
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေမျိုးအောင်ကို ယနေ့ ( ဇွန် ၁၀) ညနေပိုင်းက သေနတ်သမား ၂ ဦးက အနီးကပ်လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးဟု ယူဆခံရသူများ ဆက်တိုက်ဆိုသလို လုပ်ကြံခံရချိန်တွင် ဦးနေမျိုးအောင်ကို လူမြင်ကွင်းတွင် တွေ့ရခဲကြောင်း လုံခြုံရေးအတွက် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
“ဗိုလ်တထောင်ဘုရားစျေးထဲက ပန်းပုဆိုင်တွေနားမှာ လမ်းလျှောက်လာနေတုန်း ခေါင်းကို ၂ ချက် တေ့ပစ်သွားတာ။ ပစ်တဲ့လူက ၂ ယောက်လို့တော့ သိရတယ်။ ပစ်ပြီး ပြေးသွားကြတယ်” ဟု ၎င်းက ပြောသည်။
ဗိုလ်တထောင်ဘုရားဂေါပကအဖွဲ့ထံမှ CCTV လုံခြုံရေးရုပ်သံမှတ်တမ်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က လာရောက်ယူဆောင်သွားသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အခြားဒေသခံတစ်ဦးကလည်း ဦးနေမျိုးအောင်သည် ယတြာချေရန် စျေးအတွင်း ဗေဒင်ခန်းတစ်ခုသို့ လာရောက်ချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်သည်ဟု ဆိုသည်။
“ဗိုလ်တထောင်ဘုရားစျေးထဲမှာ နဝင်းလာရိုက်နေတုန်း၊ သူရောက်ပြီး သိပ်မကြာခင်မှာပဲ လာပစ်သွားတာ” ဟု သူက ဆက်ပြောသည်။
သေနတ်သမားများ မည်သူမည်ဝါဖြစ်သည်ကို ပတ်ဝန်းကျင်က မသိကြဟု ဆိုသည်။
ယနေ့ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဗိုလ်တထောင်မြို့နယ်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။
ပြည်ခိုင်ဖြိုးပါတီဝင်များက စစ်တပ်ကို သတင်းပေးခြင်းကြောင့် အာဏာသိမ်းမှုဆန့်ကျင်သည့် လူငယ်များဖမ်းဆီးခံရပြီး လက်နက်များဖမ်းမိသည်ဟူသော စွပ်စွဲချက်များဖြင့် ပြည်ခိုင်ဖြိုးပါတီဝင် ၆၀ ကျော်၊ ၇၀ ခန့် လုပ်ကြံသတ်ဖြတ်ခံနေရသည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်က ဇွန် ၁၀ က ဧရာဝတီသတင်းဌာနကို ဖြေကြားထားသည်။
“အခုကတော့ ကြည့်နေ၊ ကြည့်စား၊ ကြည့်သွားပေါ့။ အချင်းချင်းပြောနေရတာက ကိုယ့်လုံခြုံရေးကိုယ် ဂရုစိုက်ကြပါ။ ကိုယ့်ပါတီဝင်အချင်းချင်း ဖေးမကြပါ။ကိုယ်တိုင်လည်း သွားပြီး မကူနိုင်ဘူး။ သူများကိုလည်း စိုးရိမ်ရတယ်။ ကိုယ့်ကိုယ်ကိုလည်း စိုးရိမ်ရတယ်” ဟု ၎င်းက ဖြေကြားထားသည်။
ဦးနေမျိုးအောင်သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်ပြီး ပါတီက ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
ဦးနေမျိုးအောင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဆိပ်ကမ်းမြို့နယ် တိုင်းလွှတ်တော် မဲဆန္ဒနယ်မြေ (၂) တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ထိုမဲဆန္ဒနယ်မြေတွင်ပင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ထိုမဲဆန္ဒနယ်မြေမှ ထပ်မံယှဉ်ပြိုင်ခဲ့ရာ ၎င်း၏ ပြိုင်ဘက် NLD လွှတ်တော်ကိုယ်စားလှယ်ကို ဆန္ဒမဲ ရာဂဏန်းဖြင့် အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲမဲမသမာမှုများကြောင့် ရွေးကောက်ပွဲရလဒ်ပျက်ပြယ်ခဲ့ပြီး ဒုတိယဆန္ဒမဲအများဆုံးဖြစ်သူ NLD လွှတ်တော်ကိုယ်စားလှယ်သည် ထိုမဲဆန္ဒနယ်၏ တိုင်းလွှတ်တော်အမတ်ဖြစ်လာသည်။
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် Myanmar Now သတင်းဌာနက စုံစမ်းဖော်ထုတ်ခဲ့သည့် “အနိုင်ရအမတ်လောင်းနှင့် ရွေးကောက်ပွဲအကြိုကာလ ငွေချေးလုပ်ငန်း” သတင်းဆောင်းပါးပါ အချက်များကို ကိုးကားပြီး ၎င်း၏ ပြိုင်ဘက် NLD ကိုယ်စားလှယ်လောင်းက မဲမသမာမှုဖြင့် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
Myanmar Now သတင်းဌာနက နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးသို့ သွားရောက်ထွက်ဆိုခဲ့ရပြီး အပြီးသတ်လျှောက်လဲချက်တင်သွင်းသည့် မေ ၂၄ တွင် ငွေချေးငှားသည့် လုပ်ငန်းများ၊ ဘာသာရေးအခြေခံ မဲဆွယ်စည်းရုံးခြင်းများ၊ နိုင်ငံပိုင်မြေနေရာပေါ်တွင် တရားမဝင် ပါတီရုံးတည်ဆောက်ခြင်းများ ပေါ်ပေါက်ခဲ့သည်။
ဦးနေမျိုးအောင်က ထိုငွေချေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဝန်ခံခဲ့သော်လည်း ထိုသို့ချေးငွေထုတ်ပေးခြင်းမှာ ရွေးကောက်ပွဲနှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့သည်။
“ငွေချေးခြင်း၊ မချေးခြင်းက အဓိကအကြောင်းတရားမဟုတ်ဘူးဗျ။ ကျွန်တော်က ကျွန်တော့်မဲဆန္ဒနယ်ထဲမှာရှိတဲ့ ပြည်သူတွေကို ဘယ်လိုကူညီပေးရမလဲဆိုတဲ့ စိတ်ပဲ ကျွန်တော့်မှာရှိတာ” ဟု ထိုအချိန်က Myanmar Now ကို ဖြေကြားခဲ့သည်။



