ဆောင်းပါး

တရားရုံးချိန်းပျောက်နေသည့် ရခိုင်ဒေသ အကျဉ်းသားများ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ ၂၄ နှစ် အရွယ် မောင်ဦးလှမောင်သည် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်နွှယ်မှုသံသယဖြင့် စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းတရားစွဲခံထားရသည်မှာ ၂၆ လ ရှိပြီ ဖြစ်သည်။  

သားဖြစ်သူလွတ်မြောက်ရေး မျှော်လင့်နေရသည်မှာ ပင်ပန်းလွန်းလှသည်ဟု ၄၅ နှစ် အရွယ် မိခင်က ပြောသည်။    

 “ကိုဗစ် မဖြစ်ခင်တုန်းကဆိုရင် တစ်လကို ရုံးချိန်း ၄ ခါ ရှိတယ်။ ရုံးချိန်းတိုင်းသွားပြီး သားကို တွေ့တယ်။ သားကို တွေ့ဖို့ဆိုလည်း ငွေက လိုတယ်။ ထောင်ထဲမှာလည်း စားစရာက မရှိတော့ ပို့ပေးဖို့ ငွေလိုပြန်တယ်။ ရှိတဲ့ဟာတွေလည်း ရောင်းချလို့ ကုန်ပြီ။ အခုဆို သားအတွက် လိုအပ်တာကို ပို့ဖို့ ချေးငှားပြီး ပို့နေရတယ်” 

ဒေါ်စံသာနုတို့ရွာတွင် သားဖြစ်သူအပါအဝင် ရွာသား ၂၀ ကျော်သည် ဖမ်းဆီး နှိပ်စက် အကျဉ်းချခံထားရပြီး စီရင်ချက်ချမည့်နေ့ မည်သည့်ကာလတွင် ဖြစ်မည်ကို မသိသည့် အခြေအနေ‌နှင့် ရင်ဆိုင်နေရသည်။

၎င်းတို့ကဲ့သို့ပင် AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးတရားစွဲခံရသူ စုစုပေါင်း ၃၀၀ ကျော် ထိရှိနေပြီး စစ်အာဏာသိမ်းခြင်း၊ ကိုဗစ်ကပ်ဘေးတို့ကြောင့် ရပ်ဆိုင်းထားသည့် ၎င်းတို့၏အမှုများ စစ်ဆေး၊ စီရင်မည့်နေ့ကို စောင့်မျှော်နေကြသည်။ ၎င်းတို့၏မိသားစုများ၊ ရခိုင်ဒေသအရေးလှုပ်ရှားသူများက အမှုများကို အမြန်ဆုံး ပုံမှန်ပြန်စစ်ဆေးရန်၊ ဖမ်းထားသူများ အပြစ်မရှိသဖြင့် ပြန်လွှတ်ရန် တောင်းဆိုနေကြသည်။

လက္ကာမှ၂၇ ဦးကို ဖမ်းဆီး

၂၀၁၉၊ ဧပြီလ ၁၀ မနက်ပိုင်းက လက္ကာရွာအနီး ရန်ကုန်-စစ်တွေ လမ်းမကြီး လက္ကာတံတားအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က လက္ကာကျေးရွာအတွင်း ပစ်ခတ်ဝင်ရောက်လာကာ နေအိမ်တွင် ရှိနေသူများကို လမ်းပေါ်ဆွဲထုတ်ပြီး  ၂၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်။ စစ်တပ်က စစ်ဆေးမေးမြန်းစဉ် ၃ ဦးသေဆုံးခဲ့ရပြီး အသက်မပြည့်သူ ကလေး ၂ ဦး ကို ပြန်လည်လွှတ်ပေးခဲ့သည်။ ကျန် ၂၂ ဦးမှာမူ စစ်တွေထောင်တွင် ချုပ်နှောင်ခံထားရရင်း အမှုရင်ဆိုင်နေရသည်။ 

