရာ နေရာများဖြစ်သည့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့သို့ သံချပ်ကာယာဉ်များပါ ပါဝင်သည့် စစ်ကြောင်းများကို စက်တင်ဘာလမှစ၍ ပို့လွှတ်ကာ စစ်ကောင်စီက အလုံးအရင်းဖြင့် အင်အားဖြည့်တင်းနေသည်။

ထိုအခြေအနေတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောက်ကျားနည်းဖြင့် ကြားဖြတ်တိုက်ခိုက်ခြင်း၊ စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ဖြင့် ခုခံနေကြပြီး ၈လအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူ ၄၄၅၆ ဦး ရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အောက်တိုဘာ ၇ တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီကမူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသများအပါအဝင် ဒေသအသီးသီးတွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း ၎င်းတို့ဘက်မှ ထိခိုက်သေဆုံးမှုများအပေါ် ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။ 

Show More

Related Articles

Back to top button