သတင်း

အာဏာသိမ်းပြီး နှစ်လအတွင်း ကျပ်ငွေတန်ဖိုး ၂၀ ရာခိုင်နှုန်းခန့် ကျဆင်း

စစ်တပ်က အာဏာသိမ်းယူခဲသည့် နှစ်လအတွင်း မြန်မာကျပ်ငွေတန်ဖိုး ၁၈ ရာခိုင်နှုန်းကျော်ကျဆင်းသွားပြီး ဧပြီ ၂ ရက် ​​​ငွေ​ကြေး​ဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၁,၆၀၀ ခန့်အထိ ဈေးပေါက်ခဲ့ကြောင်း ငွေလဲလှယ်ရေး လုပ်ငန်းရှင်များက ပြောသည်။

စစ်တပ်အာဏာ မသိမ်းခင် ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်တွင် အမေရိကန် ၁ ဒေါ်လာကို ၁,၃၃၆ ကျပ်သာ ပေါက်ဈေးရှိခဲ့သော်လည်း အာဏာသိမ်းပြီးနှစ်လအကြာ ဧပြီ ၂ ရက်တွင် ၁,၅၈၀ ကျပ် ဝန်းကျင်အထိ မြင့်တက်လာခြင်း ဖြစ်သည်။ 

ထို​့ကြောင့် နှစ်လတာအတွင်း ၁ ​ဒေါ်လာလျှင် ၂၄၄ ကျပ် တန်ဖိုးတက်သွားပြီး၊ ကျပ်​ငွေတန်ဖိုးမှာ နှစ်လ အတွင်း ၁၈ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ရသည်။ အမေရိကန်ဒေါ်လာဈေးနည်းတူ အခြားနိုင်ငံခြားငွေ ကြေးများလည်း ဈေးနှုန်းမြင့်တက်လာပြီး ငွေလဲလှယ်​ရေး လုပ်ငန်းရှင်များက ဆိုသည်။

အာဏာမသိမ်းခင် စင်ကာပူ ၁ ဒေါ်လာ ၉၉၈ ကျပ်ပေါက်ဈေးရှိရခဲ့ရာမှ အာဏာသိမ်းပြီး နှစ်လအကြာ ဧပြီ ၂ ရက်တွင် ၁,၁၃၀ ကျပ်ခန့်သို့ မြင့်တက်လာ​ကြောင်း ငွေလဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
 

“ဈေးကွက်ထဲမှာ ဒေါ်လာက အမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတာ။ ဘဏ်တွေ ဒေါ်လာအရောင်းအဝယ် အလုပ်မဖြစ်တော့ ဟိုးအရင်တုန်းကလို မှောင်ခိုဈေးကွက်ပြန်ဖြစ်နေတယ်” ဟု ငွေလဲကောင်တာပိုင်ရှင် တစ်ဦးက ပြောသည်။

၂၀၁၈ စက်တင်ဘာလ ၂၄ ရက်တွင် ဈေးကစားမှုများကြောင့် ၁ ဒေါ်လာကို ၁,၆၄၀ အထိ တစ်ရက်တာ မြင့်တက်ခဲ့ဖူးသည်။ နောက်တစ်ရက်ဖြစ်သည့် စက်တင်ဘာ ၂၅ တွင် ၁ ဒေါ်လာကို ၁,၅၅၀ ကျပ်သို့ ပြန်လည် ကျဆင်းခဲ့သည်။ စစ်အာဏာသိမ်းပြီးနှစ်လအကြာတွင် အမေရိကန် ၁ ဒေါ်လျှင် မြန်မာကျပ်ငွေ ၁,၆၀၀ ခန့်အထိ ဖြစ်လာခြင်းမှာ နှစ်နှစ်ကျော်အတွင်း အမြင့်ဆုံးပင်ဖြစ်သည်။ 

အလားတူ ပြည်တွင်းရွှေဈေးလည်း အာဏာသိမ်းထားသည့် နှစ်လအတွင်း ကျပ် ခုနှစ်သောင်းကျော် မြင့်တက်ခဲ့သည်။ စစ်အာဏာမသိမ်းခင် ဇန်နဝါရီလကုန်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားသည် ကျပ် ၁၃ သိန်း​ကျော် (၁,၃၂၀,၀၀၀) ရှိခဲ့ရာမှ အာဏာသိမ်းပြီးနှစ်လအကြာ ဧပြီ ၂ ရက်တွင် ကျပ် ၁၄ သိန်းခန့် (၁,၃၉၁,၅၀၀ ) ပေါက်ဈေးရှိသည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ထုတ်ပြန်ထားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများအရ စစ်အာဏာသိမ်းထားသည့် နှစ်လအတွင်း နိုင်ငံ၏ ဒေါ်လာငွေလိုအပ်ချက်ကို ဖြည့်တင်းပေးမည့် မည်သည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမျှ ဝင်ရောက်ခြင်း မရှိခဲ့ပေ။ 

စစ်တပ်က အာဏာမသိမ်းမီ အရပ်သားအစိုးရလက်ထက် ဇန်နဝါရီလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ သန်း ၃၂၃ သန်း ဝင်ရောက်ခဲ့ပြီး ပြည်တွင်းရင်းနှီးမြှုပ်နှံမှုသည် ကျပ်ဘီလျံ ၉၀၀ နီးပါးရှိခဲ့သည်ဟု အဆိုပါဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

Show More

Related Articles

Back to top button