လက္ကာရွာသူရွာသားများမှာ ယင်းဖြစ်ရပ်အပြီးနောက် မိုင်အနည်းငယ် ဝေးကွာသည့် တိမ်ညိုနှင့် ပီပင်ရင်းရွာတို့တွင် သွားရောက်ခိုလှုံနေကြစဉ် ၂၀၂၀၊ မေ ၁၆ နေ့လယ်တွင် စစ်သားများ ရွာသို့ ရောက်သွားသည်။ ထိုနေ့ ညဘက် လက္ကာရွာမှာ မီးလောင်နေခဲ့ပြီး နောက်တစ်နေ့မနက် အနီးအနားကျေးရွာမှ ဒေသခံတို့ သွားရောက်စစ်ဆေးကြည့်သည့်အခါ နေအိမ် ၁၉၃ လုံးနှင့် စာသင်ကျောင်းဆောင်တစ်ခု မီးရှို့ခံခဲ့ရသည်ကို တွေ့ရသည်။ လက္ကာရွာတွင် အိမ်ခြေ ၃၀၂ လုံးရှိသည့်အတွက် အိမ် ၁၀၉ လုံးသာ မီးမလောင်ဘဲ ကျန်ခဲ့သည်။

စစ်တပ်ကမူ AA က မီးရှို့သည်ဟု ထိုအချိန်က သတင်းထုတ်ပြန်ခဲ့သည်။ 

လက္ကာရွာမှာ မြောက်ဦးမြို့၏ မြောက်ဘက် ၈ မိုင်ခန့်အကွာ ရန်ကုန်-စစ်တွေကားလမ်းဘေး တည်ရှိပြီး အိမ်ကြီး၊ အိမ်ကောင်းများရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။ 

စစ်ကောင်စီက အာဏာသိမ်းပြီး တစ်လကျော်အကြာတွင် AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းကို ပြန်ရုပ်သိမ်းလိုက်သည်။ ဤပြောင်းလဲမှုသည် AA နှင့် ဆက်စပ်သည်ဟူသော သံသယဖြင့် အဖမ်းခံထားရသူများ လွတ်မြောက်ရေးအတွက် လမ်းစဖြစ်လာသည်။ 

ထိုသို့ပယ်ဖျက်ခဲ့ပြီးနောက် တောင်ကုတ်အချုပ်ခန်းမှ ၄ ဦး၊  အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီနှင့်ညီမ ယောက်ဖအပါအဝင် ဖမ်းဆီးခံထားရသူများ ပြန်လွတ်လာသည်။ 

အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုဖမ်းဆီးချုပ်နှောင်ခံထားရသူများကို တရားဥပဒေအရ သေချာစိစစ်မှု မရှိဘဲ ရမန်အကြိမ်ကြိမ်ယူပြီး ရခိုင်ဒေသရှိ အကျဉ်းထောင်များတွင် နှစ်နှင့်ချီ ဆက်လက်ချုပ်နှောင်ထားခြင်းကို ထောက်ပြသည့် အဖွဲ့များထဲတွင် ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ( Arakan Human Right Defenders and Promoters Association ) လည်း ပါဝင်သည်။

အကြမ်းဖက်ဥပဒေဖြင့် အရေးယူခံထားရသူများမှာ မြောက်ဦးအချုပ်ခန်းတွင် ၅၆ ဦး၊ စစ်တွေအကျဉ်းထောင်တွင် ၆၀ ဦး၊ ကျောက်ဖြူအကျဉ်းထောင်တွင် ၁၆ ဦး ရှိပြီး သံတွဲနှင့် ဘူးသီးတောင် အကျဉ်းထောင်များတွင်လည်း ရှိသည်ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ( Arakan Human Right Defenders and Promoters Association ) ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“ဒီဟာတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုလို့ မြင်တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ သက်သေအထောက်အထားမရှိရင် ဒီလူတွေကို လွှတ်ပေးရမယ်။ အမှန်တကယ်လည်း အကြမ်းဖက်အဖွဲ့ကို ပယ်ဖျက်တယ်ဆိုရင် အကြမ်းဖက်မှုနဲ့ တရားစွဲထားသူတွေကိုလည်း ဘာပဲဖြစ်ဖြစ် လွှတ်ပေးရမယ်”ဟု ၎င်းက ဆိုသည်။

