သတင်း

NLD ပါတီဝင်သာ ဝန်ကြီးချုပ်ဖြစ်မည်ကို ရခိုင်ပါတီများ မလိုလား 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဝင်များသာ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်မည်ကို မလိုလားကြောင်း ရခိုင်နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ဆိုသည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များသည် NLD ပါတီဝင်များသာ ဖြစ်နိုင်ကြောင်း NLD ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ယမန်နေ့ (ဇန်နဝါရီ ၂၁) တွင် ပြောကြားချက်အပေါ် ရခိုင်နိုင်ငံရေးပါတီများက တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မည်သည့်ပါတီက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးကိုဖြစ်စေ ဝန်ကြီးချုပ်ခန့်အပ်နိုင်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောသည်။

“နိုင်ငံတော်သမ္မတသည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးဆိုတာမှာ မိမိကိုယ်စားပြုသော၊ မိမိအနိုင်ရရှိသော ပါတီဖြစ်သောလို့ ပါတာမဟုတ်ဘူး။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးကို ပေးရမယ်ဆိုတာ ကိုယ့်ပါတီက လူကိုမှ ပေးရမယ်လို့ မပါဘူး” ဟု ဒေါ်အေးနုစိန်က Myanmar Now ကို ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ (ခ) အရ နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်း (သို့မဟုတ်) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထဲက သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ရမည်ဟု ပါရှိသည်။

ရခိုင်ပြည်သူအများစု၏ ဆန္ဒကို အလေးထားသောအားဖြင့် ဒီမိုကရေစီစံချိန်စံညွှန်းအရ ပြည်နယ်တွင်း အများဆုံးအနိုင်ရရှိသည့်ပါတီ (ANP) ကို ဝန်ကြီးချုပ်ရာထူး ပေးသင့်သည်ဟုလည်း ဒေါ်အေးနုစိန်က ဆိုသည်။ 

ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ANP သည် ပြည်နယ်လွှတ်တော်တွင် ၇ နေရာဖြင့် ရခိုင်ပြည်နယ်၌ အများဆုံးအနိုင်ရရှိခဲ့ကာ NLD သည် ၅ နေရာဖြင့် ဒုတိယအများဆုံးအနိုင်ရရှိခဲ့သည်။

NLD သည် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပူးပေါင်းပါဝင်ရန်ဟုဆိုကာ တိုင်းရင်းသားပါတီအချို့နှင့် တွေ့ဆုံနေသော်လည်း ရခိုင်အမျိုးသားပါတီ (ANP) နှင့် တွေ့ဆုံခြင်း မရှိသေးပေ။

ယင်းကိစ္စနှင့်ပတ်သက်ပြီး NLD ဘက်က တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိသေးသော်လည်း ANP အနေဖြင့် တွေ့ဆုံဖြစ်လျှင် ဆွေးနွေးနိုင်ရန်အတွက် မူဝါဒများချမှတ်ထားပြီး ပြည်နယ်အစိုးရဖွဲ့စည်းရေးကို အဓိကဆွေးနွေးရန် ပြင်ဆင်ထားသည်ဟု ဒေါ်အေးနုစိန်က ပြောသည်။

အလားတူ ရခိုင့်ဦးဆောင်ပါတီ (AFP) အနေဖြင့်လည်း ပြည်နယ်ဝန်ကြီးချုပ်ရာထူးကို သက်ဆိုင်ရာ တိုင်းရင်းသားဒေသများကသာ စီမံခန့်ခွဲရမည်ဟု ခံယူထားပြီး NLD အစိုးရ၏ မိမိပါတီဝင်ကို ဝန်ကြီးချုပ်ခန့်အပ်ရေးမူကို လက်မခံပေ။

၂၀၀၈ ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်ကို သမ္မတက တိုက်ရိုက်ခန့်အပ်ခွင့်ပေးထားစေကာမူ ပြည်နယ်လွှတ်တော်က ရွေးချယ်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးကို သမ္မတက ဝန်ကြီးချုပ်ခန့်အပ်ရန် လိုလားကြောင်း AFP ပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇောဦးက ပြောသည်။

ထို့ကြောင့် အများသဘောတူသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ပြည်နယ်လွှတ်တော်တွင် ရွေးချယ်ကာ ယင်းကိုယ်စားလှယ်ကို သမ္မတက ဝန်ကြီးချုပ်အဖြစ် ခန့်အပ်နိုင်သည်ဟု ဦးကျော်ဇောဦးက ဆက်ပြောသည်။

“အဲဒီလိုဆိုရင်တော့ NLD အစိုးရဟာ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကို လိုလားတယ်ဆိုတာကို ပြသရာရောက်မယ်။ အခု နိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတာကလည်း ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် မဖြစ်နိုင်လို့၊ တိုင်းရင်းသားတွေရဲ့ နဂိုရပိုင်ခွင့်အကျိုးခံစားခွင့်တွေ မရလို့ ပြည်တွင်းစစ်ဖြစ်နေရတာ”ဟု ၎င်းက ဆိုသည်။

ANP အပြင် ပြည်နယ်လွှတ်တော်တွင် AFP ပါတီသည် ၂ နေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သည် ၁ နေရာ အနိုင်ရရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ANP သည် ပြည်နယ်တွင်း မဲအများဆုံးအနိုင်ရရှိခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်ရာထူးကို တောင်းဆိုခဲ့သော်လည်း ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ခွင့်မရသောကြောင့် ငါးနှစ်တာကာလကို အတိုက်အခံအဖြစ် ရပ်တည်ခဲ့သည်။

ထို့ကြောင့် NLD ဦးဆောင်သော ပြည်နယ်အစိုးရနှင့် ANP ဦးဆောင်သော ပြည်နယ်လွှတ်တော်သည် လွှတ်တော်တွင်း မကြာခဏပွတ်တိုက်မှုများဖြစ်ပေါ်ခဲ့ပြီး လွှတ်တော်က ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးကို စွပ်စွဲပြစ်တင်ကာ ဖြုတ်ချသည်အထိ ဖြစ်ပေါ်ခဲ့သည်။

တတိယအကြိမ်လွှတ်တော်ကို လာမည့် ဖေဖော်ဝါရီ ၉ တွင် စတင်မည်ဖြစ်ပြီး ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၅ ဦးရှိမည်ဖြစ်သည်။ ယင်းလွှတ်တော်တွင် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများကို ရွေးချယ်ကြမည်ဖြစ်သည်။

Show More

Related Articles

Back to top button