သတင်း

ရန်ကုန် မန္တလေးနှင့်မြို့ကြီးများတွင် ၂၀၀၈ ဖွဲ့စည်းပုံ မီးရှို့ဆန္ဒပြ

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ကြေညာပြီး နောက်တစ်ရက် (ဧပြီ ၁) တွင် ရန်ကုန်၊ မန္တလေး၊ မုံရွာနှင့် အခြားမြို့ကြီးများတွင်  စစ်ကောင်စီဆန့်ကျင်ဆန္ဒပြ ပြည်သူများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို မီးရှို့ဆန္ဒပြခဲ့ကြသည်။

ယနေ့ (ဧပြီ ၁) နံနက်ပိုင်းက ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကျောင်းသား၊ လူငယ်များ ဦးဆောင်ပြီး ရန်ကုန် တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်တွင် မီးရှို့ဆန္ဒပြခဲ့ကြရာ ကျောက်မြောင်းရပ်ကွက်နေ ပြည်သူများကလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

၂၀၀၈ စစ်ကျွန်အခြေခံဥပဒေမှာ လူသတ်လက်နက်များ ကိုင်စွဲထားသည့် အာဏာရူးလူတစ်စုအတွက် ရည်ရွယ် ရေးဆွဲထားခြင်းဖြစ်၍ ဖျက်သိမ်းကြောင်းကြေညာပြီး ပြည်သူများလည်း ပူးပေါင်းပါဝင်ကြရန် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က ပြောသည်။

“ဒီနေ့မှာ ကျွန်တော်တို့ပြည်သူတွေ ကျောင်းသားတွေအားလုံးအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လမ်းမကြီး၊ လမ်းမငယ်တွေ အားလုံးပေါ်မှာ မီးပုံရှို့ပြီးတော့ ဖျက်သိမ်းကြောင်းကြေညာမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရန် ရည်ရွယ်ရေးသားထားပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အဟန့်အတားပြုနေကြောင်း ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ယမန်နေ့ ( မတ် ၃၁) က ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းကြောင်း ကြေညာချက်ထွက်ပေါ်ပြီးနောက်တွင် ရန်ကုန်မြို့ခံပြည်သူများကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မီးရှို့ဆန္ဒပြခဲ့ကြသည်။

ရန်ကုန်တက္ကသိုလ်အနီးရှိ အင်းလျားကန်ပေါင်တွင်လည်း ရန်ကုန်ဒေသခံ လူငယ်များက ၂၀၀၈ အခြေခံဥပဒေ ကို ယနေ့ (ဧပြီ ၁) နံနက်ပိုင်းက မီးရှို့ ဆန္ဒပြခဲ့ကြသည်။

“CRPH ကိုယ်တိုင်ရော NLD ကိုယ်တိုင်ရော စစ်တပ်ကိုယ်တိုင်ရော ဒီ ၂၀၀၈ အောက်ကို ပြန်ဝင်ဖို့ ကြိုးစားမှာ စိုးရိမ်တယ်လေ အဲဒါကြောင့်ပါ” မီးရှို့ဆန္ဒပြပွဲတွင် ပါဝင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

မန္တလေးမြို့၊  ၄၅-၄၆ လမ်း မနော်ရဟရီလမ်းနှင့် အမရပူရမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ၂၀၀၈ ဖွဲ့စည်းပုံကို ယနေ့ နံနက်ပိုင်းက မီးရှို့ ဆန္ဒပြခဲ့ကြသည်။

“၂၀၀၈ ကြောင့် စစ်အုပ်စုက သက်ဆိုးရှည်နေတာပါ။ အဲဒီစာအုပ်ကို ကန့်ကွက်ဆန္ဒပြခဲ့တာ ကြာပါပြီ ။ ကျွန်တော်တို့အနေနဲ့က အဲဒီစာအုပ်ကို မီးရှို့ဆန္ဒပြ၊ ခြေနဲ့နင်းတာတွေ လုပ်လာခဲ့ကြတာ ဟိုးအရင်ကတည်းကပါ။ အခု ဒီနေ့ကတော့ CRPH ကနေ၂၀၀၈ ကို ဖျက်သိမ်းကြောင်းကြေညာခဲ့တာကို ကြိုဆိုတဲ့အနေနဲ့ မီးရှို့ခဲ့ကြတာပါ” ဗကသအဖွဲ့ချုပ်က ကိုမြတ်သူက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ယခင်စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်သည့် စစ်အစိုးရကာလက ၂၀၀၈ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ပြည်သူသိန်းနှင့်ချီ သေဆုံးချိန်တွင် အတင်းအဓမ္မ လူထုဆန္ဒခံယူပွဲကျင်းပကာ အတည်ပြုခဲ့သဖြင့် နာဂစ်အခြေခံဥပဒေဟု ပြည်သူများက ခေါ်ဝေါ်ကြသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်သူ့အစိုးရ ပေါ်ထွန်းရေးရည်ရွယ်ချက်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်တစ်ခုကိုလည်း ယမန်နေ့ (မတ် ၃၁) ညပိုင်းတွင် CRPH က ထုတ်ပြန်ခဲ့သည်။

Show More

Related Articles

Back to top button