ဘူးသီးတောင်မြို့နယ်တရားရုံးတွင် AA ဆက်နွှယ်သံသယဖြင့် ဆယ်အိမ်မှူးတစ်ဦးအား ၁၇ (၁) အမှုဖြင့် ရုံးထုတ်လာသည်ကို ၂၀၁၉ ဇန်နဝါရီ ၂၂ က တွေ့ရစဉ် ။ (ဓာတ်ပုံ-Myanmar Now)

ကိုဗစ်ကာလ အစိုးရရုံးပိတ်ရက်တိုးမြှင့်မှု များလာသောကြောင့် အာမခံမရဘဲ အမှုရင်ဆိုင်နေရသူတို့ နစ်နာသည်ဟု ရှေ့နေများနှင့် တရားစွဲဆိုခံထားရသူများ၏ မိသားစုဝင်တို့က ပြောသည်။

ဌာနဆိုင်ရာရုံးများကို ဇူလိုင် ၁၇ ရက်မှ သြဂုတ်လကုန်အထိ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားရာ တရားရုံးတွင် နှောင့်နှေးနေသည့် အမှုများ ရပ်တန့်သွားသည်။

ရုံးချိန်း စောင့်နေရသူများ

ရခိုင်ပြည်နယ်ကျောင်းသားသမဂ္ဂမှ ၄ ဦး စစ်တွေမြို့တွင် စစ်ဆန့်ကျင်ရေးဆန္ဒပြနေစဉ် ဖမ်းဆီးထိန်းသိမ်းခံထားရသည်မှာ ၁၀ လကျော်ကာလသို့ ရောက်ရှိလာသည့်တိုင် တရားရုံး၏ ဆုံးဖြတ်အမိန့်ကို မခံရသေးပေ။ 

၂၀၂၀ အောက်တိုဘာလအတွင်း စစ်တွေမြို့တွင် လှည့်လည်ကာ “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government,  Burmese Government Get Out” ဟု  ဆန္ဒဖော်ထုတ်စဉ် ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေ ပုဒ်မ ၅၀၅ (ခ) နှင့် ဘေး/စီ/မံ ဥပဒေ ပုဒ်မ- ၂၉ တို့ဖြင့် ဖမ်းဆီး တရားစွဲခံခဲ့ရသည်။ 

အကြိမ်ကြိမ် ရုံးထုတ်ခဲ့သော်လည်း တရားရုံးက အမိန့်မချဘဲ အကြိမ်ကြိမ် ရွှေ့ဆိုင်းနေသည့်အတွက် ဖမ်းဆီးခံကျောင်းသားများက မခံမရပ်နိုင်ဖြစ်နေကြသည်။

သို့အတွက် ဇူလိုင် ၁၆ ရုံးထုတ်ချိန်တွင် ”အမိန့်ချက်ချင်းချ၊ ချက်ချင်းချ” ”အပြစ်မဲ့ ရခိုင်ပြည်သူများ ချက်ချင်းလွှတ်၊ ချက်ချင်းလွှတ်” ဟု ကြွေးကြော်ကာ ”ယနေ့အမိန့်မချလျှင် အချုပ်မှ ထောင်သို့ မပြန်၊ အပြစ်မဲ့ ဖမ်းဆီးခံ ရခိုင်ပြည်သူများကို ပြန်လွှတ်ပေးရန်” ကျောင်းသား ၄ ဦးသည်  တရားရုံးအချုပ်အတွင်း၌ ဆန္ဒပြတောင်းဆိုခဲ့သည်။

အမှုစစ်ဆေးမှု နှေးကွေးလွန်းသည်ဟု လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ဝေဖန်လိုက်သည်။

“လူတစ်ယောက်ကို အချုပ်ထဲမှာ ထိန်းသိမ်းထားတယ်ဆိုတာဟာ တစ်နှစ်ဖြစ်စေ၊ တစ်လဖြစ်စေ အဲဒီလူရဲ့ အခွင့်အရေးတွေ ဆုံးရှုံးပါတယ်။ ကျွန်တော်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်တဲ့အတွက် ဒါတွေကို ခံစားခဲ့ရပါတယ်။ ဒါကြောင့် အမှုတွေကို အချိန်မဆွဲဘဲ မြန်မြန်ဆန်ဆန်၊ မှန်မှန်ကန်ကန် ဆုံးဖြတ်ပြီးတော့ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုရင်လည်း အပြစ်ချတယ်၊ မငြိစွန်းဘူးဆိုရင်လည်း ပြန်လွှတ်ပေးတယ်။ တစ်ခုခုတော့ လုပ်ပေးရပါမယ်။ ပြီးတော့ ကိုဗစ်ကလည်း ဖြစ်နေကြတဲ့အခါ မိသားစုတွေကလည်း စိုးရိမ်ကြတယ်။ တွေ့ချင်လို့လည်း မတွေ့ရဘူး။ ထောင်ထဲမှာကလည်း စားရသောက်ရတာ အခက်အခဲရှိတယ်” ဟု ဦးမြတ်ထွန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်နေသည်မှာ ၂၀၂၀  နိုဝင်ဘာလမတိုင်မီမှ စတင်ရေတွက်လျှင် ၁၀ လတာ ကာလသို့ ရောက်ရှိလာပြီဖြစ်ပြီး ယင်းကာလအတွင်း ULA /AA ကို အကြမ်းဖက်အဖွဲ့စာရင်းမှ ပယ်ဖျက်ခဲ့ပြီး  ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မောင်နှမတော်စပ်သူများကို ပြန်လည်လွှတ်ပေးခဲ့သည်။ 

သို့သော်လည်း စစ်ကောင်စီနှင့် ကတိကဝတ်များ မရှိသေးကြောင်း AA စစ်ဦးစီးချုပ်၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာရက္ခမီဒီယာနှင့် သီးသန့်အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

“ကျွန်တော်တို့ လူတချို့ကို လွှတ်ပေးပြီး၊ သူတို့ဘက်က လူတချို့ လွှတ်ပေးတယ်ဆိုတာကလည်း ကြားမှာ အွန်လိုင်းက အလွတ်သဘောပြောကြတဲ့အချိန်မှာ ဥပဒေကြောင်းအရ မခိုင်လုံဘဲနဲ့ ထောင်တွေမှာ ထည့်ထားတဲ့သူတွေကို ယုံကြည်မှု တည်ဆောက်တဲ့အခါမှာ လွှတ်ပေးမယ်ဆိုရင် ယုံကြည်မှုအလားအလာတွေ ကောင်းမယ်ဆိုပြီးတော့ အဲဒီလိုအနေအထား နားလည်မှုနဲ့ လွှတ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ကျန်တဲ့ ကျွန်တော်တို့ရဲဘော်တွေ၊ ပြည်သူတွေထဲမှာ အထောက်အထားမခိုင်လုံဘဲ (ချုပ်နှောင်) ထားတာတောင် လွှတ်ပေးတာမရှိသေးပါဘူး” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောခဲ့သည်။  

“နောက်ပိုင်းကြားမိတဲ့သတင်းတွေအရဆိုရင် ကျွန်တော်တို့ကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ပြီးတော့တောင်မှ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ၊ ရခိုင်ပြည်သူတွေကို ဆက်ပြီးတော့ အကြမ်းဖက်ပုဒ်မနဲ့ စီရင်ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်ဆိုတာတောင် ကြားသိရပါတယ်။ ကျွန်တော်တို့နဲ့ သူတို့နဲ့ (စစ်ကောင်စီ)နဲ့ ကြားမှာ အဲဒီလောက် ပြောပလောက်တဲ့ နားလည်မှုမျိုးမရှိပါဘူး။ ပုံမှန် အပစ်အခတ်ရပ်စဲထားတဲ့အဆင့်ပဲရှိပါတယ်” 

AA ကို အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ပြီး ၃ လ အကြာ ၂၀၂၁၊ ဇွန် ၅ တွင်  တောင်ကုတ်မြို့မှ မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်ကို တောင်ကုတ်-သံတွဲသွားလမ်း ဖုံညိုတောင်စစ်ဆေးရေးဂိတ်အနီး စစ်တပ်က ဖမ်းဆီးခဲ့ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခဲ့သည်။ ကိုဗစ်ကာလ ရုံးပိတ်ရက်ဖြစ်နေသည့်အတွက် စစ်ဆေးမေးမြန်းခြင်း မရှိခဲ့ကြောင်း သိရသည်။ 

အမှုသည်တို့၏ နစ်နာချက်

ကပ်ဘေးကာလတွင် အမှုများကို အွန်လိုင်းမှ စစ်ဆေးနိုင်သော်လည်း မည်သည့်အတွက်ကြောင့် ထိုသို့ စစ်ဆေးခြင်းမရှိကြောင်း မသိရသေးသလို ရခိုင်ပြည်နယ်အတွင်း အမှုများ ကြန့်ကြာခြင်းနှင့် ပတ်သက်ပြီး Myanmar now က

မေးမြန်းရန် ကြိုးစားသော်လည်း ရခိုင်ပြည်နယ်တရားလွှတ်တော်ရုံး တာဝန်ရှိသူတို့ကို တယ်လီဖုန်းဖြင့် ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးတရားစွဲခံရသူ ၃၆၂ ဦး အထိ ရှိခဲ့ကြောင်း စစ်တွေအခြေစိုက် သဇင်ဥပဒေဆိုင်ရာအဖွဲ့ က ၂၀၂၀ မတ်လအထိ ကောက်ယူထားသည့်စာရင်းအရ သိရသည်။ 

ထိုအထဲတွင် အမျိုးသမီးများပါဝင်ပြီး ၂၀၂၀ ဇူလိုင် ၂၂ တွင် ​​ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းရပ်ကျေးရွာ အုပ်စု၊ ရေနံဒွိန်ကျေးရွာမှ အမျိုးသမီး ၃ ဦးကို အကြမ်းဖက်ဥပဒေဖြင့် စစ်တပ်က ဖမ်းဆီးအမှုဖွင့်ခဲ့သည်။ 

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) အရ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်နှင့် အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်၊ ပုဒ်မ ၅၂(က) အရ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် ဟု ပြဋ္ဌာန်းထားသည်။ 

AA ကို အကြမ်းဖက်အဖွဲ့အစည်းမှ ပယ်ဖျက်ပြီးနောက် AA နှင့် ဆက်စပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် စွဲဆိုထားသည့် အမှုများထဲမှ ပြန်လည်ရုပ်သိမ်းပေးခဲ့သည့် အမှု ၂၁ မှုရှိခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီက ထုတ်ဖော်ပြောဆိုထားသည်။

ကိုဗစ်ကာလမတိုင်မီက အကြမ်းဖက်ဥပဒေဖြင့် စွဲဆိုခံထားရသူများ၏ အမှုတချို့မှာ အမိန့်ချမှတ်မည့် အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း ဆိုင်းငံ့ခံခဲ့ရသည့်အမှုများ ရှိခဲ့ကြောင်း သဇင်ဥပဒေဆိုင်ရာ အဖွဲ့အစည်း ( Thazin Legal Institute) ၏ ဒါရိုက်တာ၊ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းက ပြောသည်။

“ကိုဗစ်ကာလမှာ တရားရုံးတွေကို ကျန်းမာရေးအရ ပိတ်ထားတာကို မပြောလိုပါ။ ဒါပေမယ့် ကိုဗစ်ကာလမတိုင်ခင်မှာ ရခိုင်မှာရှိတဲ့ အကြမ်းဖက်အမှုတွေကို မြန်မြန်စစ်ဖို့ တရားရုံးက ပြောလို့ ကျွန်တော်တို့ တစ်ပတ်မှာ နှစ်ခါ စစ်ရတဲ့ အမှုတွေ ရှိခဲ့တယ်။ အခုဆိုရင် အမှုစစ်လို့ ပြီးသွားပြီ။ အမိန့်ချမှတ်ဖို့ အခြေအနေရောက်သွားတဲ့အချိန်မှာ တစ်ခါ ဆိုင်းငံ့ထားဆိုတဲ့အခါ ကျွန်တော်တို့မှာ အမိန့်မချဘဲ ဆိုင်းငံ့ထားတဲ့ဖြစ်စဉ်တွေရှိပါတယ်။ ဒါတွေကို တရားရုံးမှတ်တမ်းတွေအရ ငြင်းလို့မရပါ။ ဒါတွေကို ပိုလို့ပြောလိုပါတယ်”ဟု ရှေ့နေက ဆိုသည်။  

“လုပ်စရာရှိတာတွေကို အမှုတစ်ခု ပြီးဆုံးအောင်ထိ  မြန်မြန်ဆန်ဆန်လုပ်သင့်တယ်။ ဥပဒေအရ အမိန့်ချဖို့ လိုအပ်တယ်၊ လွှတ်ဖို့လိုတယ်၊ တစ်ခုခုလုပ်ရမယ်ဆိုလည်း လုပ်ပေါ့။ ပြီးရင်ဆက်သွားပေါ့။ အယူခံတွေနဲ့ ဆက်သွားလို့ရတာပဲ။ အခုက အမှုရင်ဆိုင်နေရသူတွေအဖို့ အရမ်းနစ်နာပါတယ်” 

စစ်တွေထောင်တွင် နှစ်နှင့်ချီ ရောက်နေသည့် မောင်ဦးလှမောင်၏ “အမှုအခြေအနေ ဘယ်လိုရှိနေပြီလဲ၊ သားတို့ပြန်လွတ်လာတော့မလား” ဟူသော မေးခွန်းများအတွက် ဖြေစရာစကားမရှိသဖြင့် စိတ်မကောင်းဖြစ်ရသည်၊ သားဖြစ်သူအတွက်လည်း စိုးရိမ်မိသည်ဟု သားပြန်လွတ်လာမည့်နေ့ကို အိမ်တွင် ထိုင်စောင့်နေရသည့် မိခင်ဖြစ်သူ ဒေါ်စံသာနုက ပြောသည်။   

“ဘာကြောင့် အခုထိ မလွတ်လာသေးတာလဲဆိုတာ စဉ်းစားမရဘူး။ ကျွန်မသားက သားသမီးသုံးယောက်ထဲမှာ အကြီးဆုံးပါ။ မိဘကို လုပ်ကျွေးနေတာပါ။ တရားရုံးမှာလည်း စွပ်စွဲခံရသလို ဘာသက်သေအထောက်အထားမှ မရှိပါဘူး။ အပြစ်မရှိဘဲ၂ နှစ်ကျော်အထိ ထောင်ကျခံနေရတဲ့ ကျွန်မသားလေးကို ပြန်လွှတ်ပေးစေချင်ပါတယ်” ဟု ဒေါ်စံသာနုက ပြောလိုက်သည်။  

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button